နိုဝင်ဘာလအတွင်း နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ၃၈၆ ဦး သေဆုံးပြီး ၂၁၇၁ ဦး ဒဏ်ရာရ

နိုဝင်ဘာလအတွင်း နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ၃၈၆ ဦး သေဆုံးပြီး ၂၁၇၁ ဦး ဒဏ်ရာရ
Published 5 December 2015
ဝေလင်းအောင်

ယခုနှစ် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၃၅၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၈၆ ဦးနှင့် ဒဏ်ရာရရှိသူ၂၁၇၁ ဦးအထိ ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ၂၅၀မှု၊ သေဆုံး သူ ၅၇ ဦး၊  ဒဏ်ရာရရှိသူ ၃၂၄ ဦးအထိရှိပြီး ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၁၇၉မှု၊ သေဆုံးသူ ၅၆ ဦး၊ ဒဏ်ရာရရှိသူ ၃၀၅ ဦးနှင့် မန္တလေး တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၁၆၉ မှု၊ သေဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရရှိသူ ၂၅၁ ဦးအထိ ရှိခဲ့သည်။ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ အထက်ပါ တိုင်းဒေသကြီးသုံးခုထက် ယာဉ်တိုက်မှုလျော့နည်းခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုဖြစ်စဉ် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ရန်ကုန် တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအများစုမှာ ယာဉ်မောင်းများ စည်းကမ်းချိုးဖောက်၍ မဆင်မခြင် မောင်းနှင်မှုများကြောင့် ဖြစ်ပြီး လမ်းအသုံးပြုသူများအနေဖြင့် စည်းကမ်းမဲ့ လမ်းကူးသွားလာမှုကြောင့်လည်း ဖြစ်ပွားကြောင်း ရန်ကုန်အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။ထိုသို့ရန်ကုန်မြို့အတွင်း စည်းကမ်းချိုးဖောက်သည့် ယာဉ်များအား ဓာတ်ပုံများရိုက်ကူး၍ Online Complaint Centre (OCC) သို့ Viber မှတစ်ဆင့် တိုင်တန်းခဲ့သဖြင့် အရေးယူသည့် အမှုပေါင်း ၃၅၀၀ကျော်ရှိသည့် အနက် လမ်းပြောင်းပြန် မောင်းနှင်မှုမှာ ကျူးလွန်မှု အများဆုံးဖြစ်ကြောင်း အမှတ်(၂) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရသည်။Viber မှတိုင်ကြားမှုများအား အရေးယူသည့် ယာဉ်အစီးရေမှာ သြဂုတ်လတွင် ၂၅၈ စီး၊ စက်တင်ဘာလတွင်၁၄၉၂ စီး၊ အောက်တိုဘာလတွင်၁၀၅၂ စီး၊ နိုဝင်ဘာလအတွင်းအထိ ၇၅၀ စီးကျော်အထိရှိကြောင်း သိရှိရသည်။အဆိုပါ စည်းကမ်း ချိုးဖောက်ကာ သွားလာမောင်းနှင်သည့် ယာဉ်များအား အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဆင့်ခေါ်စာများ ပေးပို့ကာ ကျူးလွန်သည့် အမှုအမျိုး အစားအလိုက် ငွေဒဏ်၊ ထောင်ဒဏ်စသည်တို့ကို တရားရုံးက ယာဉ်မောင်းနှင်သူများကို ပြစ်ဒဏ်များ ချမှတ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထိုသို့အရေးယူရာတွင် ၂၀၁၅ခုနှစ် စက်တင်ဘာ ၇ ရက်၌ အသစ်ထွက်ရှိခဲ့သည့် မော်တော်ယာဉ် ဥပဒေစာအုပ်ပါ ပြစ်ဒဏ်များအလိုက် အရေးယူသွားမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိ ယရဲမှူးကြီးအောင်ကိုဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။ 

Most Read

Most Recent