ပန်ဒိုရာအဆီချလုပ်ငန်းမှ ဝန်ထမ်းမိန်းကလေးတစ်ဦးအား ခွေးလှောင်အိမ်တွင်း ပိတ်လှောင်ညှဉ်းပန်းနှိပ်စက်သည့်ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းရှင်ဘက်မှ မဟုတ်ကြောင်း ငြင်းဆိုရှင်းလင်းမှုကို ဒီဇင်ဘာ ၅ ရက်က ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ယင်းအဆီချလုပ်ငန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ထိုဆိုင်မှ မန်နေဂျာနှင့် ဝန်ထမ်းများက နစ်နာသူ မဇာလီဝင်း ပြောကြားခဲ့သည့် ခွေးလှောင်အိမ်အတွင်း ထားခြင်း၊ ခွေးသောက်သည့်ရေကိုသာ သောက်ရခြင်းဆိုသည်မှာ မဟုတ်မှန်ဘဲ ရရှိသည့်ဒဏ်ရာမှာလည်း ဆိုင်တွင် ချေးယူထားသော အကြွေးများ မပေးချင်၍ မိမိကိုယ်ကိုယ် ဒဏ်ရာရရှိအောင် အိမ်ခေါင်မိုးရေစင်မှ ခုန်ချခြင်းသာဖြစ်သည်ဟု အသီးသီးပြောကြားခဲ့သည်။မန်နေဂျာ မဆွေဆွေမြင့်က “ကျွန်မ ရွှေဆွဲကြိုးနဲ့ လက်စွပ် ပျောက်သွားတာကို နှစ်လအကြာမှာ သူဟင်းခိုးစာတာမိရင်း ရွှေကိုလည်း သူခိုးတယ်လို့ ဝန်ခံပါတယ်။ အဲဒီလို ဝန်ခံတာကိုလည်း စာချုပ်မှာ လက်မှတ်ထိုးထားပါတယ်။ သူခိုးတဲ့ရွှေကို လစာထဲကနေ ပြန်ဆပ်ပါ့မယ်ဆိုလို့ ကျွန်မတို့က အမှုမဖွင့်တာပါ။ နောက်ပြီး အကြွေးတွေမပေးချင်လို့ ခြေထောက်ကျိုး ဒဏ်ရာရအောင် ရေစင်ပေါ်ကနေ ခုန်ချပြီးတဲ့နောက် သူ့မိဘတွေဆီကို အကြွေးတွေဆပ်ဖို့နဲ့ သူ့ကို ပြန်လာခေါ်ဖို့ ကျွန်မတို့ သုံးကြိမ်တိတိ အကြောင်းကြားခဲ့ပါတယ်။ အဲဒီနောက် အခုလို အင်တာနက်စာမျက်နှာတွေကနေ ပျံ့နှံ့ပြီး ဒီလိုအခြေအနေအထိ ဖြစ်ကုန်တာပါ။ ကျွန်မတို့နဲ့ သူ ဒီဆိုင်မှာ နေခဲ့တဲ့တစ်လျှောက် အလုပ်ရှင်လင်မယားက ဝန်ထမ်းတွေကို ရိုက်နှက်ခြင်း၊ ဝန်ထမ်းအချင်းချင်း ရိုက်နှက်ခြင်း လုံးဝမရှိပါဘူး။ သူ လီဆယ်တိုင်ကြားမှုတွေအတွက် နောက်ပိုင်း လုပ်စရာရှိတာ ဆက်လုပ်မယ်။ လောလောဆယ် အထင်မှားအမြင်မှားတာတွေကြောင့် ကျွန်မတို့ဆိုင်အတွက် အရမ်းနစ်နာနေရတာမို့ အခုလို အရင်ရှင်းလင်းတာပါ” ဟု ဆိုသည်။ထိုကဲ့သို့ မဟုတ်မှန်ကြောင်း ရှင်းလင်းပြောဆိုမှုတွင် ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများသာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပန်ဒိုရာအဆီချလုပ်ငန်းပိုင်ရှင် ဦးလှဌေးနှင့် ဇနီး ဒေါ်တင်နွယ် မောင်တို့ကမူ လာရောက်ခြင်း မရှိခဲ့ပေ။ ပိုင်ရှင် ဦးလှဌေးမှာလည်း စသုံးလုံးမှ ဗိုလ်မှူးဖြစ်ကြောင်း ပြောဆိုနေမှုနှင့်ပတ်သက်၍လည်း မဟုတ်မှန်ကြောင်း ငြင်းဆိုသော်လည်း မြေရောင်းမြေဝယ် လုပ်ကိုင်သည်ဟုသာ သိရှိကြောင်း၊ မီဒီယာများက ပိုင်ရှင်ဦးလှဌေးနှင့် တွေ့ဆုံလိုကြောင်း ပြောကြားရာ လူမတွေ့လိုဘဲ ဖုန်းနှင့်သာ ဖြေကြားလိုပါကြောင်း တစ်ဆင့်ပြောကြားခဲ့သည်။
ပန်ဒိုရာအဆီချလုပ်ငန်းက ဝန်ထမ်း မိန်းကလေးတစ်ဦးအား ခွေးလှောင်အိမ် အတွင်း ပိတ်ကာ ညှဉ်းပန်းနှိပ်စက်မှုမှာ မဟုတ်မှန်ကြောင်း လုပ်ငန်းရှင်ဘက်မှ ငြင်းဆို















