နိုင်ငံရေးအရွေ့နှင့် တိုင်းရင်းသား ပါတီများ၏ ရှင်သန်ခွင့်အတွက် အပြောင်းအလဲ

နိုင်ငံရေးအရွေ့နှင့် တိုင်းရင်းသား ပါတီများ၏ ရှင်သန်ခွင့်အတွက် အပြောင်းအလဲ
Published 6 December 2015
ဇာလီမြင့်ဦး

မြန်မာနိုင်ငံ ရွေးကောက်ပွဲ သက်တမ်းတစ်လျှောက် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အများစု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တိုင်းရင်းသား မျိုးနွယ်စုများ ကိုယ်စားပြု ဝင်ပြိုင်ခဲ့သည့် နိုင်ငံရေး ပါတီမှာလည်း ၅၃ ပါတီ အထိ ရှိခဲ့သည်။သို့သော် ရွေးကောက်ပွဲ၌  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတို့တွင် တိုင်းရင်းသားပါတီ ၁၈ ခုကသာ အနိုင်ရရှိခဲ့သည်။ စုစုပေါင်း လွှတ်တော်နေရာ ၁၄၀ ခန့်တွင် ဖြစ်သည်။လက်ရှိတွင် အထူးသဖြင့် တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ပြည်နယ်များတွင် တိုင်းရင်းသား ကိုယ်စားပြု ပါတီအများစု ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရသဖြင့် ထိုပါတီများ၏ ရပ်တည်ချက်၊ မူဝါဒတို့အပေါ် မေးခွန်းထုတ်စရာများ ရှိလာသည်။ ထို့ပြင် တစ်ဖက်တွင်လည်း လွှတ်တော်နေရာ အများစုတွင် အနိုင်ရရှိသည့် တိုင်းရင်းသား ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ရခိုင် အမျိုးသားပါတီ ကဲ့သို့သော အနိုင်ရ တိုင်းရင်းသားပါတီများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ အစိုးရသစ်တို့အကြား ချိတ်ဆက် ဆောင်ရွက်နိုင်မှုတို့မှာလည်း အရေးကြီးလာပြီ ဖြစ်သလို တိုင်းရင်းသားပါတီများ၏ ရှင်သန်မှုနှင့် နိုင်ငံရေး ဖြစ်စဉ်များတွင် ပါဝင်နိုင်မှု အခန်းကဏ္ဍတို့မှာလည်း ဆက်လက် စောင့်ကြည့်ရမည့် အနေအထားတွင် ရှိနေသည်။၂၀၁၅ ရွေးကောက်ပွဲအလွန် တိုင်းရင်းသား ပါတီများ၏ ရပ်တည်ချက်နှင့် မူဝါဒမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိကြောင်း အစိုးရ၏ အချက်အလက်များအရ သိရပြီး အဆိုပါ တိုင်းရင်းသား လူမျိုးစုအားလုံး ကိုယ်စားပြု နိုင်ငံရေး ပါတီများ ဖွဲ့စည်းထားခြင်း မရှိသော်လည်း မျိုးနွယ်စု တစ်ခုတည်းကို ကိုယ်စားပြု၍ ဖွဲ့စည်းထားသည့် ပါတီ အများအပြား ရှိနေသည်။ချင်းတိုင်းရင်းသား ကိုယ်စားပြု ဖွဲ့စည်းထားသည့် နိုင်ငံရေး ပါတီမှာ ၁၀ ခုအထိရှိပြီး ကရင် တိုင်းရင်းသား ကိုယ်စားပြု ဖွဲ့စည်းထားသည့် ပါတီမှာလည်း ငါးခုအထိ ရှိနေသည်။ ထို့အတူ အခြားသော ကချင်၊ ရှမ်း၊ မွန် စသည့် တိုင်းရင်းသား အမည်များဖြင့် ကိုယ်စားပြု ဖွဲ့စည်းထားသည့် ပါတီများမှာလည်း အနည်းဆုံး နှစ်ပါတီမှ သုံးပါတီအထိ ရှိသည်။တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များတွင် အဆိုပါ တိုင်းရင်းသား ကိုယ်စားပြု ပါတီအများစု ရှုံးနိမ့်ခဲ့ရခြင်းမှာ ပြိုင်ဘက် နိုင်ငံရေး ပါတီများ၏ အားသာချက်ကြောင့်သာ မဟုတ်ဘဲ တိုင်းရင်းသားများ ကိုယ်စားပြု ရွေးချယ်ရမည့် ပါတီများနေခြင်းကြောင့်လည်း ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောကြားသည်။တိုင်းရင်းသား လူမျိုးစု တစ်ခုတည်းကို ကိုယ်စားပြုသော ပါတီများစွာ ရှိနေမှုမှာ လူထုအတွက် ရွေးချယ်ရခက်သည့် အနေအထားမျိုး ဖြစ်စေခဲ့သည်ဟုလည်း သုံးသပ်မှုများ ရှိခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲနိုင် တိုင်းရင်းသားပါတီ အများစု အနိုင်ရရှိခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။ထို့အတွက် လက်ရှိ လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း တိုင်းရင်းသားပါတီများ အနေဖြင့် ပြောင်မြောက်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ရှိမရှိ ဟူသည့် မေးခွန်းမှာလည်း တိုင်းရင်းသား ပါတီများဘက်မှ ဖြေဆိုရမည့် မေးခွန်းတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။“ရွေးချယ်ရ ခက်တယ်ဆိုတာ ပါတီတွေအားလုံးက ကောင်းနေတယ်ဆိုတာမျိုးထက် အင်အားတစ်ရပ်က ဘယ်လောက်အထိ သူတို့အတွက် လုပ်ပေးနိုင်သလဲ၊ ရပ်တည်နိုင်သလဲဆိုတဲ့ နိုင်ငံရေး သဘာပေါ့။ ဆိုတော့ အဲဒါမျိုးဖြစ်တဲ့ အခါကျတော့ လူထုအနေနဲ့ကျတော့ ပါတီများက စိတ်ပျက်စေခဲ့တယ်လို့ မြင်တယ်” ဟု နိုင်ငံရေးဆိုင်ရာ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည့် အေးချမ်းမြန်မာ လူမှုအဖွဲ့အစည်းမှ ဒါရိုက်တာ ဦးဆလိုင်းအိုက်ဇက်ခင်က သုံးသပ် ပြောကြားသည်။  ထို့အတွက် တိုင်းရင်းသားပါတီများ အနေဖြင့် ပါတီတည်ဆောက်ရေးကို လုပ်ဆောင်ရမည့် အနေအထား ရှိနေပြီး သက်ဆိုင်ရာ တိုင်းရင်းသားများအလိုက် ကိုယ်စားပြုနိုင်သော၊ လူထုအားကိုးနိုင်သော ပါတီများအဖြစ် လာမည့် အစိုးရသက်တမ်း ငါးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လည်း လိုအပ်နေသည်။၂၀၁၅ ရွေးကောက်ပွဲက တိုင်းရင်းသားပါတီတွေ ညီညွတ်ဖို့ တွန်းအားဖြစ်စေခဲ့သလားထိုနေရာတွင် တိုင်းရင်းသား ပါတီများအချို့အကြား ပူးပေါင်းဆောင်ရွက်မှု၊ မဟာမိတ် ဖွဲ့စည်းမှုများမှာ အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ပေါ်ပေါက်လာခဲ့ပြီး ပါတီတည်ဆောက်ရေး သို့မဟုတ် ပေါင်းစည်းမှုများ ပြုလုပ်ခြင်းဖြင့် ပါတီများ စည်းလုံးမှု ရယူရန် လိုလားကြောင်း သက်ဆိုင်ရာ ပါတီခေါင်းဆောင်များက ထုတ်ဖော် ပြောကြားမှုများ ရှိလာသည်။ လက်ရှိတွင် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ကရင်နိုင်ငံရေးပါတီ ငါးခုကလည်း ပူးပေါင်းရန် မူဘောင်ရေးဆွဲ ညှိနှိုင်းမှုများ ပြုလုပ်လာသည်။ထို့ပြင်၂၀၁၅ ရွေးကောက်ပွဲ၌ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့မှုများ ရှိခဲ့သည့် ချင်းတိုင်းရင်းသား ပါတီ ၁၀ ခုတို့ကလည်း နိုင်ငံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်ရန် စီစဉ်ထားသလို ရွေးကောက်ပွဲတွင် လွှတ်တော်နေရာ အများအပြား အနိုင်ရခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ကလည်း ရှမ်းနှစ်ပါတီ ပူးပေါင်းရေး ကိစ္စများကို ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။“ရွေးကောက်ပွဲ ပြီးတဲ့အခါ ပြန်လည် သုံးသပ်ကြည့်တဲ့အခါမှာ အဲဒီလို ပြည်နယ်တွေမှာ နိုင်ငံရေးပါတီများတဲ့ ပြည်နယ်တွေပေါ့။ လူမျိုးကို အခြေခံပြီး ဖွဲ့ထားတဲ့ ပါတီတွေက အနိုင်မရတာတွေ တွေ့ရတယ်။ ဥပမာ ချင်းပြည်နယ်မှာဆိုရင် ချင်းအမျိုးသားပါတီ အနေနဲ့ တစ်ယောက်မှ အနိုင်မရဘူး။ ဇိုမီးပါတီ တစ်ခုတည်း ခြောက်နေရာ အနိုင်ရတယ်။ ကရင်ပြည်နယ်မှာ ဆိုရင်လည်း ကရင်အမျိုးသားပါတီတွေက တစ်ယောက်တည်း အနိုင်ရတယ်။ ဆိုတော့ ဒါတွေကို အခြေခံပြီးတော့လည်း တိုင်းရင်းသား ပါတီတွေ ညီညွတ်ဖို့ ပေါင်းစည်းဖို့ တွန်းအားတစ်ခု ပေးသလို ဖြစ်နေပုံရပါတယ်” ဟု စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဦးအေးသာအောင်က ပြောကြားသည်။ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲလာသည်နှင့်အညီ အနိုင်ရရှိခဲ့သည့် တိုင်းရင်းသား ပါတီအချို့ အချင်းချင်းကြားလည်း မဟာမိတ် ဆက်ဆံရေး တည်ဆောက်မှုများ ရှိလာသည်ကိုလည်း တွေ့ရပြီး လွှတ်တော် လေးနေရာ အနိုင်ရရှိထားသည့် တိုင်းရင်းသားပါတီ တစ်ခုဖြစ်သော ကချင်ပြည်နယ် ဒီမိုကရေစီပါတီက စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သို့ ဝင်ရောက်ရန် ကမ်းလှမ်းမှု ရှိလာခဲ့သည်။တိုင်းရင်းသား ပါတီများ ပူးပေါင်းရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း မွန်အမျိုးသားပါတီ (ယခင် မွန်ဒီမိုကရေစီ ပါတီ) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့အကြား နှစ်နှစ်ကျော်ကြာ ပူးပေါင်းရန် ညှိနှိုင်းခဲ့သော်လည်း  နောက်ဆုံး သဘောတူညီနိုင်ခဲ့ခြင်း မရှိဘဲ တစ်ပါတီချင်း အနေဖြင့်သာ ရွေးကောက်ပွဲ ဝင်ရောက်ခဲ့သည့် အခြေအနေမျိုးလည်း ရှိခဲ့သည့်အတွက် လက်ရှိ ပါတီများ ပေါင်းစည်းရန် လုပ်ဆောင်မှု၊ မဟာမိတ်ဖွဲ့စည်းရန် စီစဉ်မှုနှင့် လာမည့် နိုင်ငံရေး အခင်းအကျင်းသစ်တွင် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း ရှိမရှိတို့မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တိုင်းရင်းသားပါတီများ၏အခန်းကဏ္ဍအစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေစဉ် ကာလတစ်လျှောက် နိုင်ငံရေး ပါတီများကလည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အခန်းကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်လာခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် တိုင်းရင်းသား ပါတီများဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့မှလည်း နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ရေးဆွဲရာတွင် ကိုယ်စားလှယ် တစ်ဦးစီဖြင့် ပါဝင်လာနိုင်ခွင့် ရှိခဲ့သည်။  ထို့ပြင် ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) စသည့် နိုင်ငံရေး အစုအဖွဲ့များတွင် ပါဝင်လျက်ရှိသည့် တိုင်းရင်းသား ပါတီများနှင့် အခြား ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့သည့် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များကလည်း နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင် ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် အသီးသီး ပါဝင်လာကြသည်။သို့သော် အဆိုပါ လုပ်ငန်းစဉ်များမှာ အစိုးရသစ် လက်ထက်တွင်လည်း ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည့်အတွက် ထိုအချိန်အထိ တိုင်းရင်းသား ပါတီများ၏ ပါဝင်နိုင်မှု အခန်းကဏ္ဍမှာ နောင်ဖွဲ့စည်းမည့် အစိုးရ အပေါ်တွင်လည်း မူတည်လျက် ရှိသည်။သို့သော် အစိုးရသစ် ဖွဲ့စည်းခွင့်ရှိမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အစိုးရဖွဲ့နိုင်ပါက တိုင်းရင်းသားအရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေး ရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိခြင်းတို့နှင့် ပြည့်စုံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကိုဦးတည် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကြေညာစာတမ်းဖြင့် တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သည်။ ထို့အတွက် တိုင်းရင်းသား ပါတီများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မည်သည့် အခန်းကဏ္ဍမှ မည်သို့မည်ပုံ ဆက်လက် ပါဝင်နိုင်ခွင့် ရှိသည်ကိုပင် ဆက်လက် စောင့်ကြည့်ရမည့် အနေအထား တစ်ခုအဖြစ် ရှိနေသည်။“လက်ရှိ အစိုးရနဲ့ အပစ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ နေရာမှာဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကျန်နေသေးတယ်။ NLD က အစိုးရ ဖြစ်လာတဲ့အခါမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လို ဆက်လက်ဆောင်ရွက်မလဲ။ ဘယ်လိုပုံစံနဲ့ အကောင်အထည် ဖော်မလဲ ဆိုတာတွေ အရေးကြီးလာတယ်။ အဲဒီတော့ ဒီတိုင်းရင်းသားအရေး ပြည်တွင်းစစ် ရပ်ဖို့၊ အပစ်အခတ် ရပ်စဲဖို့၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကိစ္စများကို ဖော်ဆောင်တဲ့ အခါမှာ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ဆွေးနွေးဖို့ လိုပါတယ်။တကယ် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်တဲ့၊ ဦးတည်တဲ့ ဆွေးနွေးပွဲမျိုးလည်း ဖြစ်ဖို့လိုတယ်” ဟု ဦးအေးသာအောင်က သုံးသပ် ပြောကြားသည်။အစိုးရသစ်နှင့် မဟာမိတ် ဆက်ဆံရေး ရှိခဲ့ဖူးသည့် တိုင်းရင်းသား ပါတီတို့အကြား ဘယ်လောက် အတိုင်းအတာအထိ လက်တွဲ ဆောင်ရွက်နိုင်မလဲအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေဖြင့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ အဖွဲ့ဝင် ပါတီအချို့နှင့် နိုင်ငံရေးအရ မဟာမိတ် ဆက်ဆံမှုများ ရှိခဲ့ပြီး လက်ရှိအချိန်အထိလည်း ရှိနေဆဲပင် ဖြစ်သည်။ UNA မှ ပြုလုပ်သည့် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများ အစည်းအဝေးသို့ NLD ကိုယ်စားလှယ်များ တက်ရောက်မှုများလည်း ပြုလုပ်ခဲ့သည်။UNA သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရခိုင် တိုင်းရင်းသားများပါတီတို့ အပါအဝင် တိုင်းရင်းသားပါတီ ရှစ်ခုဖြင့် ဖွဲ့စည်းထားပြီး အများစုမှာ ၁၉၉၀ ရွေးကောက်ပွဲနိုင် တိုင်းရင်းသားပါတီများ ဖြစ်သည်။ အဆိုပါ ပါတီများ အနေဖြင့် ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင်ဟုဆိုကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။သို့သော် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက် ဆောင်ရွက်မည်ဟုဆိုကာ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ လွှတ်တော်နေရာ အသီးသီးတွင် အများအပြား အနိုင် ရရှိခဲ့သည်။ ရွေးကောက်ပွဲ မတိုင်မီကပင် ရွေးကောက်ပွဲအလွန် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးတို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိကြောင်းလည်း UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက ထုတ်ဖော် ပြောကြားထားသည်။ထို့ပြင် လက်ရှိတွင် UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့အကြား နိုင်ငံရေးအရ နှစ်ဦးနှစ်ဖက် သဘောတူထားသည့် ကိစ္စရပ်မျိုး မရှိသော်လည်း ကောင်းမွန်သည့် နိုင်ငံရေး ဆက်ဆံရေးမျိုးရှိကြောင်း UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီများမှ တာဝန်ရှိသူများက ပြောကြားထားသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲ အပြီးတွင် UNA အဖွဲ့ဝင် နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးရန် ဖုန်းဖြင့်ဆက်သွယ် ကမ်းလှမ်းထားကြောင်းလည်း UNA ခေါင်းဆောင်များက အတည်ပြု ပြောကြားထားရသည်။“တိုင်းရင်းသားအရေး ပြည်ထောင်စုအရေးကို ဆောင်ရွက်တဲ့အခါမှာ တစ်ပါတီ၊ တစ်ဖွဲ့ ဆောင်ရွက်နေတာထက်စာရင် စုပေါင်းပြီးတော့ ဆောင်ရွက်ခြင်းက ပိုပြီးတော့ ထိရောက်တယ်။ ပိုပြီးတော့ အကျိုး ရှိတယ်လို့ မြင်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က သုံးသပ်ပြောကြားသည်။အစိုးရသစ်တွင် ဖွဲ့စည်းမည့် လွှတ်တော်နှင့် နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဖို့အတွက် အားကောင်းလာပြီး ပိုမိုပူးပေါင်း ဆောင်ရွက်လာမယ့် အနေအထားလည်း ရှိလာနိုင်မည်ဟု သုံးသပ်မှုများလည်း ရှိသည်။တစ်ဖက်တွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မဟာမိတ် ဆက်ဆံရေးရှိသည့် တိုင်းရင်းသားပါတီများမှာ တိုင်းရင်းသား မျိုးနွယ်စု အားလုံးကို ကိုယ်စားပြု ဆောင်ရွက်နိုင်ခြင်း ရှိမရှိအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။“အခြား တိုင်းရင်းသား ပါတီများမှလည်း အရွေးချယ်ခံရသည့် ရွေးကောက်ခံရသည့် တိုင်းရင်းသား ပါတီများ အနေဖြင့် ပြည်နယ်တစ်ခုလုံး၏ ကိုယ်စား အမြင်ကျယ်ကျယ်နဲ့ စဉ်းစားဆွေးနွေးနိုင်တဲ့ အနေအထားဖြစ်ဖို့ လိုတယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ်မှာ လီဆူးပါတီတွေ အစရှိသဖြင့် နိုင်တယ်။ လူနည်းစု ပါတီတွေ နိုင်တယ်။ အဲဒီအခါမှာ ကိုယ့်လူမျိုး အတွက်ပဲ ရှေ့တန်းတင်သွားတာမျိုး မဟုတ်ဘဲနဲ့ ပြည်နယ် တစ်ခုလုံးအရေးကို စဉ်းစားပြီးတော့ လုပ်သွားရင် ပိုကောင်းတယ်။ နိုင်ငံရေးက နိုင်ငံရေးလို သွားဖို့လိုတယ်ပေါ့လေ။ အခု နိုင်ငံရေးက လူမျိုးရေး ဖြစ်နေတာမျိုးလေးတွေ တွေ့ရတယ်။ အခုအချိန်မှာ တိုင်းရင်းသား ပါတီတွေရဲ့ အကြီးမားဆုံး စိန်ခေါ်မှုက နိုင်ငံရေးလုပ်တာ မဟုတ်ဘဲနဲ့ လူမျိုးရေးကို ပါတီထောင်ပြီးတော့ လုပ်သလိုမျိုး ဖြစ်လာတာမျိုးလေးတွေ ရှိနေတယ်။ ဆိုတော့ အဲဒါကတော့ တော်တော်လေး သတိထားရမယ့် အချက်ဖြစ်ပါတယ်” ဟု အေးချမ်းမြန်မာ လူမှုအဖွဲ့အစည်းမှ ဒါရိုက်တာ ဦးဆလိုင်းအိုက်ဇက်ခင်က သုံးသပ် ပြောကြားသည်။မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေး အခင်းအကျင်းသစ်တွင် အစိုးရသစ် အနေဖြင့် တိုင်းရင်းသား ပါတီများနှင့် ပူးပေါင်း လုပ်ဆောင်ရန် လမ်းကြောင်းပေးသည့် အနေအထား ရှိမရှိ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဦးစားပေးသည့်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က ဖွဲ့စည်းမည့် အစိုးရသစ် အနေဖြင့်  ရွေးကောက်ပွဲနိုင် မဟာမိတ် တိုင်းရင်းသား ပါတီများနှင့် လက်တွဲ ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့သည့် တိုင်းရင်းသား ပါတီများ၏ နိုင်ငံရေးဆိုင်ရာ တည်ဆောက်မှုနှင့် မျိုးနွယ်စုဆိုင်ရာ ကိုယ်စားပြုနိုင်မှု အခန်းကဏ္ဍတို့မှာလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမည် ဖြစ်သည်။ထို့ပြင်၂၀၁၅ ရွေးကောက်ပွဲ အတွေ့ အကြုံများ အရလည်း လာမည့် အစိုးရသစ်နှင့် နိုင်ငံရေး အခင်းအကျင်းသစ်တွင် တိုင်းရင်းသား ပါတီများ အချင်းချင်းအကြား ချိတ်ဆက် ဆောင်ရွက်မှုများ ပိုမိုခိုင်မာလာနိုင်ဖွယ် ရှိနေသည်။

Most Read

Most Recent