“မြစ်ဆုံစီမံကိန်းကိုတော့ မလုပ်ရင် အကောင်းဆုံးပဲ” - ပြန်လည် ရွေးကောက်ခံရသည့် လီဆူးတိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူနှင့် တွေ့ဆုံခြင်း

“မြစ်ဆုံစီမံကိန်းကိုတော့ မလုပ်ရင် အကောင်းဆုံးပဲ” - ပြန်လည် ရွေးကောက်ခံရသည့် လီဆူးတိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူနှင့် တွေ့ဆုံခြင်း
Published 4 December 2015
စိုးမင်းထိုက်

ဦးဂျေယောဝူသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၂) လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသူများအနက် ဦးဂျေယောဝူ တစ်ဦးတည်းသာ အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ဦးဂျေယောဝူက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပုံ၊ NLD ပါတီက တိုင်းဒေသကြီးများ၌သာမက တိုင်းရင်းသားဒေသများဖြစ်သည့် ပြည်နယ်များတွင်လည်း မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့မှုကြောင့် ဖြစ်လာနိုင်သည့် အလားအလာ၊ ကချင်ပြည်နယ်တွင် အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမည့် အရေးကိစ္စများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအပေါ် ပြည်သူတို့၏ အမြင်နှင့် မြစ်ဆုံရေကာတာ စီမံကိန်း အပါအဝင် အခြား အကြောင်းအရာကိစ္စများကို ပြောကြားခဲ့ သည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။မေး-ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရတာနဲ့ ပတ်သက်လို့ ဘာကြောင့်လို့ ထင်ပါသလဲ။ဖြေ-အဓိက ကတော့ မိဘပြည်သူတွေရဲ့ မေတ္တာပဲပေါ့။ ဘုန်းကြီးဘဝနဲ့ရော၊ လူထွက်ပြီးတော့ရော ဗုဒ္ဓဘာသာလိုဆိုရင် ကံတရားပေါ့။ ခရစ်ယာန် ဘာသာအရဆိုရင် ဘုရားသခင် အလိုတော်အရပေါ့။ အဲဒီလိုပဲ ယူဆပါတယ်။မေး- ကက်သလစ် ဘုန်းတော်ကြီးအဖြစ် ခြောက်ဝါရခဲ့ဖူးတာကလည်း ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အထောက်အကူ ပြုခဲ့တယ်လို့ ထင်ပါသလား။ဖြေ- ကက်သလစ် ဘုန်းကြီးဆိုပေမယ့် ကျန်တဲ့ ခရစ်တော်အသင်းတွေ၊ တောင်တန်းဒေသ သာသနာပြုကျောင်းက ဘုန်းတော်ကြီးတွေနဲ့လည်း လက်တွဲ လုပ်ဆောင်ခဲ့ပါတယ်။ ဒေသ အကျိုးအတွက်လည်း ပါတာပေါ့။ ခွဲခြားမှုမရှိ ဘဲ အားလုံးနဲ့ ဆက်ဆံခဲ့ပါတယ်။ ကက်သလစ် ဘုန်းတော်ကြီး လုပ်ခဲ့တာကလည်း အထောက်အကူ ဖြစ်ခဲ့တာလည်း ပါပါတယ်။မေး-NLD၊ USDP စတဲ့ အင်အားကြီးပါတီတွေအပြင် ကချင်ပြည်နယ် ဒီမိုကရေစီပါတီလို ဒေသခံပါတီတွေနဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့အပေါ်မှာလည်း သုံးသပ်ပေးပါဦး။ဖြေ- အဲဒီပါတီကြီးတွေနဲ့ ယှဉ်ခဲ့ရပါတယ်။ ခက်ခက်ခဲခဲ၊ ခဲရာခဲဆစ် ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့  NLD က ကိုယ်စားလှယ်လောင်းကလည်း တကယ်တော်တဲ့သူပါ။ ကျွန်တော့်အနေနဲ့ နှမြောတောင် နှမြောမိတယ်။ ဘာကြောင့်လဲဆိုရင် သူက ဥပဒေအရာရှိ အငြိမ်းစားပေါ့။ အဓိက ကတော့ သူနဲ့ ပြိုင်ခဲ့ရတာပါ။ ပြည်ခိုင်ဖြိုးရယ်၊ အန်ဒီအက်ဖ်၊ ဒေါက်တာတူးဂျာတို့ပါတီက ပြိုင်တဲ့သူကလည်း တကယ့်လူတော်တွေပါပဲ။ မြစ်ဆုံစီမံကိန်း ကိစ္စက ကျွန်တော့်အတွက် အားသာချက်ဖြစ် သွားတယ်လို့ ယူဆမိပါတယ်။ ဒေသခံတွေက သူတို့အတွက် တကယ် အားကိုးလောက်တဲ့သူလို့ ယူဆပြီး မဲပေးခဲ့ကြတာပါ။ အဲဒီလိုကြောင့် ကျွန်တော် အနိုင်ရခဲ့တယ်လို့ ယူဆပါတယ်။ မေး- အခုလို အနိုင်ရရှိဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေ ဘယ်လို လုပ်ခဲ့ပါသလဲ။ဖြေ- ကျွန်တော့်အနေနဲ့ လွှတ်တော်လည်း တက်တယ်။ ခွင့်ယူပြီးတော့လည်း ဒေသအကျိုးအတွက် ပြန်လည် ဆောင်ရွက်တာတွေရှိတယ်။ ကျွန်တော့်ဆီမှာက ခြေကျင် ခရီးသွားရတာပဲ များပါတယ်။ ကိုယ့်အထုပ် ကိုယ်ထမ်း ပြီးသွားရတာပေါ့။ အဲဒါကို ပြည်သူတွေက နှစ်ခြိုက်သွားတယ် ထင်ပါတယ်။ ကျွန်တော် တတ်နိုင်တဲ့ အဝတ်အစားတွေ ပေးတာတွေ ရှိတာပေါ့။ ဒေသခံတွေနဲ့ အေးအတူပူအမျှ ခံစားခဲ့ပါတယ်။ မဲအနေနဲ့ကတော့ ၁၃၀၀ ကျော်လောက်နဲ့ အနိုင်ရခဲ့ပါတယ်။ ၂၀၁၀ မှာတုန်းကဆို မဲအရေအတွက် ၉၀၀၀ လောက်နဲ နိုင်ခဲ့တယ်။ အခုလို ပြိုင်ရတာမျိုးပဲ ဖြစ်သင့်ပါတယ်။မေး- အခုရွေးကောက်ပွဲမှာ NLD ပါတီက တိုင်းဒေသကြီးတွေမှာသာမက တိုင်းရင်းသား ဒေသတွေဖြစ်တဲ့ ပြည်နယ်တွေမှာလည်း မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာဟာ ဘာကြောင့်လို့ ထင်ပါသလဲ။ဖြေ- အဓိက ကျွန်တော် ထင်တာကတော့ လွှတ်တော်တက်နေတဲ့ အချိန်ကစပြီးတော့ ၂၀၁၂ နောက်ပိုင်းကတည်းက NLD အနေနဲ့ သိနေပြီ။ပြည်သူတွေက အပြောင်းအလဲ လိုနေတယ်ဆိုတာကို။ အန်တီစုက လူတော်၊ လူကောင်း၊ နိုင်ငံတကာ မျက်နှာဖုံးပဲလေ။ မြန်မာနိုင်ငံအနေနဲ့တောင် မဟုတ်ဘူး။ လူတွေက အန်တီစုကို ဗိုလ်ချုပ်ရဲ့သမီးလည်း ဖြစ်တယ်။ သူကိုယ်တိုင်ကလည်း နှစ်ပေါင်း ၂၀ လောက် အချုပ်အနှောင်နဲ့ နေခဲ့ရတာကို။ NLDကို ပြည်သူက တအားကြိုက်နေတာကို။ မီဒီယာတွေဖြစ်တဲ့ အသံလွှင့်ဌာနတွေက လည်း Highlight လုပ်ပေးတယ်။ တွန်းတင်တာလည်း ပါတာပေါ့။ ၂၀၁၂ မှာလည်း ပြိုင်တဲ့နေရာတိုင်းမှာ အန်တီစုက အနိုင်ရခဲ့တယ်။ အခုလို ပြည်နယ်တွေကလည်း ပထမဆုံးပဲပေါ့။ ပြည်သူတွေကလည်း လက်ခံတော့ မြေပြိုကမ်းပြို အနိုင်ရသွားတာပေါ့။ အဲဒီလို ယူဆမိပါတယ်။မေး- တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဝင်ပြိုင်သူတွေထဲမှာ ဦးဂျေယောဝူတစ်ယောက်တည်းသာ အနိုင်ရရှိတာနဲ့ ပတ်သက်လို့ရော ဘာကြောင့်လို့ ထင်ပါသလဲ။ဖြေ- ပြောရရင်တော့ ပါတီမှာလည်း အလှုပ်ရှားဆုံး သူတစ်ယောက်လို့ ပြောရမှာပေါ့။ အဓိကပြောရရင်တော့ လူငယ်ဖြစ်တာလည်း ပါပါတယ်။ ကျွန်တော်တို့ပါတီမှာက အသက်ကြီးပိုင်းတွေ များပါတယ်။ ၄၆ နှစ်ဆိုတဲ့ ကျွန်တော်က အငယ်ဆုံး ဖြစ်ပါတယ်။ နောက်တစ်ခုက မဆလပါတီဆိုပြီး အစွဲတွေဖြစ်နေတယ်။ ဒီပါတီနိုင်သွားရင် အရင်တုန်းကလို ဖြစ်နေဦးမယ် ဆိုပြီး ပြည်သူတွေရဲ့ စိတ်ထဲမှာ ရှိနေသေးတယ်။ တစညကို မဆလလို့ပဲ မြင်နေကြတယ်။ အမှန်တော့ အဲဒီလို မဟုတ်ပါဘူး။ကျွန်တော်တို့ ပါတီက ကြားညပ်သွားတယ်လို့ ထင်ပါတယ်။ စနစ်ဟောင်းရဲ့ဒဏ်ကို ကျွန်တော်တို့ပါတီက ခံစားနေရတုန်းပဲ။မေး- အခုလို NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရလာတဲ့အတွက် တိုင်းရင်းသားပါတီတွေ၊ တခြားပါတီတွေ အနေအထားက ဘယ်လိုများ ဖြစ်လာနိုင်ပါသလဲ။ဖြေ- အခုကတော့ သူတို့က အာဏာရပါတီ ဖြစ်သွားပြီပေါ့။ သူတို့ဆီမှာ အာဏာအပြည့်အ၀ ရှိသွားတာ တိုင်းရင်းသားတွေအတွက် သိပ်တော့ ကောင်းပုံမရဘူး။ ကျွန်တော်တို့ တိုင်းရင်းသားတွေ အားလုံးက သူတို့ရဲ့ လက်အောက်မှာပဲ ဖြစ်သွားတယ်။ ပြည်နယ်ပါတီတွေ နိုင်တယ်ဆိုရင် ဗဟိုအစိုးရနဲ့ Level ညှိနှိုင်းလို့ ရတယ်။ အခုကတော့ ပြည်နယ်တွေမှာ နိုင်တဲ့ တိုင်းရင်းသားပါတီက ရှားတယ်လေ။ ကျွန်တော်တို့အနေနဲ့ နားထောင်ရတော့မှာပေါ့။ ရခိုင်နဲ့ ရှမ်းပြည်လောက်ပဲ တိုင်းရင်းသားပါတီတွေ အနိုင်ရခဲ့တာကိုး။ တခြား ဒေသတွေကတော့ NLD ပါတီရဲ့ ဦးဆောင်မှုကို ခံရမှာပေါ့။ အဲဒီလိုမျိုးတော့ ခံစားရတာပေါ့။ ကျွန်တော်တို့ ပြည်နယ်ဆိုရင် တိုင်းရင်းသားပါတီတွေ သိပ်မနိုင်တော့ Level မညှိနိုင်ဘူးပေါ့။ ဒါပေမဲ့ အန်တီစုကတော့ တိုင်းရင်းသားတွေကိုလည်း ဦးစားပေးမယ် ပြောထားတယ်။ လူနည်းစုကို အခွင့်အရေး ပေးမယ်ဆိုတော့ ဒါကလည်း ကောင်းသွားနိုင်ပါတယ်။ တကယ်တမ်းသာ အဲဒီလိုဖြစ်လာရင် ကောင်းလာမှာပါ။မေး- ရွေးကောက်ပွဲမှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ မဲပေးခဲ့တဲ့ ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။ သူတို့ရဲ့ စိုးရိမ်မှု၊ ပူပန်မှု၊ မျှော်လင့်ချက်တွေကို ဘယ်လိုဖြေဖျောက် အကောင်အထည်ဖော် သွားဖို့ရှိပါသလဲ။ဖြေ- မဲဆန္ဒရှင် ပြည်သူတွေကတော့ ကျွန်တော်ရဲ့မိဘတွေပါပဲ။ အခုလို ပြန်လည် အရွေးခံရတာကလည်း မိဘပြည်သူတွေကြောင့်ပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အရင်ကထက် နှစ်ဆသုံးဆ ပိုကြိုးစားသွားမှာပါ။ အားလုံးနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ။ ကိုယ့်ဒေသကို အမှီပြုပြီး နိုင်ငံအတွက် ကောင်းမွန်အောင် ကြိုးစားသွားမှာပါ။ ဒါက ကျွန်တော့်ရဲ့တာဝန်လို့ ခံယူထားပါတယ်။ နိုင်ငံအတွက် အားလုံးပူးပေါင်း ပါဝင်ရမှာပါ။ ဒါမှသာ အမှန်တကယ် ပြောင်းလဲလာမှာပါ။ အခုလည်း ပြည်သူတွေအနေနဲ့ အန်တီစုရဲ့ပါတီ ခေါင်းဆောင်မှုနောက်ကို ပူးပေါင်းလိုက်ပါမှ တိုးတက်လာမှာပါ။အားလုံး ကြိုးစားကြမယ်။ တက်ကြွစွာ ပါဝင်ရမယ်။ အန်တီစုက သူ့ရဲ့ အရွေးချယ်ခံ အမတ်အားလုံးကို အမှိုက်ကောက်ရမယ် ပြောထားပြီ။ အမှန်တကယ်တော့ ပြည်သူအားလုံးက အဲဒါကို နိုးကြားတက်ကြွစွာ လိုက်ပါဆောင်ရွက်ရမှာပါ။ အဲဒီလိုဆိုရင် နိုင်ငံလည်း သန့်ရှင်းသွားမယ်။ ပြည်သူလူထုရယ်၊ ဝန်ထမ်းတစ်ရပ်လုံးရယ် ပြောင်းလဲရမယ်။ တပ်မတော်အနေနဲ့လည်း ပြောင်းလဲနေပါပြီ။ ကျွန်တော်တို့နိုင်ငံက ဖျားနာနေတာလည်း ကြာပြီလေ။ အားလုံး ပူးပေါင်း ကယ်တင်မှဖြစ်မယ်။မေး- NLD အစိုးရတက်လာရင် တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာအရပ်ရပ်တွေ၊ လူမှုဒုက္ခပြဿနာ တွေ သက်သာ လျော့ကျသွားမယ်လို့ ထင်ပါသလား။ ထင်တယ်ဆိုရင် ဘာကြောင့်လို့ ထင်ပါသလဲ။ဖြေ- အစောက ဖြေခဲ့သလိုပါပဲ။ ပြည်သူတွေအားလုံး လိုက်ပါပြောင်းလဲမှ အန်တီစုရဲ့ ဦး ဆောင်မှုက ပိုပြီး ပီပြင်လာမှာပါ။ ပိုလည်း ထိရောက်လာမယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အရ အားလုံး ပြောင်းလဲဖို့လိုတယ်။ အခုဆိုရင် အန်တီစုက အမှိုက်ကောက်ကြရအောင် ပြောလိုက်တာက ပြည်သူတစ်ရပ်လုံးကို ပြောလိုက်တာပဲ။ ကိုယ်စားလှယ်တွေတောင် ကောက်ပြီဆိုတော့ ပြည်သူတွေလည်း ကောက်ရမှာပေါ့။ ရေသာခိုတွေ နည်းမှဖြစ်မှာပါ။ အခုဟာက အလုပ်လုပ်တဲ့သူက တအားလုပ်တယ်။ ရေသာခိုနေတဲ့ သူတွေကလည်းရှိတယ်။ ဝန်ထမ်းလောက တစ်ခုလုံးလည်း ပြောင်းလဲအောင် လုပ်ရမှာပါ။ ပြည်သူတစ်ရပ်လုံး ပါမယ်ဆိုရင် အောင်မြင်မှုက အမြန်ဆုံးရမယ်။ တကယ်လို့ အဲဒီလို မပါလာဘူးဆိုရင် အောင်မြင်မှုက နှေးမှာပဲ။ ဝန်ထမ်းလောကဆိုရင် ခြစားတာတို့၊ လာဘ်ပေးလာဘ်ယူတို့၊ အထက်ကိုဖား အောက်ကိုဖိ အဲဒီလိုစိတ်ဓာတ်တွေ မစွန့်လွှတ်နိုင်သေးဘူးဆိုရင်တော့ ပြဿနာအိုးကြီးကို အန်တီစုနဲ့ တက်လာမယ့် အစိုးရက ဖြေရှင်းရမှာပေါ့။ သိမ်းထားတဲ့ လယ်ယာမြေတွေလည်း အကုန်မရကြသေးဘူး။ ပြဿနာတွေကတော့ အများကြီးပဲ။ ရေရှည်တော့ လုပ်ရမှာပေါ့။အန်တီစုနဲ့ သူ့ပါတီက ဦးဆောင်တာကို နိုင်ငံတိုးတက်မှ ဖြစ်မယ်ဆိုပြီး စိတ်ပြောင်းကြရင်တော့ မြန်မြန် ကောင်းသွားမယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ အခုငါးနှစ်လို ဖြစ်သွားမှာပဲ။ မကောင်းတာတော့ မရှိတော့လောက်ပါဘူး။ အခုထက် အများကြီး ပိုကောင်းမလား၊ အတော်အသင့် ကောင်းမလား၊ နည်းနည်းလေး ကောင်းမလား။မေး- လက်ရှိ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ဒေသခံ ပြည်သူတွေရဲ့အသံကို တစ်တိုင်းတစ်ပြည်လုံးက လူတွေကြားအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ထင်ပါသလား။ဖြေ- ကျွန်တော့်အနေနဲ့ အပြည့်အ၀ မဟုတ်တောင် ရာခိုင်နှုန်း ၈၀ လောက် ကြိုးစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ဒေသမှာ လည်းကြိုးစားတယ်။ ပြည်နယ်မှာတင်ပြီး ပြတ်လောက်တာဆိုရင် ဟိုမှာပဲ ဖြေရှင်းလိုက်တယ်။ မဖြေရှင်းနိုင်တာလောက်ပဲ လွှတ်တော်ကို ယူလာပါတယ်။ အပိုင်အနိုင်တော့ မလုပ်နိုင်ခဲ့သေးဘူး။ မြစ်ဆုံကိစ္စကိုလည်း ဆွေးနွေးနိုင်ခဲ့တယ်။ တရုတ်စီပီအိုင် ကုမ္ပဏီကိုလည်း ဆွေးနွေးကန့်ကွက်နိုင်ခဲ့တယ်။ မြစ်ဆုံနဲ့ ပတ်သက်ပြီး သမ္မတကြီးဆီကိုလည်း အစီရင်ခံစာ တင်နိုင်ခဲ့တယ်။ အဲဒီအစီရင်ခံစာ တင်ပြီးနောက်ပိုင်းမှာ သမ္မတကြီးကလည်း မြစ်ဆုံစီမံကိန်းကို သူ့သက်တမ်းမှာ ရပ်ဆိုင်းခဲ့တယ်။ ရာခိုင်နှုန်း ၇၀၊ ၈၀ လောက်တော့ လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။မေး- NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကြီးစိုးမယ့် လာမယ့်လွှတ်တော်မှာ ဘယ်လိုအရေးကိစ္စတွေကို စတင်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။ဖြေ- ကျွန်တော့်အနေနဲ့တော့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးရဖို့ အရမ်းဆာလောင်ခဲ့တယ်လေ။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းမှု မရှိတဲ့နေရာက လာခဲ့တာဆိုတော့။ ငြိမ်းချမ်းရေးရဖို့ တတ်နိုင်သလောက် ကြိုးစားဖို့ မျှော်မှန်းထားပါတယ်။ အားလုံးနဲ့ပေါင်းပြီးတော့ ဆောင်ရွက်သွားဖို့ စိတ်ကူးထားပါတယ်။မေး-ကချင်ပြည်နယ်မှာ အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတွေက ဘာပါလဲ။ ဒါတွေကို ဘယ်လိုနည်းနဲ့ ကိုင်တွယ်ဖြေရှင်းသွားရင် အမြန်ဆုံး သက်သာ လျော့ကျသွားမယ်လို့ ထင်ပါသလဲ။ဖြေ- ကချင်ပြည်နယ်မှာ အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စကတော့ အပစ်အခတ်ရပ်စဲရေး ပါပဲ။     နောက်ပြီးတော့ ကိုယ့်လယ်မြေတွေ၊ အသီးခြံတွေ ပြန်လုပ်နိုင်ရေးပေါ့။ ဒုက္ခသည်တွေ ကိုယ့်အိမ်ကို ပြန်နိုင်ရေးပေါ့။ ကျွန်တော့်ရဲ့ ခြံတွေဆီကို သွားချင်တယ်။ မြေမြှုပ်မိုင်း စိုးရိမ်တော့ မသွားရဲသေးဘူး။ စစ်ပြေးဒုက္ခသည်တွေဆို သောင်းနဲ့ချီရှိသေးတယ်။ အဲဒါတွေ ပြေပျောက်ဖို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုကတော့ အပစ်အခတ်ရပ်စဲပြီး သင့်မြတ်သွားဖို့ အရေးကြီးပါတယ်။ ခံနေရတာကတော့ ပြည်သူတွေပါပဲ။ တိုက်ပွဲမရှိတဲ့ ပြည်မဆိုရင် တိုးတက်နေပြီလေ။မေး - လီဆူးတိုင်းရင်းသား တစ်ဦးအနေနဲ့ NLD အစိုးရတက်လာရင် တိုင်းပြည်ရဲ့ အရေးကိစ္စတွေထဲက ဘယ်ကိစ္စကို အရင်ဆုံးကိုင်တွယ် ဖြေရှင်းသွားဖို့ ဆန္ဒရှိပါသလဲ။ဖြေ - အဓိကကတော့ အဲဒီအကြောင်းအရာတွေက အဓိကပါပဲ။ အန်တီစု အခုလုပ်နေတာက မှန်ပါတယ်။ တပ်မတော်မပါလို့ မရဘူး။ ကျွန်တော်တို့ နိုင်ငံမှာက တပ်မတော်အင်အား တောင့်တင်းတဲ့ တပ်မတော်ရှိဖို့ လိုပါတယ်။ အန်တီစုက အခုကာချုပ်နဲ့တွေ့တယ်။ သမ္မတနဲ့တွေ့တယ်။ အဲဒါကောင်းပါတယ်။ တကယ်ညီညွှတ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပေါ့။ အရမ်းလုပ်စေချင်ပါတယ်။ မစည်းလုံးတဲ့ တိုင်းရင်းသား နယ်စွန်နယ်ဖျားတွေဆိုရင် စိုးရိမ်ရေအမှတ် ရောက်နေပါတယ်။ အဲဒီတော့ တိုင်းရင်းသားစည်းလုံး ညီညွှတ်အောင် တကယ်ပဲ ပူးပေါင်းဆောင်ရွက်ရမှာပါ။ တိုင်းရင်းသားတွေအားလုံး စည်းလုံးသွားပြီဆိုရင် တိုက်ခိုက်စရာ မလိုတော့ဘူး။ ငြိမ်းချမ်းသွားမယ်လေ။ အဲဒီလိုဖြစ်ဖို့ မျှော်လင့်ပါတယ်။ အန်တီစုနဲ့ တိုင်းရင်းသား အားလုံးက လက်စွဲထားရမယ့် စည်းလုံးညီညွတ်ခြင်းပါ။ စည်းလုံးညီညွှတ်သွားပြီဆိုရင် တိုးတက်ခြင်းတွေ၊ ကောင်းမွန်ခြင်းတွေ ဖြစ်လာမှာပါ။ အဲဒီဒါဆိုရင် နိုင်ငံလည်း တိုးတက်လာပြီပေါ့။မေး - ဦးဂျေယောဝူအနေနဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ အဆိုတင်သွင်းဖို့ ကြိုးစားခဲ့ပေမယ့်လို့ တင်သွင်းခွင့် မရခဲ့ဘူးလို့ သိရပါတယ်။ ဒီစီမံကိန်းကို အစ်ကို့အနေနဲ့ ကန့်ကွက်တယ်လို့လည်း သိရပါတယ်။ မြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန်က သူ့သက်တမ်း အတွင်းမှာ ရပ်ဆိုင်းထားတယ် ဆိုတော့ လာမယ့် NLD အစိုးရကို ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ကချင်ဒေသခံတစ်ဦး အနေနဲ့ရော တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ရော ဘာများအကြံပြု ပြောကြားလိုပါသလဲ။ဖြေ-ကျွန်တော့်အနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အဆိုနှစ်ခါ တင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လွှတ်တော် ကိုယ်စားလှယ်ကလည်း အသစ်ဆိုတော့ မေးခွန်းတွေ၊ အဆိုတွေ၊ အစီရင်ခံစာတွေ၊ ဆွေးနွေးချက်တွေက သိပ်မလုပ်နိုင်သေးတဲ့ အချိန်ပေါ့။ လုပ်တော့ လုပ်တယ်။ မထိရောက်ဘူး ပြောရမှာပေါ့။ အဲဒီအဆိုတုန်းက မူးယစ်ဆေးဝါး ကိစ္စလည်း ပါတယ်။ မြစ်ဆုံရေကာတာလည်း ပါတယ်။ နောက်ပြီးတော့ အိမ်နီးနားချင်းက စီးပွားရေး လက်ဝါးကြီး အုပ်တာတွေလည်း ပါတယ်ဆိုတော့ သိပ်ပြီးတော့ ဘောင်မဝင်ဘူး ဖြစ်သွားတယ်။ အဲဒီတော့ မေးခွန်းပြောင်းပါ ဆိုပြီးတော့ ဖြစ်သွားတယ်။ နောက်ဆုံးမှာတော့ အခွင့်အရေးကြီး တစ်ခုအနေနဲ့ မြစ်ဆုံရေကာတာကိစ္စကို ကန့်ကွက်နိုင်ခဲ့တယ်။ အစီရင်ခံစာလည်း တင်နိုင်ခဲ့တယ်။ ရဲရွာခန်းမမှာ တရုတ်ပညာရှင်တွေနဲ့တွေ့ပြီး တိုက်ရိုက်ကန့်ကွက်ခွင့်လည်း ရှိခဲ့ပါတယ်။ အဲဒီလို အခွင့်အရေးကလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်လို့ရခဲ့တာလေ။ မြစ်ဆုံရေကာတာကတော့ တရုတ်နိုင်ငံက စီပီအိုင် အစုအဖွဲ့အတွက်ပဲ ဖြစ်မယ်လို့ ယူဆတယ်။ ကျွန်တော်တို့ နိုင်ငံအတွက်ကလည်း ၁၀ ရာခိုင်နှုန်းပဲ ရရှိမယ့် စီမံကိန်းဖြစ်နေတယ်။ တစ်ဝက်စီဆိုရင်တောင် မဆိုးဘူးပြောရမှာပေါ့။ အခုကတော့ နိုင်ငံတော်က ၁၀ ရာခိုင်နှုန်းပဲ ရတယ်လို့ ဘယ်လိုယုံကြည်နိုင်မလဲ။ ရတဲ့ပါဝါတွေက သူတို့ တရုတ်ပြည်ကို ယူသွားမယ်။ ကျွန်တော်တု့ိ နိုင်ငံအတွက် တစ်ယူနစ်တောင် မရဘူး။ သူတို့ကတော့ နိုင်ငံတကာကို ရောင်းစားဖို့ အစီအစဉ်တွေ လုပ်ထားတယ်။ နယ်စပ်တွေအထိ စက်ရုံအလုပ်ရုံ ကြီးတွေ ဆောက်ထားတယ်။ မြစ်ဆုံရေကာတာကို အားကိုးပြီးတော့ပေါ့။ ဒါပေမဲ့ လေးငါးခြောက်လပဲ လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ဆီက တောင်တွေ ပျောက်သွားတယ်။ သူတို့က မြေစာပုံတွေ ယူသွားတယ်။ သစ်တွေ၊ အဖိုးတန် သယံဇာတတွေ အကုန်လုံးကို မသွားတယ်။ အမှန်မှာ ဆိုရင်တော့ မြေစာပုံတွေ ဆိုရင်လည်း ဒီမှာ ပဲပုံရမှာ။ သစ်ပင်တွေလည်း ယူသွားစရာ အကြောင်းမရှိဘူး။ အဲဒီရဲ့ နောက်ဆက်တွဲဆိုးကျိုး အနေနဲ့ပေါ့။ မူးယစ်ဆေးတွေလည်း အရမ်းပေါများလာတယ်။ သို့သော် ဒီမြစ်ဆုံစီမံကိန်းက ကျွန်တော်တို့ နိုင်ငံသားအားလုံးရဲ့ သဘောတူညီချက်နဲ့ လုပ်တာမဟုတ်ဘူး။ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ သဘောတူညီချက်လည်း မပါဘူး။ တစ်နိုင်ငံလုံး က ပြည်သူတွေရဲ့ သဘောတူညီချက်နဲ့ လုပ်ထားတာလည်း မဟုတ်ဘူး။ ဒီစီမံကိန်းက ပြည်သူအားလုံးနဲ့ ဆိုင်တာပေါ့။ အမှန်ကတော့ အကျိုးအမြတ်လည်း တူတူခံစားရမယ်။ ဒုက္ခဆိုလည်း တူတူမျှဝေရမယ်။ ဒါပေမယ့် အကျိုးကတော့ CPI ကပဲ ခံစားမယ်။ ဒေသခံ တိုင်းရင်းသားတွေကတော့ ကောင်းကျိုးတစ်စက်မှ မရတဲ့အပြင် ဆိုးကျိုးတွေလည်း ခံစားရမယ်။ အကယ်၍ မြစ်ဆုံရေကာတာသာ ပေါက်ကွဲခဲ့မယ်ဆိုရင် မြစ်ရိုးတစ်လျှောက်မှာ နေထိုင်တဲ့ လူဦးရေ သန်းနဲ့ချီပြီးတော့ ဘေးဒုက္ခ ရောက်မယ်။ သူတို့ အဲဒီအချိန်မှာမှ လျော်ကြေးပေးမယ်လို့ ပြောတယ်။ အားလုံး သေပြီးတော့မှ ဘယ်သူ့ကို လျော်ကြေးပေးမလဲ။ ဒီစီမံကိန်းက အားလုံးရဲ့ သဘောတူညီချက်လည်း မရှိခဲ့ဘူးလေ။ အဲဒီစီမံကိန်းက အကောင်းထက် အဆိုးပဲ များတယ်။ မြစ်ဆုံ စီမံကိန်းကို ကောင်းတယ်၊ လုပ်ကိုလုပ်ရမယ်လို့ ပြောတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ NLD အစိုးရ ဖြစ်လာတယ်ပဲပြောပြော၊ ဘယ်သမ္မတ တက်လာတက်လာ ပြည်သူတွေက လုပ်ပေးပါ လုပ်ပေးပါလို့ မကြွေးကြော်သရွေ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားရမှာပါ။ သမ္မတ ဦးသိန်းစိန် အနေနဲ့လည်း အမြဲတမ်းအတွက် ရည်ရွယ်ပြီး လုပ်တယ်လို့ ယူဆပါတယ်။ အဲဒီ လိုရပ်ဆိုင်းခဲ့တဲ့ အတွက် သူ့ကိုလည်း တရားစွဲလို့ မရဘူး။ တရားစွဲမယ်ဆိုရင် မြန်မာပြည်မှာ မြှုပ်နှံထားတဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်း သွားရမှာပါ။ ဖားကန့် ကျောက်စိမ်းတူးတာ ဆိုရင်လည်း တရုတ်တွေ ချည်းပါပဲ။ အဲဒီတော့ သူတို့အနေနဲ့ မလဲနိုင်ပါဘူး။ တရားမစွဲနိုင်ပါဘူး။ NLD ဦးဆောင်တဲ့ အစိုးရ တက်လာရင်လည်း ပြည်သူက လုပ်ပေးပါလို့ မပြောသရွေ့တော့ ရပ်ဆိုင်းထားသင့်တယ်။ အပြီးအပိုင်ကို ရပ်ဆိုင်းထားသင့်တယ်။ ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ ရေအားလျှပ်စစ်ကို လိုလားပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုက အရေးကြီးဆုံးပါပဲ။ မြစ်ဆုံစီမံကိန်းကိုတော့ မလုပ်ရင် အကောင်းဆုံးပဲလို့ ယူဆပါတယ်။မေး - အခုလိုဖြေကြားပေးတဲ့ အထဲက ဖြည့်စွက်ပြောကြား လိုတာတွေရှိရင် ပြောပေးပါဦး။ဖြေ - ကျွန်တော့်အနေနဲ့လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ခံစားချက်လေး တစ်ခုတော့ ပြောပြချင်ပါတယ်။ မဲဆွယ်စည်းရုံးမှု ကာလတုန်းကဆိုရင် ပြည်သူတွေကို တစ်ဖက်စောင်းနင်း ဖြစ်လာအောင် မီဒီယာတွေက တစ်ပါတီ၊ လူပုဂ္ဂိုလ် တစ်ဦးယောက်ကိုပဲ တစ်ဖက် စောင်းနင်းဖြစ်ပြီး Highlight လုပ်လွန်းတယ်လို့ ထင်ပါတယ်။ သူတို့ကို မှားတယ်လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော့် ယူဆချက်ပါ။ အမှန်ဆိုရင် ဘယ်ကိုယ်စားလှယ်လောင်းက ဘယ်လိုရှိတယ်ဆိုတာ ပြည်သူတွေသိအောင် ပြောသင့်တာပေါ့။ အန်တီစုကတော့ ပြောမှာပေါ့။ လူကိုမကြည့်နဲ့ ပါတီကိုပဲကြည့်ပါ ဆိုပြီးတော့။ ဒါက မဲဆွယ်ရေးကိုး။ အထူးသဖြင့်တော့ ရုပ်သံမီဒီယာတွေက ဘက်လိုက်လွန်း အားကြီးတယ်။ အဲဒါကြောင့် နှစ်ပါတီပဲ ယှဉ်ပြိုင်သလိုပဲ ဖြစ်သွားတာပေါ့။ ပါတီတစ်ခုက ၈၀ ရာခိုင်နှုန်းလောက်ထိ ရတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဘာလို့လဲဆိုတော့ ပါတီစုံစနစ်ကို သွားနေတာမို့။ ပါတီစုံက လူတော်တွေစုလာရင် ပိုပြီးတော့ ကောင်းတာပေါ့။ ပါတီစုံဆိုရင် အချင်းချင်း ထိန်းညှိလို့ ရမယ်လို့ ထင်ပါတယ်။ အခုကတော့ အတိုက်အခံက မရှိတော့ဘူး။ ဒါကြောင့် သတင်းမီဒီယာတွေ အနေနဲ့လည်း မျှတသင့်ပါတယ်။ တစ်ပါတီပဲ ကြီးစိုးမယ်ဆိုရင် တစ်ပါတီ အာဏာရှင်လည်း ဖြစ်သွားနိုင်တာပဲ။ ဒါပေမဲ့ အဲဒီပါတီက လီကွမ်ယုတို့လို့ နယ်လ်ဆင် မင်ဒဲလားတို့လို ဦးဆောင်မှု ကောင်းသွားတယ်ဆိုရင် လွတ်လပ်ပြီး တိုးတက်ကာ ကောင်းသွားမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က ပါတီစုံလို့ ပြောထားတဲ့အတွက် ပါတီစုံက လူတော်တွေပါလာရင် ကောင်းတာပေါ့။ အခုဟာက တစ်ပါတီတည်း နိုင်သွားလို့ပြောတာ မဟုတ်ပါဘူး။  နောက်ဆိုရင်တော့ ပါတီကြီးလေးငါးခု လောက်ပဲကျန်မှာပါ။ မီဒီယာတွေ အနေနဲ့ ပါတီပေါင်းစုံကို Highlight လုပ်ပေးစေချင်တယ်လို့ ပြောတာပါ။ အဲလိုလုပ်မယ်ဆိုရင် လူတိုင်းက ကြိုးစားလာကြမှာပါ။ အဲဒါကြောင့် တစ်ဖက်စောင်းနင်း ဖြစ်သွားတဲ့ ရွေးကောက်ပွဲလို့ ထင်ပါတယ်။                       

Most Read

Most Recent