အစိုးရနှင့် NCA တွင် လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ညှိနှိုင်းမှု ဆက်လက်တည်ရှိရေးကို (၁၁) ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖိုရမ်တွင် ဆွေးနွေးမည်

အစိုးရနှင့် NCA တွင် လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ညှိနှိုင်းမှု ဆက်လက်တည်ရှိရေးကို (၁၁) ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖိုရမ်တွင် ဆွေးနွေးမည်
Published 16 December 2015
အောင်ဇော်ထွန်း

(၁၁) ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး ဖိုရမ်ကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်ပြီး ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ကျင်းပလျက်ရှိရာ ဖိုရမ် ဒုတိယနေ့တွင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှု ဆက်လက်တည်ရှိရေး ကိစ္စကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖိုရမ်လုပ်ငန်း ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးရန်ကျော်၏ ပြောကြားချက်အရ သိရသည်။အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး ဖိုရမ်ကို ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ စီးပွားရေး၊ သဘာ၀ ဝန်းကျင်ဆိုင်ရာများ၊ ကျားမရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ဖိုရမ် ပထမနေ့တွင် ဆွေးနွေးခဲ့မှုများနှင့် ပတ်သက်ပြီး ဦးရန်ကျော်က “လက်ရှိ နောက်ဆုံး ဖြစ်ပေါ်လျက်ရှိတဲ့ ငြိမ်းချမ်းရေးပြောင်းလဲမှု အခြေအနေများ အပေါ်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ဆွေးနွေးတင်ပြတဲ့ ခေါင်းစဉ်ကြီးတစ်ခု ရှိပါတယ်။ နောက်တစ်ခုက Joint Monitoring Committee ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ ခေါင်းစဉ်ကြီး တစ်ခု ရှိပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ဆက်နွှယ်တဲ့ဟာပေါ့။ နောက်တစ်ခုကတော့ သန်းခေါင်စာရင်းနဲ့ ပတ်သက်တာတစ်ခု ဒီနေ့ ခေါင်းစဉ်ကြီး သုံးခုကို ကျွန်တော်တို့ ဆွေးနွေးပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ ၎င်းက “မနက်ဖြန်ခါ ကျရင်တော့ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်။ နောက်တစ်ခါ နိုင်ငံရေး ဆွေးနွေးပွဲမှာ အရပ်ဘက် အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ရှိတယ်။ အဓိက ခေါင်းစဉ်ကြီး ဒီနှစ်ခုရယ်။ နောက်တစ်ခါ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရအကြား ဆွေးနွေးမှု ဆက်လက်တည်ရှိရေး ကိစ္စရယ် ခေါင်းစဉ်ကြီး သုံးခု ရှိပါတယ်” ဟု ဒီဇင်ဘာ ၁၆ ရက်က ပြောကြားသည်။အဆိုပါဖိုရမ် တာဝန်ရှိသူများ အနေဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့မှ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလွန် ကာလတွင် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် အာမခံချက်များပေးရန် တောင်းဆိုခဲ့ဖူးသည်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူလူထု အနေဖြင့် စိုးရိမ်ကြောက်ရွံ့မှုကင်းစွာ ပါဝင်နိုင်ရေးအတွက် မတရားအသင်း ပုဒ်မ ၁၇ (၁) ကဲ့သို့သော ဥပဒေများမှ ကင်းလွတ်ခွင့်ပြုနိုင်ရန် အစိုးရမှ သင့်လျော်သည့် နည်းလမ်းများဖြင့် အာမခံချက် ပေးရန်ကိစ္စ၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသော စစ်ဘေးဒုက္ခသည်များ၏ မူလနေရင်းဒေသမှ မြေယာများအား သိမ်းဆည်းခြင်း၊ ရောင်းချခြင်း မပြုလုပ်ရန် ကိစ္စနှင့် ငြိမ်းချမ်းရေး မရမီ ပဋိပက္ခ ဖြစ်ပွားရာနှင့် ဆက်စပ် ဒေသများတွင် လုပ်ငန်းကန်ထရိုက်သစ်များ စာချုပ်ချုပ်ဆိုခြင်း မပြုရန် ကိစ္စတို့နှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံသို့ တင်ပြတောင်းဆိုထားကြောင်း သိရသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် နှစ်ဖက် သဘောတူညီချက်များနှင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များကို တိကျစွာ လိုက်နာကြရန်နှင့် နှစ်ဖက် စစ်တပ်များက ပြည်သူလူထု၏ ပိုင်ဆိုင်မှုများကို အလွဲသုံးစားပြုခြင်း၊ အနိုင်ကျင့် ညှဉ်းပန်း နှိပ်စက်ခြင်းများနှင့် ပတ်သက်ပြီး ကျူးလွန်သူများကို အရပ်ဘက် တရားရုံးများတွင် ပွင့်လင်းမြင်သာစွာ အရေးယူ စီရင်ပေးရန်တို့ကိုလည်း လူမှုအဖွဲ့အစည်းများက တောင်းဆိုထားသည်။ထို့ပြင် ပြည်တွင်းရွှေ့ပြောင်း ပြည်သူများအား လူသားချင်း စာနာထောက်ထားသော အကူအညီများ ထောက်ပံ့ပေးရာတွင် ဒေသခံ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ အခြား အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများအား နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ရန်နှင့် မီဒီယာများအား လွတ်လပ်စွာ သတင်းယူခွင့်ပေးရန် အတွက်လည်း တောင်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent