ပြည်တွင်း၌ ကားထုတ်လုပ်နိုင်ရန် ကာလလတ် ရည်မှန်းချက် ထည့်သွင်းထားသည့် အမျိုးသားမော်တော်ယာဉ် မူဝါဒကို ရေးဆွဲလျက်ရှိကြောင်း စက်မှုဒုဝန်ကြီး ဦးမျိုးအောင် ပြောကြား

ပြည်တွင်း၌ ကားထုတ်လုပ်နိုင်ရန် ကာလလတ် ရည်မှန်းချက် ထည့်သွင်းထားသည့် အမျိုးသားမော်တော်ယာဉ် မူဝါဒကို ရေးဆွဲလျက်ရှိကြောင်း စက်မှုဒုဝန်ကြီး ဦးမျိုးအောင် ပြောကြား
Published 16 December 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြည်တွင်း၌ ကားထုတ်လုပ်နိုင်ရန် ကာလလတ် ရည်မှန်းချက် ထားရှိကာ ထည့်သွင်းထားသည့် အမျိုးသားမော်တော်ယာဉ် မူဝါဒကို ရေးဆွဲလျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမျိုးအောင်က ပြောကြားသည်။ဒီဇင်ဘာ ၁၆ ရက်က ပြည်သူ့လွှတ်တော်တွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးမြင့်စိုး၏ နိုင်ငံတကာမှ မော်တော်ယာဉ် ထုတ်လုပ်ရေးများကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံပါလျှင် ပြည်သူများ ဈေးနှုန်းချိုသာစွာ ကားသစ်များ စီးလာနိုင်မည်ဖြစ်၍ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဒုဝန်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ ရေးဆွဲလျက်ရှိသည့် မူဝါဒတွင် မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းပြမြေပုံဖြင့် မော်တော်ယာဉ်ဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်ခြင်းကို ကာလတို ရည်မှန်းချက်ဖြင့် လည်းကောင်း၊ ပြည်တွင်း ထုတ်လုပ်မှုကို ကာလလတ် ရည်မှန်းချက်ဖြင့် လည်းကောင်း ထည့်သွင်းရေးဆွဲထားပြီး ကာလရှည် ရည်မှန်းချက်အဖြစ် Supply Chain တွင် ပါဝင်လာနိုင်ပြီး မော်တော်ယာဉ်နှင့် မော်တော်ယာဉ် အစိတ်အပိုင်းများအား ပြည်ပသို့ တင်ပို့ရောင်းချခြင်းကို ထည့်သွင်းရေးဆွဲထားကြောင်း ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။ထို့ပြင် မော်တော်ယာဉ်ဆိုင်ရာ ပြဿနာ များဖြစ်သည့် တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ဘယ်မောင်း/ညာမောင်း သတ်မှတ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လောင်စာဆီ အသုံးပြုရေး၊ လမ်းလျှောက်သူများ ဘေးကင်းရေး၊ ယာဉ်လမ်းကြောင်းဆိုင်ရာ အခြေခံ အဆောက်အအုံနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရေး၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေး စသည့် အချက်များ ပါဝင်ကြောင်းလည်း စက်မှု ဒုဝန်ကြီး ဦးမျိုးအောင်က ပြောကြားသည်။အဆိုပါ ရည်မှန်းချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများထံသို့ သဘောထားမှတ်ချက် တောင်းခံထားဆဲဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့် ပြည်တွင်း၌ ကားသစ်များ ထုတ်လုပ်ရန် ဖြစ်သည့်အတွက် လုပ်ငန်း အစီအမံများ (Supporting Industry ထူထောင်ရန်)၊ စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များ ချမှတ်ပေးခြင်း အပါအဝင် သဘောထား ငါးချက်ဖြင့် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်သို့ သဘောထားမှတ်ချက် ပေးပို့ထားကြောင်း ဦးမျိုးအောင်က ပြောကြားသည်။အဆိုပါ အမျိုးသား မော်တော်ယာဉ် မူဝါဒကို ရေးဆွဲနိုင်ရန်အတွက် မူဝါဒ ရေးဆွဲရေး Task Force ကို ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဦးဆောင်၍ စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ စီမံ/စီးပွား ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဖြန့်ဖြူး ရောင်းချသူများ အသင်းနှင့် ကိုရီးယား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေး အေဂျင်စီတို့မှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent