၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှု လေးမှုရှိ

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှု လေးမှုရှိ
Published 9 December 2015
ငြိမ်းကို

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှု လေးမှုရှိကြောင်း သတင်းရရှိသည်။လွှတ်တော်ကိုယ်စားလှယ်အမည် ကြေညာသည့် နေ့ကစပြီး ၄၅ ရက်အတွင်း ကန့်ကွက်နိုင်ပြီး ဒီဇင်ဘာ ၈ ရက်အထိ ကန့်ကွက်လွှာ တင်သွင်းမှု လေးမှုရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။“လက်ရှိအချိန်ထိ ကန့်ကွက်လွှာ တင်သွင်းမှု လေးမှုရှိပါတယ်။ ကချင်ပြည်နယ်က နှစ်မှု၊ ရှမ်းပြည်နယ်က နှစ်မှုပါ။ စစ်ဆေးမယ့် ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကိုလည်း ဖွဲ့စည်းပြီးသွားပါပြီ” ဟု ဦးသောင်းလှိုင်က ပြောကြားသည်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့စစ်ဆေးမည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုလေးမှုမှာ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) ၏ အနိုင်ရ ကိုယ်စားလှယ်ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားပါတီမှ ဦးညီစိန်အား ယှဉ်ပြိုင်ရွေးချယ်ခံခဲ့သူ ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုင်းဆာလူက ကန့်ကွက်မှု၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မှ အနိုင်ရ ကိုယ်စားလှယ်ဖြစ်သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းအား ကချင်ပြည်နယ် ဆော့လော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ NLD ပါတီမှ ဦးစံဝေခေါင်လွမ်းက ကန့်ကွက်မှု၊ မချမ်းဘောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှ အနိုင်ရသူ ဦးရားဝမ်ဂျုံအား ယှဉ်ပြိုင်ရွေးချယ်ခံခဲ့သူ NLD ပါတီမှ ဦးစောနွဲ့ခွန်ဆိုင်ခမ်းက ကန့်ကွက်မှုနှင့် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် အနိုင်ရသူ တအာင်း (ပလောင်)အမျိုးသားပါတီမှ ဦးအေးမောင်နှင့် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးစိုင်းသန်းစိန်အား ယှဉ်ပြိုင်ရွေးချယ်ခံခဲ့သူ ပြည်ခိုင်ဖြိုးပါတီမှ ဦးဉာဏ်လင်းဦးက ကန့်ကွက်ခဲ့မှုများ ဖြစ်ကြောင်း သိရသည်။ကချင်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကန့်ကွက်ထားသည့် အမှုများနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးဇော်လွင်က “ဦးရားဝမ်ဂျုံကို ကန့်ကွက်ခဲ့တာက သူက ရွေးကောက်ပွဲ ၈ ရက် နံနက်ပိုင်းမှာ ရွာတွေကို ဆင်းပြီးတော့ ပိုက်ဆံ ၃၀၀၀၀ စီ လိုက်ပေးပြီး သူ့ကိုမဲပေးဖို့ အုပ်စုလိုက် လိုက်ပြောတာပါ။ အဲဒါကို ရွာသားတစ်ယောက်က ပိုက်ဆံလာအပ်ပြီး တိုင်တာပါ။ ဒါကြောင့် ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းက တိုင်တာပါ။  ဦးဇခုန်တိန့်ယိန်းကို တိုင်တာက သူ့နယ်မြေမှာပါတဲ့ ဆော့လော်မှာ ဦးစံဝေခေါင်လွမ်းက စည်းရုံးရေးဆင်းတော့ သူ့လက်နက်ကိုင် အဖွဲ့အစည်းက သေနတ်ဖောက် ခြိမ်းခြောက်တာရော လက်နက်ပြပြီး မဲမဆွယ်နဲ့ဆိုပြီး အတင်း ပြန်ခိုင်းတာရောကြောင့်ပါ။ မဲဆွယ်စည်းရုံးမှု လုပ်လို့ မရအောင် လုပ်လို့ တိုင်တာပါ” ဟု ပြောကြားသည်။ကန့်ကွက်လွှာ အမှုတင်သွင်းခြင်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ဥပဒေတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲက လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့် နေ့မှစ၍ ရက်ပေါင်း ၄၅ ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ယှဉ်ပြိုင် အရွေးခံသော မည်သည့် ကိုယ်စားလှယ်လောင်းကမဆို သို့မဟုတ် မည်သည့် မဲဆန္ဒရှင်ကမဆို ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ ကိုယ်တိုင် သို့မဟုတ် စာဖြင့် အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ်က အမှုကုန်ကျစရိတ် ပေးသွင်း၍ ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း သိရသည်။ အဆိုပါ ကန့်ကွက်လွှာ တင်သွင်း တိုင်ကြားမှုများကို ရွေးကောက်ပွဲ ခုံအဖွဲ့ ဖွဲ့စည်းစစ်ဆေးရာတွင် ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှု အချက် တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိလျှင် ၎င်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။၂၀၁၀ ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာ အမှုတင်သွင်းမှု ၂၈ မှုရှိခဲ့ပြီး ကန့်ကွက်လွှာ အနိုင်ရမှု ငါးမှုသာ ရှိခဲ့သည်။ အလားတူ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာ အမှုတင်သွင်းမှု လေးမှု ရှိခဲ့ပြီး အနိုင်ရရှိမှု တစ်မှုမျှ မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent