ပြည်သူကို မျက်နှာမူကြပါ (၆)

ပြည်သူကို မျက်နှာမူကြပါ (၆)
Published 9 December 2015
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

(၁)
၂၀၁၅ နိုဝင်ဘာလ ၈ ရက်မှာတော့ နိုင်ငံတော်အတွက် အပြောင်းအလဲ ဖြစ်စေမယ့် ရွေးကောက်ပွဲကြီးကို ပြည်သူတွေ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်လိုက်ကြပြီ ခင်ဗျ။ ဒီလို ဖြတ်သန်းနိုင်ပါ့မလားလို့ ရွေးကောက်ပွဲကြီး မတိုင်မီ ပြည်သူတွေ အထူး စိတ်ပူပန်မှုအပြည့် ခံစားခဲ့ကြရတာပါ။ တကယ်တော့ ဒီလို အောင်မြင်စွာ ဖြတ်သန်းနိုင်အောင် လူထုကြီး တစ်ရပ်လုံးက အဓိက ပဓာန အခန်းက ပါခဲ့ပါတယ်။ သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ အသီးသီး ဝိုင်းဝန်းကြိုးပမ်း ခဲ့ကြသလို၊ ပြည်သူလူထုကြီးနဲ့ မကင်းမကွာ တစ်ထပ်တည်းဖြစ်အောင် အရပ်ဘက် အဖွဲ့အစည်းများ၊ Civil Society Organisations, Non Government Organisation ကလည်း ပြည်သူကို မျက်နှာမူပြီး ဝိုင်းဝန်းကြိုးပမ်း ခဲ့ကြတယ်ဆိုတာ အထင်အရှား သက်သေပြနိုင်ခဲ့ပါတယ် ခင်ဗျ။ 
(၂)
ဒီလို ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းကို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် အရပ်ဘက် အဖွဲ့အစည်းများကို ဂုဏ်ပြုစကားပြောပြီး အသိအမှတ် ပြုခဲ့ပါတယ် ခင်ဗျ။ ထို့အတူ ရွေးကောက်ပွဲ အနိုင်ရ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ကိုယ်တိုင်လည်း ချီးကျူးစကားဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။ပြည်သူလူထုကြီး တစ်ရပ်လုံးကလည်း အရပ်ဘက် အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြုပြီး ကြိုဆိုခဲ့ကြပါတယ်။ အရပ်ဘက် အဖွဲ့အစည်းများရဲ့ သတိပေး နှိုးဆော်ချက်များကို လိုက်နာခဲ့ကြတာကို တွေ့နိုင်ပါသဗျ။ ထို့အတူ နိုင်ငံတကာကလည်း မြန်မာနိုင်ငံ အရပ်ဘက် အဖွဲ့အစည်းများရဲ့ စွမ်းဆောင်ရည်များကို ချီးကျူးခဲ့ကြတာတွေ ကြားသိလာရပါတယ်။ ဒီအထဲမှာ ၂၀၁၅ နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းမှာ ဗွီအိုအေ သတင်းဌာနမှ နိုင်ငံတကာ ဆောင်းပါးရှင်များ အမြင်ကဏ္ဍမှာ နယူးယောက်တိုင်းမ် သတင်းစာမှ ဆောင်းပါးရှင် တစ်ဦး၏ အမြင်ကို ကောက်နုတ် ဖတ်ကြား တင်ပြသွားရာမှာလည်း ရွေးကောက်ပွဲကြီးမှာ မြန်မာနိုင်ငံမှ အရပ်ဘက် အဖွဲ့အစည်းများရဲ့ စွမ်းဆောင်နိုင်မှုများ၊ ကြိုးပမ်းမှုများကို ချီးကျူးသွားတာကို နားထောင်လိုက်ရပါသဗျ။ 
(၃)
တကယ်တော့ မြန်မာနိုင်ငံတော်ကြီးဟာ အင်္ဂလိပ် အုပ်ချုပ်စဉ်ကပင် လွတ်လပ်တဲ့ အသင်းအဖွဲ့တွေ တဖြည်းဖြည်း တစ်စစ အားကောင်းစပြုလာရာက လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ အသင်းအဖွဲ့ပေါင်း ၂၀၀ ရှိလာပါတယ် ခင်ဗျ။ အဲဒီအထဲမှာ ထင်ရှားတဲ့ အသင်းတွေကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)၊ ကလေးများ ကူညီရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကလောင်သစ်အဖွဲ့၊ ငါးပါးသီလ လုံခြုံရေးအဖွဲ့၊ စာပေးစာယူ မိတ်ဆက်အသင်း၊ တရုတ်ဖြူ ကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင် ရေးကော်မတီ၊ တရုတ်-ဗမာ မိတ်ဆွေဖြစ် အသင်း၊ တိရစ္ဆာန်များ ညှဉ်းပန်းမှု ကာကွယ်ရေးအသင်း၊ နိုင်ငံတော် ရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံး၊ ပန်းချီဆရာအသင်း၊ ဗေဒင်သုတေသနအဖွဲ့၊ မြန်မာစစ်သည်တော်များ ထောက်ပံ့ရေးအသင်း၊ ကဗျာဆရာ အသင်းချုပ်၊ ကာတွန်းဆရာများအသင်း၊ မြန်မာနိုင်ငံ ဘောလုံးဒိုင်လူကြီးများအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ အသင်းချုပ်၊ ရန်ကုန်ရှေ့နေကောင်စီအဖွဲ့၊ အကျဉ်းထောင်မှ လွတ်မြောက်လာသူများ စောင့်ရှောက်ရေးအဖွဲ့ စသည်ဖြင့် ဖြစ်ကြပါတယ်ခင်ဗျ။တကယ်တော့ ဒီမိုကရေစီ စနစ်ကြီး အားကောင်းရှင်သန်ဖို့ဆိုတာ ပြည်သူကို မျက်နှာမူတဲ့ အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းမှပဲ ဖြစ်တယ်ဆိုတာ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေကိုကြည့်ရင် သိနိုင်ပါသဗျ။ 
(၄)
သို့သော်လည်း ဗိုလ်ချုပ်နေဝင်း အနေနဲ့ ပြည်သူတွေ ဒီမိုကရေစီ စနစ်အရ ရွေးချယ် တင်မြှောက်ထားတဲ့ ဦးနုအစိုးရကို ၁၉၆၂ ခုနှစ်မှာ ဖြုတ်ချ အာဏာသိမ်းပိုက်လိုက်ပြီးနောက် မကြာမီမှာဘဲ ‘၁၉၆၄ ခုနှစ် အမျိုးသား စည်းလုံးညီညွတ်ရေးကို ကာကွယ်တဲ့ ဥပဒေ’ ဆိုတာကို ထုတ်လိုက်တော့တာပါပဲ။ အမှန်တကယ် အနှစ်သာရကတော့ တစ်တိုင်းပြည်လုံး တိုင်းရင်းသားဒေသတွေပါ မကျန် စစ်အာဏာရှင် စနစ်ကို မဝေဖန်နိုင်အောင်၊ စစ်အာဏာရှင်ကို ပြန်မပြောနိုင်အောင် ဒီမိုကရေစီဆန်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ နိုင်ငံရေး အဖွဲ့အစည်းတွေကို (လုံးဝ) ဥဿုံ  ဖျက်ဆီးပစ်လိုက်တော့တာပါပဲ။ မည်သည့် အသင်းအဖွဲ့မှ ဖွဲ့စည်းခွင့် မပေးတော့ဘဲ ခွင့်ပြုချက် မရဘဲ ဖွဲ့စည်းပါက အသင်းအဖွဲ့တွင် ပါဝင်ပါက ထောင်ဒဏ်ငါးနှစ် ချမှတ်စေလို့ ဥပဒေ ပြဋ္ဌာန်းခဲ့တာပါ ခင်ဗျ။ နိုင်ငံတော်ကြီးဟာ လွတ်လပ်ခွင့်တွေ စတင် ဆိတ်သုဉ်းသွားခဲ့ရပါတယ်။ 
(၅)
အဲဒီ ဥပဒေအောက်မှာ တံမြက်စည်းလှည်းတဲ့ အသင်းဖွဲ့တာတောင် စောင့်ကြည့်ခံရပါတယ်။ မှတ်ပုံတင်ခွင့်လည်း မပေးပါဘူး။ စာကြည့်တိုက် အသင်းတွေလည်း အားလုံး ပျက်စီးတော့တာပါပဲ။ အားကစား အသင်းတွေအားလုံး ကုန်တာပါပဲ။ နိုင်ငံတော် တိုးတက်မှုလည်း ထိုးကျသွားတော့တာပါပဲ။ ကျောင်းတွေမှာလည်း ကျောင်းသားသမဂ္ဂတွေ ပျက်စီးကုန်တာ ယနေ့ထိအောင်ပါပဲ။ ဒီလိုနဲ့ အသင်းဖွဲ့စည်းခွင့်တွေဟာ စစ်အာဏာရှင် အစိုးရ အဆက်ဆက် ပိတ်ပင်ခဲ့တာ ၂၀၁၀ ပြည့်နှစ် ထိအောင်ပါပဲ။ အသင်းဖွဲ့စည်းရင် အဖွဲ့အစည်းမှာ ပါဝင်ရင် ထောင်ဒဏ် ငါးနှစ်ဆိုတာ စစ်အာဏာရှင်ခေတ် အဆက်ဆက် တောက်လျှောက်ပါပဲ။ ပြည်သူကို မျက်နှာမူမှု အလျှင်း မရှိခဲ့ကြပါဘူး။ 
(၆)
သို့သော်လည်း သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက် လွှတ်တော်ပေါ်လာပြီး ဒီလို အသင်းအဖွဲ့တွေ ဖွဲ့ခွင့်ကို ဒီမိုကရေစီ စနစ်နဲ့အညီ ခွင့်ပြုပေးရန် စီစဉ်လာခဲ့ပါတယ်။ သို့သော် ထောင်ဒဏ်ငါးနှစ်နဲ့ မှတ်ပုံတင်ကြေးက ငါးသိန်း ထည့်သွင်းထားတုန်းပါပဲ။ တစ်နည်းအားဖြင့် အပြောကောင်းသော်လည်း လက်တွေ့မှာ ပြည်သူကို မျက်နှာမူမလာသေးပါဘူး ခင်ဗျ။ဒါကို အရပ်ဘက် အဖွဲ့အစည်း ပေါင်းစုံက ပြည်သူကို မျက်နှာမူပြီး (စာရေးသူတို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် အပါအဝင် တစ်ပြည်လုံးက) အဖွဲ့အစည်း အကြီး၊ အသေး အကုန်နီးပါးနဲ့ ဘာသာပေါင်းစုံ အသင်းအဖွဲ့များပါမကျန် ကောင်းမွန်တဲ့ ‘အသင်းမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေ’ ပေါ်ထွက်လာဖို့ အကြိမ်ကြိမ် အားထုတ်ကြိုးပမ်းခဲ့ကြရပါတယ်။ နောက်ဆုံးမှာတော့ လွှတ်တော်များရဲ့ ကြိုးပမ်းချက်များနှင့်အညီ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် သဘောပေါက် နားလည်မှု ပေးခဲ့ပြီး ထောင်ဒဏ် (လုံးဝ) မပါတော့သော မှတ်ပုံတင်ကြေး မြို့နယ်၊ ခရိုင်အဆင့်မှာ လုံး၀ မရှိတော့သော တိုင်းအဆင့် ကျပ်သုံးသောင်း၊ ဗဟိုအဆင့်မှာ ကျပ်တစ်သိန်းသာ ပေးရတော့သော မှတ်ပုံတင်လိုက တင်။ မတင်လည်းရသော ‘အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကောင်း တစ်ရပ်’ ကို ကျွန်တော်တို့ ရလိုက်တော့တာပါပဲ ခင်ဗျ။အဲဒီ ဥပဒေရဲ့ အကျိုးကျေးဇူးကြောင့် အခုလို အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းမောင်းသန် အလုပ်လုပ်လာနိုင်ခြင်းလည်း ဖြစ်ပါသဗျ။ တကယ်တော့ ဒီလို ဖြစ်လာဖို့ရာ ကျွန်တော်တို့နိုင်ငံ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းက ရှည်လျားလှပြီး နှစ်ပေါင်း အလွန်လည်း ကြာခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့ အရင်းပြန်ရခဲ့တာပါ။ 
(၇)
ထို့အတူ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်ပြီး ပထမဆုံး စာပေလွတ်လပ်ခွင့်ကို ဖျက်ဆီးလိုက်တာကတော့ ၁၉၆၂ မှာ ‘၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ’ ဆိုတာကို ထုတ်ခဲ့တာပါပဲ။ အဲဒီ ဥပဒေအရ အစိုးရ မကြိုက်တာထုတ်ရင် ထောင်ဒဏ် သုံးနှစ်အထိ ကျခံရနိုင်ပါသဗျ။ အဲဒီ ဥပဒေကြီးနဲ့ နောက်ပိုင်းပေါ်လာတဲ့ စာပေစိစစ်ရေးကြီးကြောင့်လည်း လွတ်လပ်စွာ ရေးသားခွင့်၊ ထုတ်ဝေခွင့်တွေ ဆုံးရှုံးပြီး ပြည်သူတွေ၊ အနာဂတ် လူငယ်တွေ စာကောင်းပေမွန်တွေ မဖတ်ရတော့ဘဲ စစ်အစိုးရ အဆက်ဆက် အကြိုက်စာပေတွေသာ ရေးသားဖတ်ရပါတော့တယ်။ ဒီကနေ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ စာပေလွတ်လပ်ခွင့်တွေ ပြန်လည်ခွင့်ပြုပေးခဲ့လို့လည်း ပြည်သူကို မျက်နှာမူတဲ့ လုပ်ရပ်အဖြစ် ချီးကျူးရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒါလည်း ကျွန်တော်တို့ အရင်း ပြန်ရခဲ့တာပါပဲ။နိဂုံးချုပ် ပြောရရင်တော့ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပေါ် ပြည်သူတွေနဲ့ အတူ ကျွန်တော်တို့ အရပ်ဘက် အဖွဲ့အစည်းများက ပြည်သူရွေးချယ်ထားတဲ့ ရွေးကောက်ခံ အစိုးရ အဖွဲ့ကို အာဏာချောမွေ့စွာ လွှဲပြောင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဒါဆိုရင်တော့ မဲပေးခဲ့သော ပြည်သူများနဲ့ ကျွန်တော်တို့ အရပ်ဘက် အဖွဲ့အစည်းများက ဝမ်းသာလှိုက်လှဲ ကြိုဆိုရမယ့်အပြင် အထက်ပါ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်တို့ဖြင့် ပေးဝေခဲ့ခြင်းတို့ထက် ပိုမိုကြီးကျယ်တဲ့ သမိုင်းတွင်မယ့် လုပ်ငန်းကြီးကိုလည်း လုပ်ပေးခဲ့ရာ ရောက်တယ်လို့ ယုံကြည်မိပါတယ်ခင်ဗျ။ကျွန်တော်တို့ အရပ်ဘက် အသင်းအဖွဲ့များကလည်း ပြည်သူတို့နဲ့အတူ ပြည်သူ့ကို မျက်နှာမူပြီး ငြိမ်းချမ်းစွာ စနစ်တကျ အာဏာလွှဲပြောင်းရေး လုပ်ငန်းကို ဝိုင်းဝန်းကူညီ ပါဝင်ခွင့် ရခဲ့ပါက ကူညီကြမည် ဖြစ်ပါတယ်။ ထို့အပြင် ယနေ့ မြန်မာပြည်ကြီး လိုအပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များ တိုင်းပြည်စီးပွား တိုးတက်ရေး လုပ်ငန်းများတွင် ဆက်လက်၍ တက်ကြွစွာ ပါဝင်နေမည်ဖြစ်ကြောင်း တင်ပြရင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးမှာ ဝိုင်းဝန်းကူညီခဲ့ကြသော အရပ်ဘက် အဖွဲ့စည်းများ အားလုံးကို ဂုဏ်ပြုလိုက်ရပါတယ်။ နောက်ထပ် တက်ရောက်လာမည့် အစိုးရသစ် အနေနဲ့လည်း ပြည်သူကို မျက်နှာမူ၍ အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းလာရေးအတွက် ဆက်လက်ကူညီမှုများ ပေးလိမ့်မည်ဟု မျှော်လင့်ယုံကြည်ကြောင်းပါဗျာ။

Most Read

Most Recent