ကျပ် ၂၅၀၀ ဘီလျံကျော် ထပ်တောင်းတဲ့ အချိန်လေးလကျန် အစိုးရ

ကျပ် ၂၅၀၀ ဘီလျံကျော် ထပ်တောင်းတဲ့ အချိန်လေးလကျန် အစိုးရ
Published 6 December 2015
နေထွန်းနိုင်

လက်ရှိ အစိုးရအတွက် သက်တမ်း အချိန် လေးလလောက်ပဲ ကျန်ပါတော့တယ်။ ဒီအချိန်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ထပ်တိုးဘတ်ဂျက် ကျပ် ၂၅၀၀ ဘီလျံကျော်ပေးဖို့ တောင်းထားပါတယ်။ ဒါကို လွှတ်တော်မှာလည်း ဆွေးနွေးနေကြပါတယ်။ပုံမှန်အားဖြင့် ဘဏ္ဍာနှစ်တစ်ခုရဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာကာလတွေမှာ မူလခွင့်ပြုငွေနဲ့ မလုံလောက်တဲ့အတွက် တောင်းခံလာတဲ့ ထပ်တိုး ဘတ်ဂျက်တွေကို ဆွေးနွေးလေ့ ရှိပါတယ်။ ဒီတစ်နှစ်က အရင်နှစ်တွေနဲ့ မတူပါဘူး။ လက်ရှိ အစိုးရရဲ့ နောက်ဆုံးအချိန် ဖြစ်တယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာ သက်တမ်းတစ်လျှောက် အသုံးစရိတ် အများဆုံး ဘဏ္ဍာနှစ် ဖြစ်နေပြီး ဘတ်ဂျက် လိုငွေက စံချိန်တင် ဖြစ်နေတယ်။ ဒီလို အချိန်မျိုးမှာ ထပ်တိုး တောင်းလာတဲ့ ဘတ်ဂျက်အတွက် လျှော့ချရမယ့် အချိန် ဖြစ်ပါတယ်။လွှတ်တော်ကတော့ ထပ်တိုး တောင်းခဲ့တဲ့ ဘတ်ဂျက်တွေကို လျှော့ချဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။နောက်တိုး တောင်းခံမှုတွေ အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ် ၁၁၆၄ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ် ၂၄၀၈ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ဘီလျံ ၁၄၇၀၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၁၇၀၃ ဘီလျံပဲ ခွင့်ပြုခဲ့တာ တွေ့ရပါတယ်။ရာခိုင်နှုန်း အားဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ မူလ ခွင့်ပြုငွေရဲ့ ၁၄ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ မူလ ခွင့်ပြုငွေရဲ့ ၁၉ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ မူလ ခွင့်ပြုငွေရဲ့ ၈ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ မူလ ခွင့်ပြုငွေရဲ့ ၇ ဒသမ ၇ ရာခိုင်နှုန်းပဲ ခွင့်ပြုခဲ့ပါတယ်။ဒီနှစ်မှာတော့ ဘတ်ဂျက်ငွေ တောင်းခံမှုဟာ မူလခွင့်ပြုငွေရဲ့ ၁၁ ဒသမ ၀၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် နှစ်နှစ်ရဲ့ အစဉ်အလာ အတိုင်းဆိုရင် လျှော့ချရမယ့် အခြေအနေ ရှိပါတယ်။ 
■ ဘာအတွက် ထပ်တောင်းကြလဲမူလ ခွင့်ပြုငွေနဲ့ မလုံလောက်တဲ့ အတွက် ငွေထပ်တောင်းခဲ့တဲ့ ဝန်ကြီးဌာနတွေမှာ အများဆုံး တူညီတဲ့ အချက်တစ်ခု ရှိပါတယ်။မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းပြီး အမေရိဒေါ်လာ တန်ဖိုး မြင့်တာကို အခြေပြုတဲ့ နိုင်ငံခြား ငွေလဲနှုန်း ပြောင်းလဲတာကြောင့် ပိုတောင်းရတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားချက်အရ တိုးမြှင့်တောင်းခံခဲ့တဲ့ ငွေတွေထဲမှာ နိုင်ငံတော်ကို ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းဖို့ တောင်းခံငွေက ကျပ် ၂၉၂ ဒသမ ၃၈၈ ဘီလျံပဲ ရှိပါတယ်။ပြည်ပ အကူအညီ ရငွေ၊ ခွင့်ပြုပြီး ချေးငွေတွေအတွက် တောင်းခံငွေက ကျပ် ၃၈၁ ဒသမ ၄၅၁ ဘီလျံ ရှိပါတယ်။ဒါပေမဲ့ နိုင်ငံခြား ငွေလဲနှုန်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၁၀၂၀ ကနေ ကျပ် ၁၂၈၅ ကျပ်ကို ပြောင်းပြီး တွက်ချက်ရတဲ့ အခါ လိုလာတဲ့ ငွေတွေအတွက် တောင်းခံရငွေ ကျပ် ၆၃၅ ဒသမ ၄၈၄ ဘီလျံအထိ ရှိခဲ့ပါတယ်။အများဆုံး တောင်းခံခဲ့တဲ့ နောက်ထပ် ခေါင်းစဉ် တစ်ခုက “ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမည့် ဦးစားပေး အသုံးစရိတ်များမှ လုပ်ငန်းပြီးစီးမှု အခြေအနေအရ ဘဏ္ဍာနှစ် မကုန်မီ ပေးချေရမည့် အသုံးစရိတ်များ” လို့ ဆိုထားပြီး ဒီအတွက် တောင်းခံငွေ ကျပ် ၉၇၆ ဒသမ ၅ ဘီလျံ ရှိပါတယ်။ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာမှာတော့ ထပ်တိုးတောင်းခံခဲ့တဲ့ ငွေပမာဏရဲ့ ရာခိုင်နှုန်း ၅၀ ကျော်ဟာ နိုင်ငံတော်ကို ပြန်လည်ပေးသွင်းရမယ့် အခွန်ငွေ၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း တိုးမြင့်ခြင်းကြောင့် ဖြစ်လာတဲ့ လိုငွေ၊ ပြည်ပ အကူအညီ ရငွေနဲ့ ချေးငွေတွေအတွက် တိုးမြှင့်တောင်းခံတဲ့ ငွေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီ အစီရင်ခံစာမှာ ကျန်တဲ့ အပိုင်းတွေကို သတိပေးထားခြင်း မရှိပေမဲ့ မြန်မာ့စီးပွားရေး ဘဏ်ရဲ့ အခြေအနေနဲ့ ဗဟိုဘဏ်ရဲ့ တောင်းခံမှုတွေကို သတိပေးထားတာ တွေ့ရပါတယ်။ 
■ ဘာတွေကို သတိပေးထားလဲဘဏ္ဍာရေး ဝန်ကြီးဌာနက ထပ်တောင်းခဲ့တဲ့ ငွေပမာဏက ကျပ် သန်း ၁၄၀၆၂၆ ဒသမ ၈၂၈ ဖြစ်ပါ တယ်။ မူလ ခွင့်ပြုငွေက ကျပ်သန်း ၄၁၀၃၉၉၅ ဒသမ ၇၃၈ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ကြီးဌာန အနေနဲ့ ထပ်တိုး တောင်းခံငွေ ရာခိုင်နှုန်း ၃ ဒသမ ၄၃ ရာခိုင်နှုန်း ရှိပါတယ်။ဒါပေမဲ့ နိုင်ငံပိုင် စီးပွားရေး ခေါင်းစဉ်အောက်မှာ ဘဏ္ဍာရေး ဝန်ကြီးဌာနက ထပ်တိုး တောင်းခဲ့တဲ့ ပမာဏက မူလ ခွင့်ပြုငွေထက် ၁၉ ဒသမ ၄၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။မူလ ခွင့်ပြုငွေ ကျပ်သန်း ၄၀၁၁၈၆ ဒသမ ၉၃၇ မှာ ထပ်တိုးတောင်းခဲ့တာ ကျပ်သန်း ၇၈၁၇၁ ဒသမ ၉၄၀ ဖြစ်ပါတယ်။ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ SEE များအတွက် ထပ်တိုးတောင်းရတဲ့ငွေ ၁၀ ရာခိုင်နှုန်း ကျော်ခဲ့ခြင်းဟာ မြန်မာ့စီးပွားရေးဘဏ်ရဲ့ သာမန် အသုံးစရိတ် ဖြည့်စွက်တောင်းခံငွေ ကျပ် ၄၂ ဒသမ ၁၁၇ ဘီလျံမှာ ဘဏ်အပ်နှံငွေအပေါ် ပေးရတဲ့ အတိုးစရိတ်ငွေ ကျပ် ၃၃ ဒသမ ၇၉၀ ဘီလျံ ပါဝင်တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါကိုပဲ သတိပေးခဲ့တာ ဖြစ်ပါတယ်။မြန်မာ့စီးပွားရေး ဘဏ်ဟာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ငွေစုဘဏ် အတိုးစရိတ် အမှန် ကုန်ကျငွေ ကျပ် ၂၀၇ ဒသမ ၁၂၄ ဘီလျံ ဖြစ်တယ်။ သာမန်အားဖြင့် နှစ်စဉ် တစ်နှစ်ထက် တစ်နှစ် ပျှမ်းမျှ ကျပ် ၂၁ ဘီလျံ တိုးမြှင့်ပေးနေရတယ်။ ပြည်သူတွေရဲ့ စုဆောင်းငွေဟာ အရင်နှစ်တွေက နှစ်စဉ် ကျပ် ဘီလျံ ၂၉၀ ခန့် တိုးမြှင့်ပေမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာ လကုန်မှာ ကျပ် ၄၂၂ ဘီလျံအထိ တိုးလာခဲ့တယ်။ ပြည်သူတွေရဲ့ စုဆောင်းငွေ တိုးလာတာဟာ ကောင်းတဲ့ အချက် ဖြစ်ပေမယ့် အဲဒီ ငွေတွေကို စီးပွားရေးဆန်ဆန် မလုပ်နိုင်ဘူးဆိုရင် မြန်မာ့စီးပွားရေးဘဏ် အနေနဲ့ အရှုံးပေါ်လာမှာကို သတိပြုဖို့ လိုတယ်ဆိုပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သတိပေးခဲ့တာပါ။ဗဟိုဘဏ်ရဲ့ တောင်းခံမှုမှာ အငြင်းပွားစရာတွေ ရှိပါတယ်။ ဗဟိုဘဏ်အတွက် မူလခွင့်ပြုငွေ ကျပ်သန်း ၂၈၄၄၁၅ ဒသမ ၅၃၅ ဖြစ်ပါတယ်။ ထပ်တိုးတောင်းခဲ့တာက ကျပ်သန်း ၅၉၀၅၃ ဒသမ ၃၉၀ ဖြစ်တဲ့အတွက် မူလခွင့်ပြုငွေရဲ့ ၂၀ ဒသမ ၇၆ ရာခိုင်နှုန်းအထိ တောင်းခံခဲ့တာပါ။တောင်းခံရတဲ့ အကြောင်းရင်းတွေထဲမှာ လုပ်ငန်း ကုန်ကျစရိတ် ကျပ်သန်း ၃၆၈၀၂  ဒသမ ၃၀၀ တိုးမြှင့်လာခြင်းနဲ့ အတိုးပေးငွေ ကျပ်သန်း ၁၆၀၀၀၊ နိုင်ငံတော်ကို ထည့်ဝင်ငွေ ကျပ်သန်း ၆၁၉၂ ဒသမ ၀၉၀ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
လုပ်ငန်း ကုန်ကျစရိတ်အဖြစ် ထိပ်တိုးတောင်းခံတဲ့ ကျပ်သန်း ၃၆၈၀၂ ဒသမ ၃၀၀ ဟာ ဆိုက်ကြီး ငွေစက္ကူတွေကို အပြီးသတ် ဖျက်ဆီးပြီး အစားထိုး ပုံနှိပ်ရခြင်း၊ ကျပ်ငါးထောင်တန်နဲ့ တစ်သောင်းကျပ်တန်တွေကို လုံခြုံမှု အဆင့်မြှင်တင်ရခြင်းနဲ့ အမှတ်တရ ဒင်္ဂါးပြားများ ထုတ်လုပ်ဖို့ ငွေစင်တုံး ဝယ်ယူရခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။အမှတ်တရ ဒင်္ဂါးပြားဆိုတာက ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ပြည်တွင်း လှည့်လည် သုံးစွဲရန် မဟုတ်ဘဲ ပြည်ထောင်စု အစိုးရအဖွဲ့ ပထမ သက်တမ်း အထိမ်းအမှတ် ကျပ်ငါးထောင်တန် ငွေဒင်္ဂါး အရေအတွက် တစ်သောင်းကို သွန်းလုပ်ခဲ့တာ ဖြစ်ပါတယ်။ဒီအတွက် တောင်းခံခြင်းဟာ ဥပဒေနဲ့ ညီ၊ မညီ ပြန်လည် သုံးသပ်ဖို့ လိုတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သတိပေးပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၆၂ မှာ “ဗဟိုဘဏ်သာလျှင် ငွေစက္ကူနှင့် ဒင်္ဂါးများ ထုတ်ပိုင်ခွင့် ရှိသည်။ ဗဟိုဘဏ်က ထုတ်သော ငွေစက္ကူများနှင့် ဒင်္ဂါးများသည် နိုင်ငံတော် တစ်ဝန်းလုံးတွင် သုံးငွေအဖြစ် တည်ရှိစေရမည်” လို့ ဖော်ပြထားပါတယ်။ဒါကြောင့် ဥပဒေပါ ပြဋ္ဌာန်းချက်အရ ဗဟိုဘဏ်က ထုတ်တဲ့ ဒင်္ဂါးတွေဟာ တရားဝင် ငွေအဖြစ် လှည့်လည်သုံးစွဲခွင့် ရှိရမှာ ဖြစ်ပါတယ်။ ဒီလို လှည့်လည်သုံးစွဲရန် မဟုတ်ဘဲ အမှတ်တရ ထုတ်ဝေခြင်းဟာ ဥပဒေနဲ့ ညီခြင်း ရှိ၊ မရှိ ပြန်သုံးသပ်ဖို့ လိုတယ်ဆိုပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သတိပေးတာ ဖြစ်ပါတယ်။ 
■ ဘယ်သူတွေ ဘယ်လောက် တောင်းလဲမူလ ခွင့်ပြုငွေရဲ့ ၂၅ ရာခိုင်နှုန်းအထက် ပိုတောင်းတဲ့ ဝန်ကြီးဋ္ဌာန သုံးခု ရှိပါတယ်။ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ကျပ်သန်း ၉၅၂၈၄ ဒသမ ၈၈၇ တောင်းပြီး မူလခွင့်ပြုငွေရဲ့ ၂၆ ဒသမ ၆၉ ရာခိုင်နှုန်း တောင်းခဲ့တာပါ။ ပြည်ထဲရေး ဝန်ကြီးဌာနက ကျပ်သန်း ၇၄၉၁၉ ဒသမ ၈၀၁ ထပ်တောင်းပြီး မူလခွင့်ပြုငွေရဲ့ ၂၆ ဒသမ ၅၆ ရာခိုင်နှုန်း ရှိပါတယ်။ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကျပ် သန်း ၁၀၃၈၅၄ ဒသမ ၈၂၃ ထပ်တောင်းပါတယ်။ မူလခွင့်ပြုငွေထက် ၂၅ ဒသမ ၁၀ ရာခိုင်နှုန်း ပိုတောင်းခဲ့တာပါ။ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ထပ်တောင်းခဲ့တဲ့ ကျပ်သန်း ၉၅၂၈၄ ဒသမ ၈၈၇ မှာ ကျပ်သန်း ၉၀၆၅၁ ဒသမ ၀၉၂ က မြန်မာ့သစ်လုပ်ငန်းအတွက် တောင်းခဲ့တာပါ။       ထပ်တောင်းရတဲ့ ငွေပမာဏက မူလ ခွင့်ပြုငွေရဲ့ ၁၀ ရာခိုင်နှုန်း ကျော်ရခြင်း အကြောင်းရင်းတွေထဲမှာ မြန်မာ့ သစ်လုပ်ငန်းက လုပ်ငန်းသုံး ရင်းနှီးငွေ ကျပ် သန်း ၆၂၆၁၅ ဒသမ ၂၇၇ တောင်းထားတာ ဖြစ်ပြီး သစ်တောခွန်နှုန်းထား တိုးမြှင့်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်း ပြောင်းလဲခြင်း၊ ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ခြင်း၊ ဝင်ငွေခွန်ပေးဖို့ လိုအပ်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုငွေထက် ၁၀ ရာခိုင်နှုန်းကျော် ပိုတောင်းရခြင်း အကြောင်းရင်းတွေထဲမှာ အဓိက အချက်နှစ်ချက် ပါဝင်ပါတယ်။ပထမ အချက်က ရွေးကောက်ပွဲအတွက် ခန့်အပ်တဲ့ အထူးရဲ/အထူးရဲ အရံအင်အား ၄၀၅၁၆ ဦး အတွက် လစာနဲ့ ရိက္ခာ ထောက်ပံ့ငွေ ကျပ်သန်း ၆၀၇၇ ဒသမ ၄၀၀ ဖြစ်ပြီး ကုန်သွယ် လုပ်ငန်းခွန်အတွက် ပေးသွင်းရငွေက ကျပ်သန်း ၁၂၃၃၉ ဒသမ ၄၄၂ ရှိတယ်လို့ သိရပါတယ်။ဒုတိယ အချက်က ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက် အရ တရုတ်နိုင်ငံရဲ့ ချေးငွေနဲ့ CNTIC Co.Ltd,. ကနေ ယာဉ်တွေ ဝယ်ယူ တင်သွင်းဖို့ ချေးငွေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပေမယ့် ချေးငွေစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိတဲ့အတွက် ကျပ်သန်း ၅၃၀၅၈ ဒသမ ၈၀၆ ကို မူလခွင့်ပြု ဘတ်ဂျက်ငွေမှာ တောင်းခံနိုင်ခြင်း မရှိတာကြောင့် အခုချိန်မှာ ဖြည့်စွက်ရန် ငွေအဖြစ် တောင်းခံရခြင်း ဖြစ်တာကို တွေ့ရှိတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ထပ်တောင်းခဲ့တဲ့ ကျပ်သန်း ၁၀၃၈၅၄ ဒသမ ၈၂၃ မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ့စာတိုက် လုပ်ငန်းတို့ရဲ့ တောင်းခံငွေ ကျပ်သန်း ၁၀၃၇၆၁ ဒသမ ၂၉၂ ဖြစ်ပါတယ်။ ဝန်ကြီးဌာနနဲ့ ဦးစီးဋ္ဌာနတို့ရဲ့ ထပ်တိုးတောင်းခံငွေ ကျပ်သန်း ၉၃ ဒသမ ၅၃၁ ပဲ ရှိပါတယ်။ထပ်တိုးတောင်းရတဲ့ အကြောင်းရင်းထဲမှာ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်း ၁၈၁၆၄ ဒသမ ၈၀၀ ဟာ ငွေလဲနှုန်း ကွာခြားချက်ကြောင့် ဖြစ်ခြင်း၊ ဝင်ငွေခွန် ကျပ် သန်း ၅၇၄၅၉ ဒသမ ၈၀၀ နဲ့ နိုင်ငံတော်သို့ ထည့်ဝင်ငွေ ကျပ် သန်း ၂၅၈၇၄ ဒသမ ၅၆၉ ပေးသွင်းဖို့ အတွက် တောင်းခံရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။မူလ ခွင့်ပြုငွေရဲ့ ၁၅ ရာခိုင်နှုန်း အထက် တောင်းခံခဲ့တဲ့ ဝန်ကြီးဌာန လေးခု ရှိပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက မူလ ခွင့်ပြုငွေရဲ့ ၁၅ ဒသမ ၉၀ ရာခိုင်နှုန်း၊ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက မူလ ခွင့်ပြုငွေရဲ့ ၁၅ ဒသမ ၂၇ ရာခိုင်နှုန်း၊ ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက မူလ ခွင့်ပြုငွေရဲ့ ၁၅ ဒသမ ၁၇ ရာခိုင်နှုန်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက မူလ ခွင့်ပြုငွေရဲ့ ၁၅ ဒသမ ၁၆ ရာခိုင်နှုန်း ပိုတောင်းခဲ့ကြပါတယ်။လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက နိုင်ငံခြား ငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် ကျပ်သန်း ၁၄၅၇၉၉ ဒသမ ၈၅၇ တောင်းခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်ပေးဖို့ ကျပ် သန်း ၃၃၀၂၅ ဒသမ ၁၆၀ တောင်းခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မန္တလေး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အသုံးစရိတ်တွေ အပါအဝင် အခု ဘဏ္ဍာနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမယ့် ဦးစားပေး အသုံးစရိတ်များအတွက် ဆိုပြီး ကျပ်သန်း ၁၉၆၆၂၁ ဒသမ ၆၂၈ တောင်းခံခဲ့တာ တွေ့ရပါတယ်။လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပိုတောင်းခဲ့တဲ့ ငွေစုစုပေါင်း ၁၁၀၉၆၄ ဒသမ ၄၃၄ မှာ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်အတွက် တောင်းခံငွေ ကျပ် သန်း ၉၁၇၀ ဒသမ ၇၂၉ ဖြစ်ပြီး ဝန်ကြီးဌာနနဲ့ ဦးစီးဌာနတွေအတွက် ထပ်တောင်းငွေ ကျပ်သန်း ၁၀၁၇၉၃ ဒသမ ၇၀၅ ရှိခဲ့ပါတယ်။ပိုတောင်းရတဲ့ အကြောင်းရင်းတွေထဲမှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေနဲ့ နိုင်ငံတော်ကို ထည့်ဝင်ရမယ့် ကျပ်သန်း ၈၉၉၃ အတွက် တောင်းခံခဲ့တာဖြစ်ပြီး နိုင်ငံခြားငွေလဲလှယ်မှုနှုန်း ပြောင်းလဲမှုအတွက် ကျပ်သန်း ၁၉၂၀၁ ဒသမ ၆၇၁၊ ထပ်မံရရှိတဲ့ ပြည်ပ အကူအညီနဲ့ ချေးငွေတို့အတွက် ကျပ်သန်း ၂၇၈၂၆ ဒသမ ၅၇၆၊ အခု ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းများ အသုံးစရိတ်အတွက် ဆိုပြီး တောင်းခံတဲ့ ကျပ်သန်း ၄၆၈၆၃ ဒသမ ၃၄၁ တို့ ပါဝင်ကြောင်း တွေ့ရပါတယ်။ကာကွယ်ရေး ဝန်ကြီးဌာနက အရာရှိ/စစ်သည်များရဲ့ လစာ စရိတ်များကို နှုန်းထား အသစ်နဲ့ မူလ ဘတ်ဂျက်မှာ အချိန်မီ တောင်းခံနိုင်ခြင်း မရှိတဲ့အတွက် ဖြည့်စွက်တောင်းခံငွေ ကျပ်သန်း ၄၈၁၃၆ ဒသမ ၁၈၀၊ နိုင်ငံခြား ငွေလဲနှုန်း ပြောင်းတဲ့အတွက် တောင်းခံငွေ ကျပ် သန်း ၃၀၇၂၈၈ ဒသမ ၁၅၀၊ အခု ဘဏ္ဍာနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမယ့် အသုံးစရိတ် ကျပ်သန်း ၆၁၈၅၈ ဒသမ ၅၁၁ တို့ကြောင့် တောင်းခံခြင်း ဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ ဆိုပါတယ်။သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ကျပ်သန်း ၁၉၆၅၂ ဒသမ ၁၃၃ ပိုတောင်းပါတယ်။ ပိုတောင်းရတဲ့ အကြောင်းရင်းက စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဦးစီးဌာန၊ ရန်ကုန်နည်းပညာ တက္ကသိုလ်အတွက် JICA ရန်ပုံငွေ၊ မြန်မာ-အိန္ဒိယ ငါးနှစ်တာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအတွက် ကျပ်သန်း ၆၀၂၁ ဒသမ ၄၁၉၊ စက်ကိရိယာ ဝယ်ယူခြင်းအတွက် ကျပ်သန်း ၁၂၉၇၄ ဒသမ ၈၂၃ တို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ကျန်တဲ့ ဝန်ကြီးဌာနတွေထဲမှာ စက်မှု ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန (SEE) တို့ကလည်း မူလခွင့်ပြုငွေရဲ့ ၁၀ ရာခိုင်နှုန်းအထက် ထပ်တောင်းခဲ့တဲ့ ဝန်ကြီးဋ္ဌာနတွေ ဖြစ်ကြပါတယ်။ သူတို့ထဲမှာ သမဝါယမ ဝန်ကြီးဌာနရဲ့ တောင်းခံမှုက အဆိုးဆုံးပါပဲ။သမဝါယမ ဝန်ကြီးဋ္ဌာနက ကျပ်သန်း ၄၀၇၉၆ ဒသမ ၉၂၉ ထပ်တောင်းခဲ့ပြီး မူလခွင့်ပြုငွေရဲ့ ၁၁ ဒသမ ၄၂ ရာခိုင်နှုန်း ပိုတောင်းခဲ့ပါတယ်။တောင်းခံရတဲ့ အကြောင်းရင်းတွေထဲမှာ အချက် တစ်ခုပဲ ရှိပါတယ်။ ချေးငွေတွေ အတွက် ဘတ်ဂျက် လျာထားစဉ်က ငွေလဲနှုန်းနဲ့ ချေးငွေရချိန်မှာ ဖြစ်ပေါ်နေတဲ့ ငွေလဲနှုန်း ကွာခြားချက်ကြောင့် တောင်းခံရတယ်လို့ ဆိုပါတယ်။တောင်းယူတဲ့ အသေးစိတ်ကို ပြန်ကြည့်ရင်လည်း သမဦးစီး အတွက် သာမန်သုံးငွေ ကျပ်သန်း ၂၈၃ ဒသမ ၁၈၀ ပဲ တောင်းထားပေမယ့် ကြွေးမြီအတွက် ကျပ်သန်း ၄၀၄၈၆ ဒသမ ၇၄၃ တောင်းခဲ့တာ တွေ့ရပါတယ်။လက်ရှိ အစိုးရ လက်ထက် စီမံခန့်ခွဲမှု အမှားတွေနဲ့ ပတ်သက်ရင် သမဝါယမ ဝန်ကြီးဌာနမှာ ထောက်ပြစရာတွေ အများကြီး ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ ချေးယူခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၊ ၂၀၁၅ ခုနှစ်မှာ ချေးယူခဲ့တဲ့ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကိစ္စတွေကို မီဒီယာတွေရော၊ လွှတ်တော်ကပါ ကန့်ကွက် သတိပေးခဲ့တဲ့ကြားက သမဝါယမ ဝန်ကြီးဌာနက ချေးယူခဲ့ပါတယ်။ ချေးယူတာကလည်း တရုတ်ပို့ကုန် သွင်းကုန်ဘဏ်က အတိုး ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးခဲ့တာပါ။ ချေးယူစဉ်က ငွေလဲနှုန်း တန်ဖိုး၊ ချေးပြီးနောက် ပြန်ဆပ်ချိန်မှာ ဖြစ်မယ့် ငွေလဲနှုန်း၊ အတိုး ပြန်ဆပ်ချိန်မှာ ဖြစ်နေတဲ့ ငွေလဲနှုန်း စတာတွေ အပြင် မြင့်မားတဲ့ အတိုးနှုန်းက ဘယ်လိုမှ အလုပ် မဖြစ်နိုင်ဘဲ ပြည်သူ့ ဘဏ္ဍာငွေတွေသာ ဆုံးရှုံးနစ်နာ ရလိမ့်မယ်လို့ သတိပေးတဲ့ ကြားက ချေးငွေတွေ ရယူခဲ့တာ ဖြစ်ပါတယ်။လွှတ်တော်မှာ ဆွေးနွေးတုန်းက သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ချေးငွေကိစ္စတွေနဲ့ ပတ်သက်ပြီး ‘တာဝန်ယူတယ်’ ဆိုတဲ့ စကားမျိုး ပြောခဲ့ပါတယ်။ဒါပေမဲ့ အခုချိန်မှာတော့ ငွေလဲနှုန်း တိုးမြင့်မှု အကြောင်းပြချက် အပါအဝင် ကြွေးမြီဆိုင်ရာတွေကို ဖြေရှင်းဖို့ ကျပ် ၄၀ ဘီလျံ ကျော်ကို ထပ်တိုး တောင်းနေရပါပြီ။ အနည်းဆုံးတော့ သမဝါယ ဝန်ကြီးဋ္ဌာနကို ပြန်လည်စိစစ်ဖို့ လိုအပ်နေတယ် ဆိုတာ ဒီအချက်က သက်သေတစ်ခု ဖြစ်ပါတယ်။ဒီအတိုင်းပဲ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက ထပ်တောင်းတဲ့ ငွေတွေကိုလည်း စိစစ်ဖို့ လိုပါတယ်။သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက နှစ်စဉ် အသားတင် အမြတ်ငွေ ကျပ်ခြောက်ဘီလျံကျော် ရရှိနေတယ် ဆိုပေမယ့် ဒီနှစ်မှာ လုပ်ငန်းသုံး ရင်းနှီးငွေအဖြစ် ကျပ် သုံးဘီလျေံကျော် ထပ်တိုး တောင်းခဲ့ပါတယ်။ ထပ်တိုး တောင်းငွေအတွက် ခေါင်းစဉ်တွေ တပ်ထားပေမယ့် အမြတ်ရနေတဲ့ လုပ်ငန်း တစ်ခုက ဘာကြောင့် ထပ်တိုးတောင်းသလဲဆိုတာ မလွှဲမသွေ စိစစ်ရမှာ ဖြစ်ပါတယ်။ 
■ လိုငွေ ၃၆၀၀၊ ထပ်တောင်း ၂၅၀၀၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် မူလဘတ်ဂျက်လိုငွေ ပမာဏ ကျပ် ၃၆၀၀ ဘီလျံကျော် ရှိပါတယ်။ အခု ထပ်တောင်းခဲ့တဲ့ ငွေက ကျပ် ၂၅၀၀ ဘီလျံကျော် ဖြစ်ပါတယ်။ ဒါပေမဲ့ ရငွေပမာဏ ပြုပြင်မှုကို အခြေခံပြီး ပြန်တွက်တဲ့အခါ လိုငွေ ပမာဏက အများကြီး ပြောင်းသွားတာ မရှိပါဘူး။မူလလိုငွေက ကျပ် ၃၆၁၃ ဒသမ ၇၀၀ ဘီလျံ ရှိချိန်မှာ ထပ်တိုး ဘတ်ဂျက်ကို ထည့်တွက် ပြုပြင်ပြီး လိုငွေကျပ် ၃၆၅၉ ဒသမ ၃၇၉ ဘီလျံ ဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လိုငွေနဲ့ ဂျီဒီပီ အချိုးကလည်း မူလ ၄ ဒသမ ၉၃ ရာခိုင်နှုန်းကနေ ၄ ဒသမ ၉၉ ရာခိုင်နှုန်းအထိပဲ ပြောင်းသွားပါတယ်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ရဲ့ ထပ်တိုး တောင်းခံမှုဟာ ကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံ ဖြစ်ပါတယ်။ ပြည်ထောင်စု အသုံးစရိတ် အဖြစ် တောင်းခဲ့တဲ့ ၂၄၆၄ ဒသမ ၃၃၀ ဘီလျံ ပါဝင်ပါတယ်။ ပြည်ထောင်စုရဲ့ ထပ်တိုးတောင်းငွေ ကျပ် ၂၄၀၀ ဘီလျံကျော် ရှိတယ် ဆိုပေမယ့် အခွန် အပါအဝင် ရငွေများမှာ ကျပ် ၈၇၁ ဒသမ ၉၁၉ ဘီလျံ တိုးမြှင့်ရဖို့ လျာထားခြင်း၊ မူလ ခန့်မှန်းခြေမှာ သုံးစွဲရန် မလိုတဲ့ ဟာတွေကို လျော့ချသုံးစွဲပြီး ပိုငွေကို ပြန်အပ်စေရာမှ ကျပ် ၁၆၀၅ ဒသမ ၃၉၅ ဘီလျံရခြင်းတို့ကြောင့် မူလ တင်ပြတဲ့ အသုံးစရိတ်ထက် ၄၅ ဒသမ ၆၉၇ ဘီလျံကိုပဲ ပိုသုံးဖို့ တင်ပြခြင်းဖြစ်ပြီး၊ လိုငွေနဲ့ ဂျီဒီပီအချိုး ငါးရာခိုင်နှုန်းအောက်မှာ ဖြစ်တယ်လို့ လွှတ်တော် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ဒါပေမဲ့ ဒါတွေက စာရွက်ပေါ်က အချက်အလက်တွေ ဖြစ်ပါတယ်။ ဒါကိုကြည့်ပြီး ထပ်တောင်းငွေကို အလွယ်တကူ ခွင့်ပြုပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဝန်ကြီးဋ္ဌာန တစ်ခုချင်းစီအလိုက် စီမံခန့်ခွဲမှု မှားယွင်းမှုတွေကြောင့် နစ်နာသွားရတဲ့ ငွေကြေးများစွာကို ပြန်ပြီး စိစစ်ဖို့ လိုပါတယ်။အခုချိန်မှာ အစိုးရဘတ်ဂျက် လိုငွေ စံချိန်တွင် ဖြစ်နေတာကို လျှော့ချနိုင်ဖို့ဆိုတာ တောင်းခံလာတဲ့ ဘတ်ဂျက်တွေကို စိစစ် ဖြတ်တောက်ပြီးမှ ခွင့်ပြုခြင်း နည်းလမ်း တစ်ခုပဲ ရှိပါတယ်။    

Most Read

Most Recent