မြန်မာနိုင်ငံက Facebook လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ သူမရဲ့ အလှပုံတွေနဲ့အတူ ကျော်ကြားလာခဲ့သူက ဗီယက်နမ်နိုင်ငံက အလှမယ် တစ်ဦးဖြစ်တဲ့ ငုရင်ထရန်ဟုရန်မေပါ။ မြန်မာပရိသတ် တွေကြားမှာ လူသိများလာတဲ့ ငုရင်ထရန်ဟုရန်မေကို Myanmar Media 7 ကနေပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ ကမ်းလှမ်းတာကို သူမဘက်ကလည်း လက်ခံသဘောတူခဲ့ပြီး ဒီဇင်ဘာ ၂ ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့သူပါ။ မြန်မာနိုင်ငံမှာ မြန်မာအနုပညာရှင်တွေနဲ့ ပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား အတွက်ရော သူမရဲ့ လတ်တလော အကြောင်းအရာ အချို့ကိုပါ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်…
မေး - ညီမလေးအကြောင်းကို ပရိသတ်တွေနဲ့အရင် မိတ်ဆက်ပေးပါဦး။
ဖြေ - ကျွန်မနာမည်က ငုရင်ထရန်ဟုရန်မေပါ။ အသက် ၂၀ ရှိပါပြီ။ ဟနွိုင်းဇာတိပါ။ မောင်နှစ်မ နှစ်ယောက်ရှိပါတယ်။ Miss Universe Vietnam 2014 တွင် 1st Runner Up ရရှိထားပါတယ်။ လက်ရှိမှာတော့ ညီမအနေနဲ့ ဖက်ရှင်ကျောင်း တက်နေပါတယ်။ London Collage Fashion School မှာပါ။
မေး- မြန်မာနိုင်ငံ အကြောင်းကို ဘယ်အချိန် လောက်ကစပြီး သိခဲ့တာလဲ။ ဘယ်လို အကြောင်းအရာတွေ သိခဲ့လဲ။
ဖြေ- မြန်မာနိုင်ငံ အကြောင်းကို တီဗွီအစီအစဉ်တွေကစပြီး သိခဲ့တာပါ။ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကလည်း ကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်နေတာကြောင့် ညီမရဲ့ သူငယ်ချင်း ငါးယောက်လောက်နဲ့အတူ မြန်မာနိုင်ငံကို အလည်အပတ် လာခဲ့ဖူးတယ်။ အဲဒီတုန်းက ရန်ကုန်မှာဘဲ နေခဲ့ရပြီး ဘယ်မှမသွားဖြစ်ခဲ့ဘူး။ အဲဒီတစ်ခေါက် မြန်မာနိုင်ငံကို လာလည်ပြီးကတည်းက နောက်တစ်ခေါက် ထပ်ပြီးလာမယ်လို့ စိတ်ကူးခဲ့တယ်။ ညီမ မယ်တစ်ယောက် ဖြစ်ပြီးချိန်မှာ အွန်လိုင်းကနေတစ်ဆင့် မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို သိခဲ့ရတယ်။ အရင်တည်းက မြန်မာနိုင်ငံကို ထပ်လာဖို့ စိတ်ကူးခဲ့တာ ဆိုတော့ ဒီတစ်ခေါက် လာခွင့်ရတာကို ဝမ်းသာတယ်။ ပြီးတော့ ဒီတစ်ခေါက် လာခွင့်ရတာဟာ မြန်မာတွေ အားပေးတဲ့ အနုပညာရှင် တစ်ယောက်အဖြစ် လာရတာဖြစ်လို့ အရမ်းကို ဝမ်းသာပါတယ်။
မေး - မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားလည်ချင်လဲ။
ဖြေ- မြန်မာနိုင်ငံက ရုပ်သံအစီအစဉ်တွေ၊ အင်တာနက်တွေမှာ ကြည့်ရင်လည်း လှပတဲ့ရှုခင်းတွေ အများအပြား ရှိပါတယ်။ ညီမအနေနဲ့ကတော့ အဲဒီနေရာတွေ အများကြီးထဲကမှ အင်းလေးဒေသကို အရမ်းသွားလည် ချင်ပါတယ်။ ဒီတစ်ခေါက်က ခဏပဲလာရတာဖြစ်လို့ ရွှေတိဂုံဘုရားကိုပဲ သွားရောက်ဖူးမျှော် ဖြစ်ပါတယ်။
မေး - မြန်မာပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရတော့မယ် ဆိုတဲ့အခါ ဘယ်လိုခံစားချက်မျိုး ဖြစ်မိလဲ။
ဖြေ - မြန်မာပရိသတ်တွေနဲ့က အွန်လိုင်းမှာ အားပေးမှုကို တွေ့မြင်ခဲ့ရပြီး မြန်မာပရိသတ်တွေရဲ့ ယဉ်ကျေးမှုနဲ့ နွေးထွေးမှုကို သိခဲ့ရပါတယ်။ Facebook က ညီမရဲ့ ပုံတွေဆိုရင်လည်း Like တာ Share တာတွေနဲ့အတူ အားပေးမှုရှိတာကို သိရတည်းက ဝမ်းသာခဲ့တာပါ။ မြန်မာပြည် ရောက်ရှိချိန်မှာလည်း မီဒီယာတွေနဲ့ ပရိသတ်တွေရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုက ကျွန်မမျှော်လင့် ထားတာထက် ပိုပါတယ်။ ကျွန်မဘဝရဲ့ အမှတ်တရ အချိန်ကာလ တစ်ခုပါပဲ။ မြန်မာတွေရဲ့ ကြိုဆိုမှုက လေဆိပ်ရောက်ကတည်းက ကျွန်မအတွက် အရမ်းစိတ်လှုပ်ရှား မိပါတယ်။ အဲဒီလို ကြိုဆိုအားပေးမှု တွေကြောင့်ပဲ အနုပညာ အလုပ်တွေကို ပိုပြီးကြိုးစား သွားဖို့လည်း တွန်းအားတစ်ခုလို့ ခံစားမိပါတယ်။
မေး - မြန်မာအနုပညာရှင် တွေနဲ့အတူ ဇာတ်ကား ရိုက်ကူးဖို့ အတွက်ရော ဘာတွေပြင်ဆင်ထားလဲ။
ဖြေ - မြန်မာအနုပညာရှင်တွေ ထဲကမှ ကျွန်မနဲ့အတူ သရုပ်ဆောင်ရမယ့် ကိုနေတိုးအကြောင်းကို လေ့လာဖြစ်ပါတယ်။ ကိုနေတိုးက မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး အနုပညာရှင် တစ်ယောက်ထဲမှာ ပါသလို သူ့ရဲ့သရုပ်ဆောင်မှုကလည်း အရမ်းကောင်းတဲ့သူလို့ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်မသူငယ်ချင်းတွေကနေတစ်ဆင့် သိရပါတယ်။ အဲဒီလို အောင်မြင်တဲ့လူ တစ်ယောက်နဲ့အတူ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်လို့ ကိုယ့်ဘက်က လိုအပ်တာတွေ ရှိမှာတော့ကြောက်တယ်။ အဲဒီအတွက် သေချာလည်း ပြင်ဆင်သွားမှာပါ။ လက်ရှိမှာတော့ အင်္ဂလိပ်စာကိုလည်း လေ့လာဖြစ်နေပါတယ်။
မေး - ဗီယက်နမ်မှာရော ဘယ်လိုအနုပညာ လှုပ်ရှားမှုတွေ လုပ်ဖြစ်နေလဲ။
ဖြေ - လတ်တလောမှာ ဖက်ရှင်ကျောင်း တက်နေတဲ့အတွက် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်ပါဘူး။ ဗီယက်နမ် ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ VTV ရဲ့ Top Show အစီအစဉ်မှာ MC လုပ်နေပါတယ်။ အလှမယ်တစ်ယောက် အနေနဲ့လည်း ပရဟိတ အလုပ်တွေ လုပ်ဖြစ်နေပါတယ်။ မြန်မာနိုင်ငံကို မလာခင်မှာလည်း မိသားစုနဲ့အတူ ပရဟိတ အလုပ်တွေ လုပ်ခဲ့ပါသေးတယ်။ ကျွန်မအနေနဲ့ ဗီယက်နမ်နိုင်ငံမှာတင် မကဘဲ တခြားနိုင်ငံတွေမှာပါ ပရဟိတ အလုပ်တွေ လုပ်ချင်ပါတယ်။ မြန်မာနိုင်ငံကို ရုပ်ရှင်ရိုက်ကူးမှုတွေအတွက် ရောက်ရှိနေချိန်မှာ ဘယ်လိုနေရာတွေမှာဝင်ပြီး ကူညီသင့်သလဲ လေ့လာပြီး ကူညီချင်ပါတယ်။
မေး - မြန်မာပရိသတ်တွေကို ဒီအင်တာဗျူးကနေ တစ်ဆင့် ဘာတွေပြောချင်လဲ။
ဖြေ- ကျွန်မအနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရတဲ့အချိန်မှာ မြန်မာပရိသတ်တွေ အားပေးတဲ့ ချစ်ခင်တဲ့ အနုပညာရှင် တစ်ယောက်အဖြစ် လာရတာဖြစ်လို့ အများကြီး ကျေနပ် ဝမ်းသာပါတယ်။ မြန်မာပရိသတ်တွေရဲ့ မျှော်လင့်အားပေး မှုတွေအတွက် မြန်မာအနုပညာရှင် တွေနဲ့အတူ ပူးပေါင်းရိုက်ကူးမယ့် ဇာတ်ကားမှာ အစွမ်းကုန်ကြိုးစား သရုပ်ဆောင်မှာပါ။ ဒါကြောင့်လည်း အဲဒီဇာတ်ကားက ခုချိန်မှာ ကျွန်မအတွက် ဖိအားတစ်ခု ဖြစ်နေပါတယ်။ ကျွန်မအကောင်းဆုံးဖြစ်အောင် သေချာကြိုးစား သွားမှာပါ။