အနုပညာပျိုးခင်းလို့ဆိုရင် လက်ရှိအောင်မြင်နေတဲ့ အနုပညာရှင်တွေ စုစည်းထားပြီး မျိုးဆက်သစ် အနုပညာရှင်တွေ မွေးထုတ်ပေးတဲ့ အစီအစဉ်တစ်ခုလို့ သိကြမှာပါ။ အနုပညာပျိုးခင်းရဲ့ပထမတစ်ခေါက် အစီအစဉ်က မင်းသမီးတွေ ဖြစ်ကြတဲ့ အိချောပို၊ ယုသန္တာတင်နဲ့ ရွှေမှုန်ရတီတို့က လက်ရှိမှာတော့ ဈေးကွက်ဝင် မင်းသမီးတွေအဖြစ် အောင်မြင်မှုတွေနဲ့ ရပ်တည်နေကြပါပြီ။ အနုပညာပျိုးခင်း(၂)အတွက် မျိုးဆက်သစ် အနုပညာရှင်တွေ ရွေးချယ်ထားရာမှာတော့ သရုပ်ဆောင် ရွှေသမီး၊ ပိုင်ဖြိုးသုနဲ့ ရတနာဗိုတို့ ပါဝင်ပါတယ်။ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်ရွှေသမီးရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုတွေကို တစေ့တစောင်း ဖော်ပြပေးချင်ပါတယ်။
သရုပ်ဆောင် ရွှေသမီးကို ဧပြီ ၁၈ ရက် ၁၉၉၅ ခုနှစ်မှာ မိဘများဖြစ်ကြတဲ့ ဦးအောင်တိုးနဲ့ ဒေါ်ဌေး ဌေးဝင်းတို့က မွေးဖွားခဲ့ကြပါတယ်။ မန္တလေးဇာတိဖြစ်တဲ့ ရွှေသမီးက မွေးချင်း လေးယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး နာမည်အရင်းကတော့ ဇာနည်အောင်လို့ ဆိုပါတယ်။ ရွှေသမီးဆိုတာကတော့ မွေးဖွားစဉ် ကတည်းက မိဘများက အိမ်နာမည်အဖြစ် ပေးခဲ့တာကြောင့် ရင်းနှီးသူအများစုကလည်း ရွှေသမီးလို့ပဲ သိကြပြီး အနုပညာအလုပ်တွေ စတင်လုပ်ကိုင်စဉ်မှာလည်း ရွှေသမီးနာမည်နဲ့ပဲ ဆက်လက် လုပ်ကိုင် ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
ငယ်စဉ်ကလေးဘဝမှာတော့ အကကို အရမ်းဝါသနာပါခဲ့ပြီး တစ်ချိန်လုံးနီးပါး ကနေခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ကျောင်းပညာရေးအနေနဲ့တော့ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိကို အ.ထ.က (၂၈) မန္တလေးမှာတက်ရောက် သင်ယူခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ဆယ်တန်း အောင်မြင်ပြီးချိန်မှာတော့ မန္တလေး တက္ကသိုလ်မှာပဲ Chemistry အထူးပြုဘာသာရပ်နဲ့ Day ဆက်တက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရွှေသမီးက အနုပညာနဲ့ ပတ်သက်လို့ ငယ်စဉ်ကတည်းက ဝါသနာဗီဇ ပြသခဲ့သူပါ။ ငယ်စဉ်ကတည်းက ကျောင်းကပွဲတိုင်းမှာ ပါဝင်ကပြခဲ့ပြီး အိမ်နီးချင်း Dancer တစ်ယောက်ရဲ့သင်ကြားမှုနဲ့ ကြိုးစားကပြခဲ့တယ်လို့ ဆိုပါတယ်။
“ညီမက အနုပညာအလုပ်တွေ အရမ်းဝါသနာပါတာကို အိမ်ကရော သူငယ်ချင်းတွေကပါ သိတော့ ၁၀ တန်းအောင်ပြီးသွားတဲ့အချိန်မှာ အားလုံးက တိုက်တွန်းခဲ့ကြတယ်။ ညီမကိုယ်တိုင်လည်း အနုပညာ အလုပ်တွေ အရမ်းလုပ်ခွင့်ရချင်တယ်။ ဒါကြောင့် မန္တလေးကမိတ်ကပ် Sky ရဲ့ကူညီမှုနဲ့ အနုပညာလောကထဲကိုစပြီး ဝင်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာရှိုးတွေ လာလျှောက်ဖြစ်တယ်။ အနုပညာနဲ့ ပတ်သက်လို့ ရသလောက်ကို စလုပ်ကြည့်တယ်။အဲဒီအချိန်မှာပဲ ဆာတိုရီ ဗီဒီယိုထုတ်လုပ်ရေးက ပထမဆုံးဇာတ်ကားရိုက်ဖို့ ကမ်းလှမ်း ခဲ့ပါတယ်”လို့ ရွှေသမီးက အနုပညာ ခြေလှမ်းအစကို ပြောပြခဲ့ပါတယ်။
ဒီနောက်မှာတော့ ပထမဆုံးဇာတ်ကားအဖြစ် ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦး ရိုက်ကူးတဲ့ ‘တန်ခူးရင်ခွင်’ ဆိုတဲ့ သင်္ကြန် ဇာတ်ကားလေးမှာ သရုပ်ဆောင် ရဲတိုက်နဲ့ အတူ ပါဝင်ခွင့် ရခဲ့ပါတယ်။ အဲဒီဇာတ်ကားမှာစတင်ပြီး ပရိသတ်တွေ သတိထားမိလာသလို အနုပညာ အသိုင်းအဝန်းမှာလည်း စတင်ခွင့်ရလာခဲ့တယ်လို့ဆိုပါတယ်။
‘‘အနုပညာပျိုးခင်းမှာ တကယ်တမ်း လျှောက်ဖြစ်တဲ့အခါမှာ ရွေးမှအရွေးခံရပါ့မလားဆိုပြီး စိတ်ပူခဲ့ပါတယ်။ အဆင့်ဆင့်လည်း စစ်ဆေးမှုတွေ အများကြီးလုပ်ခဲ့တာ ဆိုတော့လေ။ တကယ်တမ်း ရွေးချယ်ခံရတော့ အရမ်းပျော်ပါတယ်။ ဆရာအစ်ကိုတွေရဲ့သင်ကြားမှုနဲ့ ကြိုးစားသွားမယ်လို့လည်း ဆုံးဖြတ်ထားခဲ့တယ်’’ လို့ ရွှေသမီးက ဆက်လက်ပြောပြခဲ့ပါတယ်။
ရွှေသမီးက အနုပညာပျိုးခင်း(၂)က ရွေးချယ်ထားတဲ့ သရုပ်ဆောင်သုံးယောက်အနက်က တစ်ယောက်ဖြစ်ပြီး သုံးနှစ်အတွင်းမှာ ဇာတ်ကား ၁၅ ကား ရိုက်ကူးဖို့ စာချုပ်ထားတယ်လို့ ပြောပြခဲ့ပါတယ်။ အနုပညာပျိုးခင်းနဲ့ လက်တွဲဖြစ်ခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်းမှာ ဇာတ်ကား ၁၅ ကားကျော် ရိုက်ကူးပြီးတဲ့အပြင် ရုပ်ရှင်ကားကြီးလေးကားမှာလည်း ပါဝင် ရိုက်ကူးခွင့်ရထားပါတယ်။
‘‘ရုပ်ရှင်ကားကြီး ရိုက်ပြီးသလောက်ကတော့ အရမ်းကြီး လုပ်ကွက်မရပေမယ့် ပါဝင်ခွင့်ရသလောက် ကိုတော့ အရမ်းကြိုးစားထားတယ်။ ဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်နေရတာဖြစ်တဲ့အတွက် ပင်ပန်းနေရင်လည်း ပျော်တယ်။ အားတဲ့အချိန်တွေမှာ ဆရာအစ်ကိုတွေရဲ့ ရိုက်ကွင်းတွေ သွားလေ့လာဖြစ်တယ်။ ညီမပါဝင်တဲ့ ရိုက်ကွင်းဆိုလည်း ညီမလုပ်ရမယ့် ဇာတ်ကောင်စရိုက်ကို အတတ်နိုင်ဆုံး ကြိုးစားပြီး သရုပ်ဆောင်တယ်။ ဆရာအစ်ကိုတွေ၊ တခြားဒါရိုက်တာတွေ သင်ပေးသမျှလည်း မှတ်သားလိုက်နာဖြစ်တယ်။ ဝမ်းစာဖြည့်စရာ တွေကတော့ အများကြီး ကျန်ပါသေးတယ်’’ လို့ ရွှေသမီးက ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။
မျှော်လင့်ချက်အိပ်မက်တွေ၊ ယုံကြည်ချက်တွေနဲ့ အနုပညာခရီးလမ်းကို လျှောက်လှမ်းနေတဲ့ ရွှေသမီးရဲ့ ဘဝခံယူချက်ကတော့ ‘‘အကောင်းဆုံး ကြိုးစားဖို့ပဲ အရေးကြီးတယ်လို့ ခံယူထားပါတယ်။ ရလဒ်ဆိုတာထက် ကိုယ်တိုင် ကြိုးစားထားတဲ့အပေါ် ကိုယ်တိုင်ခံစားရတဲ့ စိတ်ကျေနပ်မှု အဲဒါက အရေးကြီးတယ်လို့ ထင်တယ်။ ဒါကြောင့် ညီမလုပ်ဆောင်ခွင့်ရတဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးပဲဖြစ်ဖြစ်၊ သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ကိုယ်တတ်နိုင်တဲ့အတိုင်း အတာထဲမှာ အကောင်းဆုံးလုပ်မယ်လို့ အမြဲတမ်း ဆုံးဖြတ်ထားတယ်’’ လို့ ရွှေသမီးက ရိုးရှင်းစွာ ပြောပြခဲ့တယ်ဆိုတာ တင်ပြရင်း...။









