လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် နိုင်ငံရေးပင်စင် ဥပဒေကြမ်းတို့ကို ဆောင်ရွက်နေဟု လွှတ်တော် အခွင့်အရေး ကော်မတီ အစီရင်ခံစာတင်

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် နိုင်ငံရေးပင်စင် ဥပဒေကြမ်းတို့ကို ဆောင်ရွက်နေဟု လွှတ်တော် အခွင့်အရေး ကော်မတီ အစီရင်ခံစာတင်
Published 4 December 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် နိုင်ငံရေးပင်စင် ဥပဒေကြမ်းတို့ကို ဆက်လက်ဆောင်ရွက်နေကြောင်း ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေး ကော်မတီက  အစီရင်ခံစာ တင်သွင်းခဲ့သည်။
နေပြည်တော်တွင် ဒီဇင်ဘာ ၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော် အခွင့်အရေး ကော်မတီက အစီရင်ခံစာ တင်သွင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြ ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် လွှတ်တော် အခွင့်အရေး ကော်မတီသို့ တာဝန်ပေးထားသည့် ဥပဒေ ၄၆ ခုအနက် ကိုးခုမှာ ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ ဆောင်ရွက်ဆဲ ဥပဒေနှစ်ခုရှိကာ ကျန်ဥပဒေများမှာ လေ့လာဆဲဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေ၊ နေပြည်တော်ကောင်စီ၊ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေ စသည့်ဥပဒေတို့ကို ပြဋ္ဌာန်းပြီးဖြစ်ကြောင်း  အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပုဒ်မ ၃ ပါ ပုဒ်မခွဲ (က) တွင် ပါရှိသော “ကျပ်သုံးသိန်း” ဆိုသည့် စကားရပ်ကို “ကျပ်တစ်ဆယ်သိန်း” ဖြင့် အစားထိုး၍လည်းကောင်း၊ ပုဒ်မခွဲ(ခ)တွင် ပါရှိ သော “ကျပ်နှစ်သိန်း” ဆိုသည့် စကားရပ်ကို “ကျပ်ငါးသိန်း” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ဥပဒေပုဒ်မ ၆ တွင် ပါရှိသော “ကျပ် ၂၀၀၀” ဆိုသည့် စကားရပ်နှင့် “ကျပ် ၃၀၀၀” ဆိုသည့် စကားရပ်တို့ကို “ကျပ် ၅၀၀၀” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ ဥပဒေ ပုဒ်မ ၈တွင်ပါရှိသော “ကျပ် ၅၀၀၀” ဆိုသည့် စကားရပ်ကို “ကျပ်တစ်သောင်း” ဖြင့်လည်းကောင်း အသီးသီး အစားထိုး၍ ဥပဒေပြင်ဆင်ရန် ဥပဒေကြမ်း ကော်မတီနှင့် ပူးပေါင်းကာ လွှတ်တော်သို့ တင်ပြဆောင်ရွက် နိုင်ခဲ့ကြောင်း ကော်မတီက ဆိုသည်။
လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် နိုင်ငံရေးပင်စင် ဥပဒေကြမ်းတို့ကို ဆောင်ရွက်ဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ကျင်းပဆဲ လွှတ်တော် အစည်းအဝေး၌ အတည်ပြုနိုင်ရေး စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။
“ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ တင်ပြရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်က ပြဋ္ဌာန်းပေးပို့ဖို့ လိုအပ်တာ အမှန်ဖြစ်ပါတယ်။ သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ (ခ) မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တိုင်တန်းနိုင်တယ်လို့ ပါရှိပါတယ်။ ဒီပြဋ္ဌာန်းချက်မှာပါတဲ့ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းအတိုင်း ပြဋ္ဌာန်းလိုက်တယ်ဆိုရင် အလွယ်တကူ ရနိုင်တဲ့ အခွင့်အရေးကို အသုံးပြုပြီး လွှတ်တော် ကိုယ်စားလှယ်များ အချင်းချင်း၊ ပါတီများ အချင်းချင်း၊ ပါတီအဖွဲ့အစည်းများ အချင်းချင်း အားပြိုင်မှုများ ပေါ်ပေါက်လာပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်တဲ့ အခြေအနေများ ဖြစ်ပေါ်လာနိုင်တာကို ကိုယ်စားလှယ်များလည်း သုံးသပ်စဉ်းစား မိကြမှာပါ။ ဒါကြောင့် လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၆ ပုဒ်မခွဲ(ခ)ကို ပယ်ဖျက်နိုင်ဖို့ အဆိုပြုချက် ထည့်သွင်းပြီး အဆိုပြုချက် အောင်မြင်ခဲ့ရင် ဥပဒေပြုတဲ့အခါမှာ သင့်တော်တဲ့ ရာခိုင်နှုန်းတစ်ခု ထည့်သွင်းပြဋ္ဌာန်းဖို့ ရည်ရွယ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ရှင်းလင်းပြောကြား ထားသည်။
“ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း မအောင်မြင် ခဲ့တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ၂၃.၇. ၂၀၁၅ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေနဲ့ လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပြီး သဘောထားမှတ်ချက် အစီရင်ခံစာကို ထပ်မံတင်ပြရန် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားထားသည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးများ၌ ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေး အတည်ပြုခြင်းများကို လွှတ်တော် ဆုံးဖြတ်ချက်ဖြင့် ရပ်နားခဲ့သည်။
 

Most Read

Most Recent