၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ တိုင်းရင်းသားမျိုးနွယ်စု စာရင်းကို ၂၀၁၆ ခုနှစ် မတ်မတိုင်မီ ထုတ်ပြန်ပေးရန်ရှိပြီး လက်ရှိလူမျိုးစု ၁၃၅ မျိုး အရေအတွက်မှာ အပြောင်းအလဲ ရှိနိုင်ဟုဆို

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ တိုင်းရင်းသားမျိုးနွယ်စု စာရင်းကို ၂၀၁၆ ခုနှစ် မတ်မတိုင်မီ ထုတ်ပြန်ပေးရန်ရှိပြီး လက်ရှိလူမျိုးစု ၁၃၅ မျိုး အရေအတွက်မှာ အပြောင်းအလဲ ရှိနိုင်ဟုဆို
Published 16 December 2015

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ တိုင်းရင်းသားမျိုးနွယ်စု စာရင်းကို ၂၀၁၆ ခုနှစ် မတ်လမတိုင်မီ ထုတ်ပြန်ပေးရန်ရှိပြီး လက်ရှိလူမျိုးစု ၁၃၅ မျိုး အရေအတွက်မှာ အပြောင်းအလဲ ရှိနိုင်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အေးချမ်းမြန်မာ အင်စတီကျု  (GDI) တွင်၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကော်မတီ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။ချင်းလူမျိုးကို ၅၃ မျိုးဟု ရေတွက်သတ်မှတ် အသုံးပြုနေခြင်းသည် မှားယွင်းကြောင်းနှင့် ကော်မတီ၏ ပဏာမ လေ့လာတွေ့ရှိချက်များအရ အမျိုးအမည် ၅၃ ခုအနက် ချင်းမျိုးနွယ်စုများအဖြစ် ၃၆ မျိုးကို ရေတွက်နိုင်ခဲ့ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။ဆလိုင်းအိုက်ဇက်ခင်က “ဒီ ၂၀၁၄ သန်းခေါင်စာရင်း အစီရင်ခံစာ ထုတ်တဲ့အခါ အားလုံး သိတဲ့အတိုင်း လေးခု ချန်ထားခဲ့တယ်။ အလုပ်အကိုင်ရယ်၊ အလုပ်အမျိုးအစားရယ်။ ဒါကတော့ အချိန်မီ မထုတ်နိုင်လို့ပေါ့။ ဒါက ဘာမှမဖြစ်ဘူး။ ဘာသာရေး ဘာသာဝင် စာရင်းရယ်၊ နောက်ပြီး တိုင်းရင်းသားမျိုးနွယ်စု စာရင်းရယ်။ ဒါက နိုင်ငံရေး အကြောင်းပြချက် တစ်စုံတစ်ရာ ဖြစ်မှာစိုးလို့ သက်သက်ကို ချန်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒါက ၂၀၁၆ နှစ်ဆန်းပိုင်းပေါ့ မတ်လမတိုင်ခင်မှာ ထုတ်ပြန်ပေးဖို့ ရှိတယ်။ အဲဒီမတိုင်ခင် ကျွန်တော်တို့က ဒီလုပ်ငန်းစဉ်ကို သွားနေတာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ တွေ့ရှိချက်အပေါ်မှာ သန်းခေါင်စာရင်း ကော်မရှင် အနေနဲ့ ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။ နှစ်ပိုင်းရှိတာပေါ့။ Data က နှစ်ခုထွက်မှာပေါ့။ သန်းခေါင်စာရင်း မကောက်ခင် ရှိတာက ၁၃၅ မျိုး၊ သန်းခေါင်စာရင်း ကောက်ပြီးတဲ့အခါ နောက်ထပ် အချက်အလက်တစ်ခု ထွက်လာမှာ” ဟု ဆိုသည်။“ကော်မတီက ဘာဖြစ်စေချင်သလဲဆိုရင် ချင်းလို့ပြောရင် ၅၃ လို့ပြောနေတဲ့ကိစ္စ မမှန်ဘူးဆိုတာ တရားဝင်ပြောတာ ဖြစ်ပါတယ်။ ချင်း ၅၃ မျိုး မမှန်ဘူးလို့ ပြောလိုက်ရင် ၁၃၅ မျိုးဆိုတာလည်း မမှန်ဘူးဆိုတာကို ထပ်ပြီးတော့ တွေးစေချင်တာ ဖြစ်ပါတယ်။ ရေးနေတာ ပြောနေတာက မြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုး ရှိပါတယ်လို့ပြောရင် မမှန်ဘူး ဆိုတာကို သွယ်ဝိုက်ပြီး ပြောတာ ဖြစ်ပါတယ်။ ကော်မတီ ဖြစ်ချင်တာသည် ချင်းက ၅၃ မျိုး မဟုတ်ဘူး။ ထပ်မံပြီး ရေးသားသုံးစွဲတာ မလုပ်ပေးဖို့ အသိပေးတာ ဖြစ်ပါတယ်။ ၁၃၅ လို့ ပြောလိုက်တိုင်းလည်း ဒါသည် မှားနေတယ် ဆိုတာကို သွယ်ဝိုက်ပြီးတော့ ပြောနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ချင်းမျိုးနွယ်စု ၃၆ မျိုး ရေတွက်နိုင်ခဲ့မှု ပဏာမ တွေ့ရှိချက်များကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပမည့် သန်းခေါင်စာရင်း အမျိုးသားအဆင့် အကြံပေးကော်မတီ အစည်းအဝေး၌ တင်ပြသွားမည်ဟုလည်း ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။ချင်းအပါအဝင် လူမျိုးစု အရေအတွက် ကိစ္စကို သက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ပညာရှင်များ ဆွေးနွေးရမည်ဖြစ်ကြောင်း၊ လူမျိုးစု အရေအတွက် အပြောင်းအလဲ ကိစ္စမှာ ဆွေးနွေးချက်အပေါ် မူတည်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။ဒေါ်ခိုင်ခိုင်စိုးက “ထုတ်ပြန်တဲ့ အချိန်ကျရင် ချင်းလူမျိုးတွေကပဲ စဉ်းစားဆုံးဖြတ်ပြီး ဆောင်ရွက်မှာပါ။ သူတို့ ညှိနှိုင်းဆွေးနွေးပြီးတော့မှ အဲဒီ ထွက်လာတဲ့ ရလဒ်အပေါ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆွေးနွေးမှာပါ။ ကျွန်မတို့က စာရင်းပဲ ကောက်ပေးပြီး ရတဲ့ စာရင်းကို အပ်မှာပါ။ မှန်၏ မှား၏သည် ဒီတိုင်းရင်းသားခေါင်းဆောင်တွေကပဲ သိမှာပါ။ တကယ်တမ်း ချင်းသည် ဘယ်နှမျိုး ရှိတယ်ဆိုတာ ဆွေးနွေးရမှာက သူတို့ သက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေပဲ ဆွေးနွေးရမှာပါ” ဟု ပြောကြားသည်။၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ၂၀၁၄ ခုနှစ် ဧပြီ ၁၀ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ယူမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent