ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် နေထိုင်ရန် အဆောက်အအုံများနှင့် ယင်လုံအိမ်သာများ လိုအပ်လျက်ရှိကြောင်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးဆပ်ကော်မတီထံမှ ဒီဇင်ဘာ ၄ ရက်တွင် သတင်းရရှိသည်။ဟိုက်ပါရွာတွင် စစ်ဘေးရှောင်စခန်း သုံးခုရှိပြီး၊ ဘုန်းတော်ကြီးကျောင်းရှေ့တွင် တစ်နေရာ၊ ညောင်ပင်စခန်းတွင် အမှတ်၂၊ စာသင်ကျောင်းအနီးတွင် အမှတ် ၃ တို့ ရှိကြကြောင်း သိရသည်။မိုင်းရှူးမြို့နယ်၊ ဟိုက်ပါအုပ်စု၊ ဟိုက်ပါရွာ ဒုက္ခသည်များစခန်းများသို့ (၁) နမ့်ပါမုန်း (ပလောင်ရွာ)၊ (၂) နမ့်ပါမုန်း(လီဆူးရွာ)၊ (၃) ကုန်းနိမ်ရွာ၊ (၄) တာဆန်းပူးရွာ၊ (၅) ဟိုနမ်ရွာ၊ (၆) နောင်ခေတ်ရွာ၊ (၈) လွယ်ဖွဲ့ရွာ၊ (၈) ဟိုင်းဟောင်ရွာ၊ (၉) နားပေရွာစသော ရွာပေါင်း ကိုးရွာမှ အိမ်ခြေပေါင်း-၃၁၂ အိမ်ခြေ၊ ကျား- ၅၈၃၊ မ-၈၈၂ ဦး၊ စုစုပေါင်း-၁၄ ၆၅ ဦး ရောက်ရှိနေကြောင်း ဒီဇင်ဘာ ၄ ရက် ညနေပိုင်း စာရင်းဇယားအရ သိရသည်။ဟိုက်ပါ အုပ်စုရှိ စစ်ဘေးရှောင် ဒုက္ခသည်များစခန်းသည် တိုင်းရင်းသားပေါင်းစုံ ရောထွေးနေထိုင်ကြသည်ကို မြင်တွေ့ရပြီး၊ ကျေးသီးမြို့နယ် ဝမ်ဝစခန်းတွင် ရှမ်းတိုင်းရင်းသားအများစု ရောက်ရှိနေကြကြောင်း တွေ့ရသည်။အောက်တိုဘာ ၆ ရက်တွင် ဟိုက်ပါ ရွာသားများသည် စတင်ပြေးလာပြီး၊ နှစ်လကျော် သုံးလအတောအတွင်း လိုအပ်ချက်ပေါင်းများစွာဖြင့် ဒုက္ခများစွာကို ခံစားခဲ့ရကြောင်း တိုင်းရင်းသား စစ်ဘေးရှောင်များက ပြောကြသည်။ ဟိုက်ပါစခန်းတွင် အစားအသောက်များ လုံလောက်စွာ လာလှူကြသော်လည်း သစ်၊ ဝါး၊ သွပ်စသည့် အိမ်ဆောက်ပစ္စည်းများနှင့် အိမ်ဆောက်ရန် ပညာရှင်များလည်း လိုအပ်လျက်ရှိကြောင်း၊ ဆပ်ကော်မတီထံမှ သတင်းရရှိပါသည်။ ဟိုက်ပါစခန်း ဘုန်းတော်ကြီးကျောင်း ရှေ့ရှိ ယာယီတဲများကို ညောင်ပင်စခန်းသို့ ပြောင်းရွှေ့အခြေချမည်ဖြစ်ပြီး၊ ထိုညောင်ပင်စခန်းတွင်လည်း အိမ်သာများ လိုအပ်ချက်ရှိသည့်အပြင် ၎င်းတို့နေထိုင်ရန် အဆောက်အအုံများလည်း အရေးတကြီး လိုအပ်ချက်ရှိနေကြောင်း သိရသည်။“သူတို့ပြေးလာတော့ ဘာမှမပါလာဘူးလေ။ အများပြည်သူတွေ လာလှူပေးလို့ တဲရဲ့ အမိုးအကာတွေ အဆင်ပြေသွားတယ်။ ခု လောလောဆယ် နေရာရွှေ့မယ်။ ဝါးလုံးတွေ ဘာတွေ ပြန်လည်ပြုပြင်ရေးပေါ့။ ဟိုဘက် လေညောင်ပင်ဘက်ကိုပေါ့။ ဒီနားက ဘုန်းကြီးကျောင်း နီးနီးနားနားဆိုတော့ ရှုပ်ရှုပ်ယှက်ယှက်လေ။ အဓိကက ရွှေ့ဖို့ဆိုတာ ဝါးလုံး လိုတယ်။ သွပ်လိုတယ်။ အိမ်ဆောက်ဖို့လေ။ ဘယ်သူမှ လာမမေးဘူး။ လာတဲ့ အဖွဲ့တွေက ဆန်ဆီဆေးဆား စားဖို့သောက်ဖို့ပဲ ပါလာတယ်နော်။ လောလောဆယ်က ဝါးဖိုးရယ် အိမ်ဆောက်ဖို့ရယ် သွပ်တွေရယ်ပေါ့။ သူတို့ က မပြန်ချင်တော့ဘူးတဲ့ ပြောနေတယ်လေ။ ရွာမှာ ပလောင်ရယ်၊ လီရှော သုံးရွာရယ်။ ရှမ်း တစ်ရွာရယ် လုံး၀ ဘာမှမကျန်တော့ဘူးလေ။ ဒီကျောင်းရှေ့မှာပဲဆိုရင် အိမ်ခြေက ၃၁၂ အိမ်လူဦးရေက ၁၄၆၈ ယောက်ပေါ့။ သုံးနေရာပေါင်းပေါ့။ ဘုန်းကြီးကျောင်းနားရယ် ညောင်ပင်နားရယ်ပေါ့။ လျှပ်စစ်မီးကတော့ ၈၈ ကျောင်းသားရယ် ၂၀၀၇ ရွှေဝါရောင်ရယ် ဒီနေ့ ဆင်ပေးမယ်တော့ ပြောနေတာပဲ။ ပါလာတယ် သူတို့လည်း။ အိမ်သာကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဒီဘုန်းကြီးကျောင်းနားမှာ ဆောက်ပေးတော့ အဆင်ပြေပြီ။ ဟိုနားကိုရွှေ့မယ် ဆိုရင်တော့ အိမ်သာက လိုဦးမှာပေါ့။ ငါးခန်းလုပ်ထားတယ်။ ကျန်းမာရေးကတော့ ၈၈ ကျောင်းသားနဲ့ ၂၀၀၇ ရွှေဝါရောင် နိုဝင်ဘာ ၂၇ က ရန်ကုန်ကနေ ရောက်လာတယ်။ ဆေးခန်းက ဖွင့်ထားတာ ခုလက်ရှိမြင်နေရတဲ့ဟာပဲ။ လေး၊ ငါး ရက်ရှိပြီ။ ဟိုက်ပါမှာတော့ ပလောင်တွေ ပြေးလာတော့ တောင်ပေါ်မှာ အေးတယ်လေ။ ဒီမှာ နည်းနည်းပူတော့ အပူဖျားပေါ့။ ကလေးတွေဖျားတယ်။ ဝမ်းလျှော ဝမ်းပျက်တာတော့ မရှိတော့ဘူး။ ကျန်းမာရေး ရောက်လာတော့ အားလုံးကုပေးတယ်” ဟု ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဟိုက်ပါ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်း တာဝန်ခံ ဦးဖိုးအောင်က ပြောကြားသည်။“တာဆန်းဖူးက ပြောင်းလာတာများတယ်။ နှစ်လလောက်ရှိပြီ ။ဒီမှာပြောင်းလာတာ။ အိမ်ခြေက ၅၅ အိမ်ပေါ့။ လူဦးရေကရာ ကျော်တယ်။ လိုအပ်ချက်တွေက ညောင်ပင်စခန်းမှာ အိမ်သာလိုနေတယ်။ အိမ်သာ မရှိသေးဘူး။ ဒီစခန်းတစ်ခုတည်းမှာတောင် လူပေါင်း ရာပေါင်းများစွာ နေတယ်။ နှစ်လလောက်ကို အိမ်သာတစ်လုံးတည်းနဲ့ နေနေရတယ်။ ထပ်ပြောင်းလာဦးမယ်ဆိုရင်တော့ ခက်မယ်။ လုပ်ခိုင်းမယ်လို့ ပြောတယ်။ ဝါးတွေ ဘာတွေ လိုအပ်ချက်ရှိနေတယ်။ အကာတွေ အမိုးတွေ မရှိသေးဘူး။ မီးလည်း ဘာလည်း မရှိသေးဘူး။ ရောဂါတွေ ဘာတွေတော့ ဆေးခန်းသွားကုရတယ်။ အကိုက်အခဲတွေ ဘာတွေဖြစ်တာလောက် ရောဂါကြီးမရှိသေးဘူး။ ရေကရွာထဲ သွားခပ်တယ်။ သောက်ရေလည်း ဒီရေတွင်း မှာပဲ ခပ်ရတယ်” ဟု ဟိုက်ပါ ညောင်ပင်စခန်း ရောက်ရှိနေသာ တာဆန်းဖူးရွာသား စိုင်းမြထွန်းက ပြောကြားသည်။ ညောင်ပင်စခန်းသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ယာယီရွက် ဖျင်တဲများကို လာရောက်လှူဒါန်းသွားကြောင်း၊ လတ်တလောတွင် ထိုတဲများဖြင့်ပင် နေထိုင်ကြကြောင်း မြင်တွေ့ရသည်။ မိုးရွာသည်မှာ နှစ်ရက်တိုင်တိုင် ရွာသွန်းထားသဖြင့် အမိုးအကာ မလုံလောက်သော တဲများကြားထဲတွင် ဒုက္ခသည်များဖြစ်သလို နေထိုင်နေကြရကြောင်း သိရသည်။“တချို့တွေက ယိုးဒယားဘက် ထွက်ပြေးသွားကြတာလည်း ရှိတယ်။ ဒီမှာ လာနေလိုက်၊ လဲချားနဲ့ တောင်ကြီးသွားနေလိုက်နဲ့ ကြာတော့ သွားလိုက် ပြန်လိုက် မနေချင်တော့ဘူးလေ။ ဒါကြောင့် တစ်ဖက်နိုင်ငံကို အပြီးထွက်သွားတဲ့ သူတွေလည်း အများကြီးရှိတယ်။ အထူးသဖြင့် ရှမ်းတွေ ဟိုဘက်မှာ အများကြီးပေါ့။ နောက်တစ်ခါ ထပ်ဖြစ်မယ်ဆိုရင်တော့ သူတို့လည်း ဒီလိုပဲ ထွက်ပြေးလိမ့်မယ်လို့ ထင်ရတယ်။ သူတို့ ဘယ်လောက်တောင် ခံစားခဲ့ရလဲ။ စိတ်ဒဏ်ရာရခဲ့လဲဆိုတာ မသိနိုင်ဘူးလေ” ဟု ကျေးသီးဒေသခံ စိုင်းအောင်မိန်းက သုံးသပ်ပြသည်။ထို့ပြင် ဟိုက်ပါ ဘုန်းတော်ကြီးကျောင်း ယာယီစခန်းတွင် UNICEF, OCHA, WFP, UNDSS, Save the Children, MSF, Red Cross စသော နိုင်ငံတကာအဖွဲ့ပေါင်းစုံတို့သည် need assessment အတွက် ဟိုက်ပါသို့ ရောက်ရှိနေကြောင်း မြင်တွေ့ရသည်။ ၈၈ ကျောင်းသားများနှင့် ၂၀၀၇ ရွှေဝါရောင် သံဃာတော်များ အဖွဲ့ကလည်း ဟိုက်ပါဘုန်းတော်ကြီးကျောင်းစခန်းတွင် ယာယီတဲတန်းရှည်များဖြင့်နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ ဆေးပေးခန်းများ ဖွင့်လှစ်ပြီး တိုင်းရင်းသားများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့ နယ်၊ ဟိုက်ပါစခန်းတွင် အဖွဲ့ပေါင်းစုံ ရောက်ရှိနေသော်လည်း လိုအပ်ချက်ပေါင်းများစွာ ရှိနေသေးကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် နေထိုင်ရန် အဆောက်အအုံများနှင့် ယင်လုံအိမ်သာများ လိုအပ်လျက်ရှိ















