လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းတွင် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက ကားပါကင်နေရာ လုရင်း စကားများ ရန်ဖြစ်ကြရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်း၊ တိုက်အမှတ် -၅၆၊ လေးလွှာနေ ဦးစိုးလှိုင်၏သား နှင့် ခြောက်လွှာနေ ဦးထွန်းထွန်းမိုးတို့လင်မယား ကားပါကင်လုရာမှ စကားများ ရန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ စကားများ ရန်ဖြစ်နေမှုအပေါ် ဦးစိုးလှိုင်မှ ဝင်ရောက်ဖျန်ဖြေစဉ် ဦးထွန်းထွန်းမိုးမှ ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“ဦးစိုးလှိုင်က သူသားနဲ့ ဦးထွန်းထွန်းမိုးတို့ စကားများ ရန်ဖြစ်နေတာကို ဝင်ရောက်ဖျန်ဖြေနေတာ။ အဲလိုဖျန်ဖြေနေတုန်း ဦးထွန်းထွန်းမိုးက ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာ။ သူမိန်းမပါ ထွက်ပြေးသွားတယ်”ဟု အခင်းဖြစ်ပွားခဲ့သည့် လမ်းမတော် လှည်းတန်းနေ အမျိုးသားတစ်ဦးကပြောသည်။
ထိုသို့ဓားဖြင့် အထိုးခံရမှုကြောင့် ဦးစိုးလှိုင်အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ရာတွင် လမ်း၌ပင် သေဆုံးသွားကြောင်း သိရသည်။
“တရားခံကိုတော့ ဖမ်းမမိလိုက်ဘူး။ အခင်းဖြစ်ပွားပြီးတာနဲ့ လင်မယားနှစ်ယောက်လုံး ထွက်ပြေးသွားတယ်။ ဦးစိုးလှိုင်ကတော့ ဓားဒဏ်ရာနဲ့ပဲ ဆေးရုံကိုပို့စဉ် လမ်းမှာပဲ ဆုံးသွားတယ်။ သူ့ ချွေးမလည်း ထိခိုက်ဒဏ်ရာတချို့ ရတယ်။တရားခံတွေကို အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်သွားမှာပါ”ဟု လမ်းမတော်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့ ဓားဖြင့်ထိုး၍ ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံ ဦးထွန်းထွန်းမိုးအား လမ်းမတော်မြို့မရဲစခန်းမှ ပုဒ်မ-၃၀၂၊ ၃၂၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။















