အာရဗီပြက္ခဒိန်ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၁၆ ရက်က လေးကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးခဲ့ရာ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည်။
အဆိုပါ ပြက္ခဒိန်ရိုက်နှိပ်ရန် ကျော်ပုံနှိပ်တိုက်တွင် လာရောက် အလုပ်အပ်နှံသူ ဦးအောင်ခင်ဆိုသူ နေထိုင်သည့် ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ဦးအောင်ခင်အား ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့နှင့် ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ သွားရောက် ဖမ်းဆီးစဉ်က သက်ဆိုင်ရာတာဝန်ရှိသူအနေဖြင့် ပါဝင်ခဲ့ခြင်းကြောင့် သက်သေအဖြစ် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထွက်ဆိုချက်များတွင် ဦးအောင်ခင်ဆိုသူမှာ ရွှေပြည်သာ ၁၉ ရပ်ကွက် ခွာညိုလမ်းတွင် အိမ်ငှားနေထိုင်သူ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးစဉ် ဦးအောင်ခင်ဆိုသူမှာ နေအိမ်တွင် ရှိမနေဘဲ ၎င်း၏ သမီးဖြစ်သူကိုသာ တွေ့ရှိကြောင်း၊ ၎င်း၏ သမီးဖြစ်သူက ဖခင်ဖြစ်သူ ဦးအောင်ခင်မှာ ခရီးထွက်သွားကြောင်း၊ ဘယ်အရပ်သို့ ခရီးထွက်သွားသည်ကို မသိရှိဟု ပြောကြားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထို့အပြင် ဦးအောင်ခင် နေအိမ်တွင်ရှိနေသူများသည် မူလ ငှားနေသည့်အိမ်မှ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြားရပ်ကွက်သို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်းလည်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးက ထွက်ဆိုခဲ့သည်။
ယင်းနောက် ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှ နယ်ထိန်းရဲတပ်ကြပ်ဆိုသူမှာ တာဝန်ကျနေသဖြင့် လိုက်ပါလာခြင်းမရှိသဖြင့် နောက်ရုံးချိန်းမှ စစ်ဆေးမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် တရားသူကြီးက ပြောကြားသည်။
ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် အပါအဝင် အမျိုးသားငါးဦးကို အာရဗီပြက္ခဒိန် ရိုက်နှိပ်မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက်က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ-၂၀ ဖြင့် ပုဇွန်တောင်မြို့နယ်ရဲ တပ်ဖွဲ့မှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့ရာ တစ်ဦးလျှင် ဒဏ်ငွေ ၁၀ သိန်းစီ ပေးဆောင်ရန်၊ ပျက်ကွက်ပါက ထောင်ဒဏ် နှစ်နှစ်ကျခံရမည်ဟု အမိ့န်ချခဲ့ရာ ၎င်းတို့ ငါးဦးစလုံး ငွေဒဏ်ပေးဆောင်ခဲ့ကြပြီး ဦးအောင်ခင်ကို တရားစွဲဆိုရန် ပြုလုပ်သော်လည်း ထိုအချိန်ကတည်းက ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။
ယင်းနောက် နိုဝင်ဘာ ၂၄ ရက်တွင် ကျော်ပုံနှိပ်တိုက် ပိုင်ရှင် ဦးကျော်ကျော်၊ မန်နေဂျာ ဦးရဲသူအောင်၊ အလုပ်သမားများ ဖြစ်သော ဦးဝင်းနိုင်၊ ဦးဇော်မင်းဦး၊ ဦးဝင်းထွေးတို့ ငါးဦးနှင့် ပြက္ခဒိန်ရိုက်နှိပ်ရန် အလုပ်အပ်သည့် ဦးအောင်ခင် ဆိုသူတို့ကို ပုဒ်မ-၅၀၅(ခ) ဖြင့် ပုဇွန်တောင်မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးခင်မောင်လတ်က တရားလိုပြုလုပ်၍ ထပ်မံတရားစွဲဆိုထားခြင်း ဖြစ်သည်။
အဆိုပါအမှု ငါးကြိမ်မြောက်ရုံးချိန်းကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီသို့ ပြန်လည်ချိန်းဆိုခဲ့သည်။
အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှု လေးကြိမ်မြောက် ရုံးချိန်းတွင် ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးက သက်သေလာရောက်ထွက်ဆို















