တနင်္သာရီမြို့နယ် တကူကျေးရွာတွင် ကောင်းကင်မှ ထူးခြားစွာ ရွှေရောင်ငွေရောင် အပိုင်းအစများ ကျဆင်းခဲ့ကြောင်း သိရသည်။မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု၊ တကူသံတိုက်တွင် ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် ကောင်းကင်မှ ရွှေရောင်၊ ငွေရောင်အပိုင်းအစများ ကျဆင်းလာခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါအဖြစ်အပျက် မဖြစ်ပွားမီ တကူသံတိုက် မူလွန်ကျောင်းဝင်းအတွင်း မိုးအုံ့နေပြီး ရွှေရောင်၊ ငွေရောင် အပိုင်းအစများမှာ ကျောင်းဝင်းအတွင်းသို့ အဓိက ကျဆင်းလာခြင်းဖြစ်ပြီး တနင်္သာရီမြစ်ပြင်အတွင်းသို့လည်း အနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။
ရွှေရောင်၊ ငွေရောင်အပိုင်းအစများအား တွေ့ရစဉ်
“ဖြစ်တာက ညနေ ၄ နာရီလောက်မှာ ဖြစ်တာပါ။ ညနေ ၃ နာရီ ကျောင်းဆင်းပြီးတဲ့နောက်မှာ ကျောင်းသားတွေ ခဏနားပြီး အချိန်ပိုသင်ပေးနေတဲ့အချိန်မှာ ကောင်းကင်ကနေ ရွှေရောင်၊ ငွေရောင် အပိုင်းအစတွေ ကျလာတာ ဖြစ်ပါတယ်။ ကျောင်းသားလေးတွေလည်း အပြင်ကို သွားရောက်ပြီး လုံချည်တွေနဲ့ ခံထားကြတယ်။ ကျွန်တော်တို့ ကျောင်းဝင်းအတွင်းကိုပဲ ကျလာတာဖြစ်ပါတယ်။ တနင်္သာရီမြစ်ထဲကို နည်းနည်းကျ လာတယ်။ ၁၀ မိနစ်လောက်အထိ ဆက်တိုက် ကျလာနေပြီး နောက်ပိုင်းမှာ မိုးနည်းနည်းရွာလာတယ်။ မိုးကလည်း ၅ မိနစ်လောက်အထိ ရွာပြီး ပြန်တိတ်သွားတယ်။ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတာ အခုထိ မပြောနိုင်သေးပါဘူး။ ရွာအုပ်ချုပ်ရေးပိုင်းတွေလည်း လောလောဆယ် ဘာမှ မသုံးသပ်နိုင်ကြသေးဘူး။ အဖြစ်အပျက်က နည်းနည်းထူးဆန်းနေတယ်။ ကိုယ်တွေ့ကြုံလိုက်ရလို့ပဲ ဘယ်လိုဖြစ်ပြီး ဒီရွှေရောင်၊ ငွေရောင် အပိုင်းအစတွေ ကျလာလဲဆိုတာ မသိရှိနိုင်ဘူး ဖြစ်နေတယ်”ဟု တကူ သံတိုက်မူလွန် ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က ပြောကြားသည်။ထူးခြားမှုဖြစ်စဉ်အဖြစ် ရွှေရောင်၊ ငွေရောင် အပိုင်းအစများ မကျရောက်လာမီ ကျောင်းဝင်းအပေါ် မိုးကောင်းကင်တွင် တစ်နေရာတည်း ကွက်၍ မိုးအုံ့နေကြောင်း၊ ကျန်သည့်ကျေးရွာများနှင့် အနီးနားနေရာများ တွင်မူ မိုးသား ကင်းစင်နေကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။“ဒီအနီးနား တစ်ဝိုက်မှာလည်း ဘာသတ္တုတူးဖော်ရေး လုပ်ကွက်မှလည်း မရှိပါဘူး။ လေပွေတိုက်တာတွေလည်း မဖြစ်ပေါ်ဘူး။ မိုးနည်းနည်းအုံ့ပြီး ရွှေရောင်၊ ငွေရောင် အပိုင်းအစတွေ ကျလာတာပဲ။ ဒါပေမဲ့ နာရီ ပိုင်းလောက်ပဲ ခံပါတယ်။ ညပိုင်းနှင့် မနက်ပိုင်းမှာ အဲဒီရွှေပြားလေးတွေက မဲသွားတယ်။ ကိုယ်ပေါ်မှာ လာကပ်နေတဲ့ အဲဒီအပြားလေးတွေကြောင့် ကလေးတွေရဲ့ အရေပြားတွေမှာလည်း ဘာမှမဖြစ်ခဲ့ပါဘူး”ဟု ကျောင်းအုပ်ကြီး ဦးသိန်းဇော်က ပြောကြားသည်။တနင်္သာရီမြစ်ဖျားပိုင်းတွင် ပါဝင်သော တကူကျေးရွာမှာ မြစ်ကမ်းနံဘေးတွင် ရွာတည်ထားပြီး တကူကျေးရွာ အထက်ဘက် ဝေးလံသည့် နေရာများဖြစ်သော ကျောက်လုံးကြီး၊ ဘောလူးချောင်းနှင့် ထားဝယ်ဘက်ရှိ အောင် သာဝရ နေရာများတွင် ချောင်းအတွင်း ရွှေတူးဖော်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ မည်သည့် အကြောင်းရင်းကြောင့် ကျဆင်းလာခြင်း ဖြစ်သည်ကို မသိရှိရသေးသော်လည်း ပြဒါးလို အပြားလေးများ ဖြစ်နိုင်ကြောင်း မြက်ခင်းပြင်တွင် ပြဒါးအရောင်လို ပုံစံမျိုး ကျန်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။“ဒီကိစ္စက နည်းနည်းထူးဆန်းပြီး ရှုပ်ထွေးနေတယ်။ ကိုယ်တိုင်လည်း မကြုံ တွေ့ခဲ့တော့ ပညာရှင်အဆင့်ရှိတဲ့ သူတွေပဲပြောနိုင်လိမ့်မယ်။ မြိတ်မြို့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောနိုင်တဲ့သူတွေလည်း မရှိနိုင်ဘူး။ အခု သတ္တုရုံးမှာကလည်း အရာရှိနှစ်ဦးစလုံးက တာဝန်နဲ့ ခရီးထွက်နေရတယ်။ အနီးနားမှာ သတ္တုသိုက် တချို့ရှိတယ်။ အထက်ဘက်မှာ ရွှေကျင်နေတဲ့ သူတွေရှိတယ်။ အဲဒါတွေနဲ့ ဆက်စပ်နေမလားမသိဘူး”ဟု မြိတ်ခရိုင် သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးရီ က ပြောကြားသည်။“ရွာမှာတော့ ရွှေမိုး ငွေမိုး ရွာတယ်ဆိုပြီး ပြောနေကြတာပဲ။ အဖြစ်အပျက်က နည်းနည်း ထူးဆန်းတယ်။ ကျွန်တော်ကတော့ ကိုယ်တွေ့ မကြုံလိုက်ရတဲ့အတွက် အသေးစိတ် မပြောနိုင်ဘူး ဖြစ်နေတယ်။ ဖြစ်ပွားတာကတော့ မှန်ပါတယ်“ဟု တနင်္သာရီမြို့နယ်မှ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် တကူကျေးရွာသားဖြစ်သူ ဦးအောင်သူရက ဆိုသည်။ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံအထက်ပိုင်းတွင်လည်း ကောင်ကင်မှ ထူးဆန်းသည့်အရာများ ကျဆင်းလာခြင်း၊ ဟောင်ကောင်တွင် စိန်များ ကောင်းကင်မှ ကျဆင်းလာသည်ဟု သတင်းများ ထွက်ပေါ်လာခြင်း၊ သြစတြေးလျတွင် ထူးခြားသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်ပြီး မိုးကြိုး အကြိမ်ရေများစွာ ပစ်ချမှုများ စသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့နယ် တကူကျေးရွာတွင် ဖြစ်ပေါ်ခဲ့သော အဆိုပါဖြစ်စဉ်မျိုးမှာ ပထမဆုံးဖြစ်စဉ် ဖြစ်ပြီး ကျဆင်းလာ သည့် ရွှေရောင်၊ ငွေရောင်အပိုင်းအစများမှာလည်း နောက်ပိုင်းတွင် အမဲရောင် ဖြစ်သွားကြောင်း သိရသည်။“မိုးလေဝသနဲ့ ပတ်သက်ပြီး တနင်္သာရီဘက်မှာ ထူးထူးခြားခြား ဘာမှမတွေ့ရပါဘူး။ မိုးလေဝသဌာနလည်း တနင်္သာရီဘက်မှာ သီးသန့်မရှိပါဘူး။ တနင်္သာရီတစ်တိုင်းလုံးရဲ့ ရာသီဥတုအခြေအနေနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ပဲ တွေ့ရှိရပါတယ်။ တခြားထူးခြားမှု မရှိပါဘူး” ဟု မြိတ်မြို့နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန (အထက်လေ ကြောင်းဌာန ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။















