မိုင်းရှူးမြို့နယ် တာဆန်းပူးနှင့် ကုန်းနိမ်တောင်ပေါ်ရွာများတွင် တိုင်းရင်းသားများ နေအိမ်တွင် ပြန်လည်နေထိုင်ခွင့် မရသဖြင့် စစ်ဘေးဒုက္ခသည် စခန်းများတွင် လူဦးရေ ထပ်မံတိုးလာ

မိုင်းရှူးမြို့နယ် တာဆန်းပူးနှင့် ကုန်းနိမ်တောင်ပေါ်ရွာများတွင် တိုင်းရင်းသားများ နေအိမ်တွင် ပြန်လည်နေထိုင်ခွင့် မရသဖြင့် စစ်ဘေးဒုက္ခသည် စခန်းများတွင် လူဦးရေ ထပ်မံတိုးလာ
Published 16 December 2015
စည်သာ (တောင်ကြီး)

မိုင်းရှူးမြို့နယ်တွင်းရှိ ဟိုက်ပါကျေးရွာအုပ်စု၊ နမ့်ပါဖူးနှင့် ကုန်းနိမ်ရွာများသို့ ဟိုက်ပါစခန်းမှ ဒုက္ခသည် တိုင်းရင်းသားတို့သည် မိမိတို့ နေရပ်များသို့ ပြန်လည်နေထိုင်သော်လည်း ပြန်နေခွင့် မပေးဘဲ မောင်းထုတ်သဖြင့် ဟိုက်ပါစခန်းသို့သာ ပြန်လာနေထိုင်ကြရသဖြင့် ဟိုက်ပါနှင့် ဝမ်ဝစခန်းတို့တွင် ဒုက္ခသည်များ ထပ်မံတိုးလာပြန်ကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် စခန်း တာဝန်ခံများထံမှ သတင်းရရှိသည်။“ဟိုက်ပါမှာ အခုက နတ်တော်လဆန်း ၃ ရက်မှာ ဒီဇင်ဘာ ၁၄ ရက်က ပလောင်တွေ အားလုံးကို ရွာအနောက်ဘက်မှာ အားလုံးကို ရွှေ့ပြီးပြီလေ။ အခုက နေရာရွှေ့နေပြီလေ။ ကုန်းနိမ်က ပလောင်အိမ်ခြေ ၁၀၀၊ နမ့်ပါဖူး ပလောင်အိမ်ခြေက ၆၀၊ လီရှောက ၂၈ အိမ်၊ တိုင်းရင်းသား တစ်အိမ်ကို ၂၅ ပေ ပတ်လည်ပေါ့။ ရပ်မိရပ်ဖတွေနဲ့ တိုင်းတာပြီး နေရာချထားပေး ရွှေ့ပေးတယ်။ အခုက အိမ်ခြေပဲ သိသေးတယ်။ လူဦးရေ စာရင်းက အခုမှ ပြန်ကောက်နေတာ မသိရသေးဘူး။ အရင်ကတော့ ၁၅၀၀ ကျော်တယ်လေ” ဟု ဟိုက်ပါစခန်း တာဝန်ခံ ဦးဖိုးအောင်က ပြောကြားသည်။“အခု မိုင်းရှူးမှာ လွန်ခဲ့တဲ့ ၂ ရက်က ဟိုက်ပါ စစ်ဘေးရှောင်မှာ ပြန်မရသေးဘူး။ မိုင်းရှူးမြို့ပေါ်ကတော့ ရှမ်းတွေ ပြန်သွားပြီ။ ကျန်တာတော့ လားဟူနဲ့ လီဆူးပဲ ကျန်တယ်။ ရှမ်းတွေကတော့ ဝမ်ဆော့ရွာကို ပြန်သွားကြပြီ။ ပြီးခဲ့တဲ့ ၂ ရက်က ဟိုက်ပါစခန်းမှာ ကုန်းနိမ်နဲ့ နမ့်ပါဖူးမှာ သူတို့ ပြန်ချင်နေတယ်။ ဦးဇင်းတစ်ပါးက ဦးဆောင်ပြီး ပြန်သွားတာ။ ကုန်းနိမ်ဆိုတဲ့ ရွာမှာ အစိုးရ ဘက်ကတော့ မင်းတို့ကို ဘယ်သူ လာခိုင်းလဲ။ မခေါ်ဘဲနဲ့ မလာနဲ့ဦးပေါ့။ မင်းတို့ လာတဲ့နေရာကနေ ပြန်သွားကြစမ်း။ နောက် နှစ်လလောက်နေမှပဲ ငါတို့ခေါ်မှ ပြန်လာရမယ်လို့ ပြောတယ်။ တချို့ကလည်း သေနတ်နဲ့ ခြောက်တဲ့ သဘောနဲ့ မိုးပေါ်ထောင်ပစ်တယ်။ လူထုကလည်း မတတ်သာလို့ ဟိုက်ပါ စစ်ဘေးရှောင် စခန်းကို ပြန်ရောက်လာတယ်။ ဟိုက်ပါမှာ အခုက ကျေးရွာကော်မတီက ဆုံးဖြတ်ထားတယ်။ အကျယ် ဘယ်လောက်ဆိုပြီးတော့ တစ်ကွက်ဆီ ပြန်လည်ထူထောင်ရေး ပြန်လုပ်ပေးနေတယ်။ အိမ်ခြေ ၂၀၀ နီးနီး ရှိနေတယ်။ ဟိုက်ပါမှာ ၁၆၀၀ နီးနီးလောက် ဖြစ်နေပြီ။ တာဆန်းဖူးကတော့ ခေါ်တယ်။ သူတို့ မသွားရဲသေးဘူး။ ဒီလိုပုံစံဆို မလွယ်ဘူးလေ။ ညှိတော့ ညှိနေတယ်တဲ့။ အသံတော့ မထွက်သေးဘူး။ လူထုတော့ ပြန်ကြည့်လိုက်တယ်။ နေလို့ မရသေးဘူး ပြန်လာတယ်။ ဝမ်ဝက ပြန်တာ မကြာသေးဘူး။ တဖြည်းဖြည်း များလာတယ်” ဟု မိုင်းရှူး ဒေသခံ နန်းကောဝ်ခမ်းနွန်က ပြောကြားသည်။“ဝမ်ဆော့မှာ တချို့တစ်ဝက်တော့ ပြန်နေထိုင်ကြပါပြီ။ ဟိုက်ပါမှာလည်း တော်တော်များများ ကျန်သေးတယ်။ ထောင်ကျော် ကျန်သေးတယ်။ ရွာထဲ ပေးမဝင်တာ ကြားတယ်။ တောင်ပေါ်ရွာပေ့ါဗျာ။ ပေးမနေဘူးတဲ့။ ဟိုက်ပါ အုပ်စုထဲကပေါ့။ နမ့်ပါဖူးနဲ့ ကုန်းနိမ်ရွာတွေပေါ့။ နေလို့ မရသေးဘူးပေါ့ဗျာ။ သူတို့ သွားလည်ကြည့်တယ်။ အဲဒီမှာ ရှိတဲ့ စစ်တပ်က မလာနဲ့လို့ ပြောတယ်” ဟု ဝမ်ဆော့ ရပ်မိရပ်ဖ လူကြီး ဦးဝင်းနိုင်က ပြောကြားသည်။“မိုင်းရှူးမှာလည်း ဒုက္ခသည် စခန်း ငါးနေရာ ရှိတယ်။ ဘုန်းကြီးကျောင်းက သုံးနေရာပေါ့။ ဒုက္ခသည်ပေါင်း တစ်ထောင်နီးပါးလောက်တော့ ကျန်သေးတယ်။ လီရှောနဲ့ လားဟူတွေ ကျန်သေးတယ်။ သုံးနေရာကို မျှပြီး နေနေတာလေ။ ကျွန်တော့်ဆီကိုတောင် တိုင်းရင်းသားတွေ ဆန်လာတောင်းနေတယ်လေ။ ကျွန်တော်က ပြောလိုက်တယ်။ ပြန်ရင် ပေးမယ်လို့နော်” ဟု မိုင်းရှူးဒေသခံ စိုင်းထွန်းထွန်းဦးက ပြောသည်။မိုင်းရှူးမြို့ပေါ်တွင် ဘုန်းကြီးကျောင်း သုံးကျောင်းအတွင်း နေထိုင်ပြီး၊ ကွင်းပြင်ကြီးတွင် ယာယီတဲတန်းရှည်များ ဆောက်လုပ်ကာ နေထိုင်ကြသည့် နေရာပေါင်း ငါးနေရာရှိပြီး၊ ဒုက္ခသည် စုစုပေါင်း ၁၀၀၀ နီးပါး ကျန်နေသေးကြောင်း ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းအထိ သတင်းရရှိသည်။       

Most Read

Most Recent