ဒုတိယအကြိမ် လွှတ်တော် ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) နံနက်ပိုင်းက လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္မူသီရိခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟို အလုပ်မှုဆောင်များ ဖြစ်သော ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။ယခု အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ကုန်ဆုံးမည် ဖြစ်သည့်အတွက် ဒုတိယအကြိမ် လွှတ်တော် ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခြင်း ဖြစ်ပါသည်။လွှတ်တော် ခေါ်ယူရေးနှင့် ပတ်သက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇၈ တွင် "ပြည်ထောင်စု လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့ လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကို ပြည်ထောင်စု လွှတ်တော် နာယကက ခေါ်ယူကျင်းပရမည်" ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၂၃ တွင် "ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ရပ် စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပသည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်"ဟု လည်းကောင်း၊ ပုဒ်မ ၁၅၄ (က) တွင် "အမျိုးသားလွှတ်တော် သက်တမ်း စတင် သည့် နေ့ရက်သည် ပြည်သူ့လွှတ်တော် သက်တမ်း စတင်သည့် နေ့ရက်ဖြစ်သည်"၊ ပုဒ် ၁၅၄(ခ) တွင် အမျိုးသားလွှတ်တော်၏ ပထမအကြိမ် ပုံမှန် အစည်းအဝေးကို ယင်းလွှတ်တော်၏ သက်တမ်း စတင်သည့်နေ့မှ ခုနစ်ရက်အတွင်း ကျင်းပရမည်" ဟုလည်းကောင်း အသီးသီး ဖော်ပြထားပါသည်။ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့ကို ခေါ်ယူပြီးသည်နှင့် သမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်များ စတင်မည် ဖြစ်သည်။ သမ္မတ ရွေးချယ်ပြီးသည်နှင့် သမ္မတက တင်သွင်းသော အစိုးရ ဝန်ကြီးအဖွဲ့ကို ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူကာ ကျမ်းသစ္စာကျိန်ဆိုခြင်းများ ဆက်လက် ပြုလုပ်ရမည် ဖြစ်သည်။ထို့ကြောင့် ပထမအကြိမ် လွှတ်တော် သက်တမ်းသည် နောက်အကျဆုံး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကာ သမ္မတ ရွေးချယ်ရေးနှင့် အစိုးရသစ်ဖွဲ့စည်းရေး လုပ်ငန်းစဉ်မှာ ဖေဖော်ဝါရီလတွင် ထွက်ပေါ်လာမည် ဖြစ်သည်။ ထိုအချိန် နောက်ပိုင်း တာဝန်လွှဲပြောင်းရေး လုပ်ငန်းစဉ်များ အဆင့်ဆင့်လုပ်ဆောင်ကာ နောက်အကျဆုံး မတ်လတွင် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်သည့် သမ္မတနှင့် အစိုးရအဖွဲ့သစ်၏ ကျန်းသစ္စာ ကျိန်ဆိုမည်ဖြစ်ကာ လက်ရှိအစိုးရက မတ်လထက် နောက်မကျစေဘဲ တာဝန်လွှဲပြောင်းမှု ပြုလုပ်ရမည် ဖြစ်ပါသည်။















