နိုင်ငံတစ်ခုမွေးဖွားခြင်း

နိုင်ငံတစ်ခုမွေးဖွားခြင်း
Published 9 December 2015
မောင်ကြည်

နိုင်ငံသည် သစ်ပင်တစ်ပင် သို့မဟုတ် ကျောက်တုံး တစ်တုံးမှ ဖြစ်ပေါ်လာသည် မဟုတ်။ ယင်းနိုင်ငံ၌ နေထိုင်ကြသော ပုဂ္ဂိုလ်တို့၏ ကိုယ်ကျင့်တရားမှသာလျှင် ဖြစ်ပေါ်လာခြင်းဖြစ်၏။
(ပလေတို)
နိုင်ငံတစ်နိုင်ငံ၏ မွေးဖွားမှု ဖြစ်စဉ်ကို လူတစ်ယောက် မွေးဖွားလာပုံနှင့် နှိုင်းယှဉ် ကြည့်ချင်ပါသည်။ မိခင်နှင့်ဖခင် အကြောင်းဆက် ပေါင်းဖက်မှုမှ လူသားတစ်ယောက် မွေးဖွားသန့်စင်လာခဲ့သည်။ အဆိုပါ လူသားကလေး လူ့လောက အသိုင်းအဝိုင်းထဲသို့ ရောက်ရှိလာသည်။ ထို့နောက် မိခင်နို့အပါဝင် အစာအာဟာရနှင့် ပတ်ဝန်းကျင်ရှိ လေဓာတ်၊ ရေဓာတ်၊ မီးဓာတ်တို့နှင့် ထိတွေ့ဆက်ဆံ လာရာမှ တစ်စတစ်စ ဖွံ့ဖြိုးလာခဲ့သည်။ အချိန်တန် အရွယ်ရောက်သောအခါ လူလားမြောက်လာခဲ့သည်။ ထိုလူသားသည် လူလောက ထုံးတမ်းစည်းမျဉ်းအရ ကစားခုန်စား ပျော်ပါးရာမှ ကျောင်းတက် စာသင် ဘွဲ့ရ အိမ်ထောင်ပြု မျိုးဆက်လက်ဆင့်ကမ်းကာ နောက်ဆုံး ကွယ်လွန် သွားရှာပေလိမ့်မည်။ ထိုလူသားသည် လူ့လောကအတွက် ဘယ်သို့သော အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါသလဲ။ ထိုလူသားကြောင့် လောကကြီး ပိုပြီး တိုးတက် စည်ပင်လာခဲ့ပါသလော (သို့မဟုတ်) ပိုပြီး ဆုတ်ယုတ် ကျဆင်း သွားပါသလော။ လူသားတစ်ယောက် ဆုံးပါး ကွယ်လွန်သွားတိုင်း အဆိုပါ မေးခွန်းနှစ်ခုက ပေါ်ပေါက် လာရစမြဲ။
လူသည် မွေးဖွားလာရုံ သက်သက်ဖြင့် တာဝန်ကျေပွန်ပါရဲ့လား။ မွေးသေဖြစ်စဉ် နှစ်ခုတည်းကိုသာ လုပ်ကိုင်ခဲ့သည့် လူသားတစ်ယောက်ကို စင်စစ်လူ့လောကအတွက် မွေးဖွားလာသည်ဟုပင် ခေါ်ဆိုခြင်းငှာ မထိုက်တန်ကြောင်းကို မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက အောက်ပါအတိုင်း လင်္ကာ စပ်ဆိုခဲ့ဖူးပါသည်။
“သားကောင်းတစ်ယောက်၊ ထွန်းပေါ်ပေါက်က၊ သူ့နောက်ဆွယ်ကျုံး၊ တစ်နယ်လုံးလည်း၊ ကံဘုန်းဆင့်လှောက်၊ အမြင်ရောက်၏။ သို့လောက်နောက်ဖွား၊ ကျေးဇူးများမည့်၊ ထိုသားကိုသာ၊ ဖွားမြင်လာဟု၊ ကောင်းစွာကြိုဆီး၊ မြှောက်ပင့်ချီးလော့၊ သေပြီးတစ်ဖန်၊ မွေးဖွားလာရန်ကား၊ ဤသံသရာ၊ ဓမ္မတာမို့၊ လူသာမည၊ မွေးရုံမျှဖြင့်၊ အားရချီးမြှင့်၊ မမြှောက်သင့်သည်၊ သူနှင့်ငါနှင့်တူရုံကိုး။”

ဆရာတော်၏ အလိုအရ မိမိမွေးဖွားခဲ့ရာ လူ့လောက ပတ်ဝန်းကျင်ကို အမြင့်သို့ ရောက်အောင် စွမ်းဆောင်ပေးနိုင်သူမျိုးကိုသာ သားကောင်းတစ်ယောက် ဖွားမြောက်လာသည်ဟု ခေါ်ဆိုသင့်ကြောင်း သိမှတ်ရပါသည်။ ထိုနည်းတူစွာ နိုင်ငံတစ်နိုင်ငံ မွေးဖွားလာပုံကိုလည်း အထက်ပါ ဖြစ်စဉ်အတိုင်း မြင်ယောင်ကြည့်မိသည်။ ကမ္ဘာ့အလယ်မှာ နိုင်ငံပေါင်းများစွာ အသီးသီး မွေးဖွားသန့်စင် လာခဲ့ကြပါသည်။ သို့သော် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် နိုင်ငံလား မြောက်ခဲ့ပါရဲ့လား။ ဖွားသေပြီးပျောက်ကွယ်သွားသည့် ထူးမခြားနား သာမည လူသားတွေရှိသလို ပေါ်ပေါက်လာပြီးနောက် မေ့မေ့ပျောက်ပျောက်နှင့် ကမ္ဘာ့အသိအမှတ်ပြု စာရင်းဝင် နိုင်ငံတွေထဲက ပျောက်ကွယ်သွားသည့် သာမညနိုင်ငံတွေ ဘယ်လောက်များ ရှိနေလေမလဲဟု တွေးမိသည်။
ကျွန်တော်ကတော့ မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်နေသည့်အတွက် မိမိကိုမွေးဖွားရာ မြန်မာနိုင်ငံကိုပဲ ဥပမာအဖြစ် ပေးလိုက်ပါသည်။ မြန်မာနိုင်ငံကို ‘နိုင်ငံတစ်နိုင်ငံ’ အဖြစ် (ဝါ) နိုင်ငံလားမြောက်သည့် နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ် ပြုခဲ့ပါရဲ့လား။ ထိုမေးခွန်းသည် အခုမှ သတိရလို့ ကောက်မေးလိုက် သည့် မေးခွန်းတစ်ခုတော့ မဟုတ်ပါ။ ခေတ်အဆက်ဆက် စနစ်အမျိုးမျိုးကို ကျင်လည် ဖြတ်သန်းခဲ့သည့် မြန်မာနိုင်ငံငယ်လေးကို အစဉ်အမြဲ မေးလာသည့်  မေးခွန်းဖြစ်ပါသည်။ နိုင်ငံတကာသို့ အလုပ် သွားလုပ်ဖူးသည့်လူတွေ ပိုသိပါသည်။ အနီရောင် ပတ်စ်ပို့လေး မြင်တာနဲ့ ဘေးဖယ်ခံထားခဲ့ရသည့် မြန်မာနိုင်ငံသားတွေ ပိုသိပါသည်။ “မြန်မာနိုင်ငံဆိုတာ ဘယ်မှာရှိတာလဲ”ဟု အမေးခံရသည့် မြန်မာနိုင်ငံသားတွေ ပိုသိပါသည်။ ကမ္ဘာပေါ်မှာ မိမိနိုင်ငံရှိကြောင်းကို အသိအမှတ် အပြုမခံ ရတာလောက် ဆိုးတာရှိပါသေးသလား။         
ကျွန်တော်တို့သည် မိမိမြန်မာနိုင်ငံသား ဖြစ်ကြောင်းကို သက်သေပြလို့ မရသောအခါ “လူနာမည်များဖြင့် သက်သေပြဖို့ ကြိုးစားရပါတော့သည်။ ‘ဗိုလ်ချုပ်အောင်ဆန်း’၊ ‘ဦးသန့်’၊ ‘ဒေါ်အောင်ဆန်းစုကြည်’ စသည့် နိုင်ငံရေး ခေါင်းဆောင်များကို အသုံးပြုတော့မှ ‘မြန်မာနိုင်ငံကပါလား’ဟု အသိအမှတ် ပြုခံရသည့် အဖြစ်မျိုးတွေကို ကြုံခဲ့ဖူးကြပါသည်။ ကျွန်တော်တို့အဖြစ်က ဘာနဲ့တူသလဲဆိုတော့ မိမိတို့ကို မွေးဖွားခဲ့သည့် အမေရင်းကို အသိအမှတ် ပြုမခံရသည့်အခါ အမေရင်းက မွေးထုတ်ခဲ့သည့် သားသမီး နာမည်ပြောပြီး သက်သေပြနေရသည့် အဖြစ်မျိုးပါပဲ။
သို့ဆိုလျှင် ကျွန်တော်တို့ မိခင်အရင်းကြီးနှင့်တူသည့် မြန်မာနိုင်ငံကို ကမ္ဘာကဘာကြောင့် မေ့လျော့နေရပါသနည်း။ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်မှာ မေလျော့ခံနိုင်ငံအဖြစ် ဘယ်အချိန်ထိ ရပ်တည်သွားမှာလဲ။ မြန်မာကို ကမ္ဘာက အသိအမှတ် ပြုစေချင်လှပါပြီ။ ကျွန်တော်သည် မိမိ၏ ‘မြန်မာနိုင်ငံ’ ကို သက်ရှိတစ်ယောက်လို မြင်ယောင်ကြည့်နေမိပါသည်။ မြန်မာနိုင်ငံသည် ခေတ်စနစ် အမျိုးမျိုးကို ရုန်းကန် ဖြတ်သန်းလာခဲ့ရသောကြောင့် မောပန်းနွမ်းနယ်နေသည့် လူတစ်ယောက်နှင့် တူပါသည်။ ပြောရလျှင် နိုင်ငံရယ်လို့ စတင်မွေးဖွားလာကတည်းက ပဒေသရာဇ်ခေတ်ကို စတင် ဖြတ်သန်းလာခဲ့ရသည်။ သက်ဦးဆံပိုင် ဘုရင်စနစ်အောက်မှာ မြန်မာနိုင်ငံသည် အစိတ်စိတ်အမွှာမွှာ ကွဲသည့်အခါကွဲ၊ တစ်စည်းတစ်လုံးတည်း ဖြစ်သည့်အခါဖြစ် ကွဲလိုက်တွဲလိုက်နှင့် စနစ်ဆိုးတွေအောက်မှာ မြုပ်ချည်ပေါ်ချည်နှင့် အသက်မွေးခဲ့ရသည်။ ထို့နောက် နယ်ချဲ့ဗြိတိသျှတို့ လက်အောက် ကျရောက်ခဲ့သောအခါ ကိုလိုနီစနစ်အောက်၌ နှစ်ပေါင်းတစ်ရာကျော် နေထိုင်လာခဲ့ရပြန်ပါသည်။
အမေ့ဘ၀ တစ်လျှောက်လုံးမှာ ‘ဒီမိုကရေစီ’ကို မျှော်လင့်တောင့်တခဲ့သည်။ ဒီမိုကရေစီကို လိုချင်လွန်းလှသောကြောင့် အမေ့ကိုချစ်သည့် သားသမီးတွေကလည်း သွေးတွေ၊ ချွေးတွေ၊ အသက်တွေ၊ ဘဝတွေ ရင်းနှီးပေးဆပ်ပြီး တောင်းဆိုခဲ့ကြပါသည်။ အခုတော့ဖြင့် မကြာခင်က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကြောင့် မျှော်လင့်ချက် ရောင်ခြည် ရေးရေးလေးတော့ ပေါ်စပြုလာပြီဟု ဆိုရပေမည်။ သို့သော် အမေ့ပါးပေါ်မှာ မျက်ရည်တွေ မခြောက်သေး။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်ဟု တင်စားခံရသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် ပုန်းခိုရှောင်ရှားနေရဆဲ မိတဆိုး ဖတဆိုး သားသမီး မြေးမြစ်တွေအတွက် အမေ ရင်တက် မအေးနိုင်သေး။ ဒုက္ခသည်စခန်းတွေမှာ ပုန်းခိုနေဆဲ ဘဝတွေကို အမေမကြည့်ရက်၊ မမြင်ရက်၊ မရှုရက်၊ ငြိမ်းချမ်းရေး ချိုးငှက ်ကလေးသည်ပင် အဆိုပါ ဒုက္ခသည်စခန်းတွေထဲမှာ ပုန်းခိုနေလေသလားမသိ။ သြော်မြန်မာပြည်ကြီး ငြိမ်းချမ်းစေချင်လှပါပြီ။
နိုင်ငံတစ်နိုင်ငံသည် မွေးဖွားလာရုံ သက်သက်တော့ဖြင့် နိုင်ငံတစ်နိုင်ငံရယ်လို့ ကမ္ဘာက အသိအမှတ်ပြုမှာ မဟုတ်တာ သေချာပါသည်။ နိုင်ငံတစ်ခုမှာ ရှိရမည့် အရည်အသွေးတွေ၊ ဂုဏ်ဒြပ်တွေ၊ စွမ်းဆောင်မှုတွေဖြင့် သက်သေပြနိုင်မှသာ ‘နိုင်ငံတစ်နိုင်ငံ’ အဖြစ် အများက လက်ခံကြမှာပါ။ ‘သူ့နောက်ဆွယ် ကျုံး၊ တစ်နိုင်ငံလုံးလည်း၊ ကံဘုန်းဆင့်လျောက်၊ အမြင့်ရောက်’ ပါမှ အဆိုပါနိုင်ငံကို ‘မြန်မာနိုင်ငံ’ ရယ်လို့ ကမ္ဘာက လက်ခုပ်လက်ဝါးတီးကာ အားပေး ချီးကျူးကြမည်ဟု ထင်ပါသည်။
မိမိနိုင်ငံသားတွေ၏ လူနေမှုအဆင့်အတန်း တိုးတက်မှု မရှိသေးသရွေ့၊ ကမ္ဘာ့အလယ် ဘယ်နေရာကိုပဲ ရောက်ရောက် မိမိနိုင်ငံကို အသိအမှတ်ပြုသည့် လက္ခဏာ မမြင်ရသရွေ့၊ အခြေခံ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို အလေးထားကာ နိုင်ငံသား တစ်ယောက်ချင်းကို အသိအမှတ်အပြု တန်ဖိုးထားမှု မရှိသေးသရွေ့၊ ဥပဒေကို လေး စားလိုက်နာပြီး တန်းတူညီမျှသည့် စနစ်ကို အကောင်အထည် မဖော်သရွေ့၊ နိုင်ငံအတွင်းရှိ သက်ကြီးရွယ်အိုတွေ လွတ်လပ်ပျော်ရွှင် အေးချမ်းတည်ငြိမ်စွာ ဘဝနေဝင်ချိန်ကို မဖြတ်သန်းနိုင်သေးသရွေ့ အဆိုပါနိုင်ငံသည် နိုင်ငံလားမြောက်ကာ ဖွားမြင်လာသည့် အဆင့်သို့ မရောက်ရှိသးပါဟုပင် ဆိုရမည်။
နိုင်ငံလားမြောက်ကာ ဖွားမြင်လာသည့် အဆင့်ရောက်ဖို့ဆိုလျှင်တော့ အထက်မှာ  ပလေတို ပြောခဲ့သလိုပင် ခေါင်းဆောင်များ အပါအဝင် နိုင်ငံသူနိုင်ငံသားတို့၏ ကိုယ့်ကျင့်တရားဖြင့်သာလျှင် အဆိုပါနိုင်ငံကို တည်ဆောက်သွားရုံမှတစ်ပါး...။

Most Read

Most Recent