(၁)
ဤနေရာတွင် လဲလျောင်းနေသူသည်
အင်ဒရူးမာဘယ်လ် ဖြစ်၏။
သူ့ကို လူကောင်းတွေက ချစ်ကြ၏။
လူမိုက်တွေက ကြောက်ကြ၏။
အချို့က အတုယူစရာ စံနမူနာ ပြုကြ၏။
သူလိုလူ ဇမ္ဗူမှာ ယှဉ်စရာမရှိ။
(၂)
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ရာတွင် သူလိုချင်သော ပုံစံများကို ချမှတ်ပြခဲ့ပါသည်။ ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည်များကို အနှစ်ချုပ် ကြည့်မည်ဆိုလျှင် ကိုယ်စားလှယ်လောင်း တစ်ဦးသည် ကာယ၊ ဉာဏ၊ စာရိတ္တ အရည်အသွေးများ ခိုင်မာကောင်းမွန်ရေးနှင့် မူလတာဝန်ဖြစ်သည့် ပြည်သူလူထုကို အလုပ်အကျွေးပြုနိုင်ရေး၊ ထိုမှတစ်ဆင့် တန်ဖိုးမဖြတ်နိုင်သော ပြည်သူ့မေတ္တာကို ခံယူရရှိနိုင်ရေး အတွက် လုပ်ရမည့် တာဝန်များကို ထင်သာ မြင်သာရှိအောင် ပြောပြခဲ့ခြင်း ဖြစ်သည်ကို တွေ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည်များကို ကြားလိုက်ရသည့်အခါ ဆရာနတ်မောက်ဘုန်းကျော်ရေးသည့် “လူကြီးလူကောင်း” စာအုပ်မှ အင်ဒရူးမာဗယ်လ်အကြောင်း ရေးထားသည့် အထက်ပါ စာပိုဒ်လေးကို ချက်ချင်းပင် ပြေးမြင်သတိရလိုက်မိခြင်း ဖြစ်ပါသည်။
အင်ဒရူးမာဗယ်လ်ကို လူကောင်းတွေက ဘာ့ကြောင့် ချစ်ကြပါသနည်း။ လူဆိုး လူမိုက်တွေကရော အဘယ့်ကြောင့် ကြောက်ရွံ့ ကြပါသနည်း။ သူလိုလူ ဖြစ်ချင်စမ်းပါဘိလို့ လူတွေက ဘာကြောင့်များ စံနမူနာယူ အားကျကြပါသနည်း။
တစ်ဆက်တည်းမှာပင် ဇမ္ဗူမှာ ယှဉ်နိုင်သူမရှိဆိုသည့် အင်ဒရူးမာဗယ်လ်ဆိုသော ပါလီမန်အမတ်အကြောင်းကို ပြန်လည်ဖောက်သည်ချပြီး ပြောပြချင်စိတ် ပေါ်လာရပါသည်။
(၃)
အင်ဒရူးမာဗယ်လ်သည် အင်္ဂလန်နိုင်ငံ အရှေ့မြောက် ပင်လယ်ကမ်းခြေရှိ ဟူးလ်စီးတီး မဲဆန္ဒနယ်မှ ရွေးကောက်ခံရပြီး ပါလီမန်သို့ ရောက်ရှိလာသူ အမတ်တစ်ဦး ဖြစ်သည်။ သူအမတ် ဖြစ်သောအချိန်မှာ ခရစ်နှစ် ၁၆၆၀ ပြည့်နှစ် ကာလဖြစ်သည်။ ထိုနှစ် မေလတွင် အင်္ဂလန်နိုင်ငံ၌ ဒုတိယမြောက် ချားလ်စ်ဘုရင် နန်းတက်လာခဲ့သည်။ အင်ဒရူးမာဗယ်လ် အမတ်ဖြစ်လာခြင်းသည် ချားလ်ဘုရင်အတွက် သံဃာစင်မှောက်ကိန်း ကြုံလာခြင်းလည်း ဖြစ်သည်။
ချားလ်စ်ဘုရင်သည် ပြည်သူပြည်သားများကို တရားနှင့်အညီ အုပ်ချုပ်ခြင်းကို မပြုဘဲ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်သော ဘုရင်တစ်ပါး ဖြစ်လျက်ရှိသည်။ သူသည် ပြင်သစ်ဘုရင် ၁၄ ကြိမ်မြောက်ဘုရင် လူဝီထံမှ ငွေအမြောက်အမြား လာဘ်စားခဲ့သူ ဖြစ်ကြောင်းအထိ သမိုင်းဆရာများက ဆိုခဲ့သည်။ တစ်ဖန် ချားလ်စ်ဘုရင်သည် စည်းကမ်းမရှိ အသုံးအဖြုန်း ကြီးလွန်းလှသူ ဖြစ်သဖြင့် သူ့တွင် ငွေကြေးက အမြဲလိုအပ်လျက် ရှိသည်။ အမြဲပြတ်လပ်လျက် ရှိသည်။ ထို့ကြောင့် တရားသည် မတရားသည်တို့ကို ဂရုမစိုက်နိုင်တော့ဘဲ ငွေရပေါက်ရလမ်း မှန်သမျှကို အကုန်လုပ်လေသည်။ အခွန်အတုတ်များ တိုးမြှင့်ကောက်ခံခြင်း၊ တိုင်းပြည်၏ သယံဇာတများကို ရောင်းစားခြင်း၊ စီးပွားရေး အခွင့်အလမ်းများကို မောင်ပိုင်စီး လုပ်ကိုင်ခြင်း စသည့် နည်းလမ်းများဖြင့် ငွေရပေါက်ရလမ်းများကို ရှာဖွေလျက် ရှိသူဖြစ်သည်။ ထို့ကြောင့် မင်းအလိုကျ မင်းကြိုက်မြှောင်သော အလိုတော်ရိများနှင့်လည်း သူ၏ နန်းတော်သည် အထူးစည်ကား လျက်ရှိသည်။ ချားလ်စ်ဘုရင်နှင့် မင်းမြှောင်များက ထိုသို့နတ်စည်းစိမ်များ ခံစား စံစားနေချိန်တွင် တိုင်းပြည်လူထုမှာ ဆင်းရဲမွဲတေလျက် စားဝတ်နေရေး ကျပ်တည်းကာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒဏ်များကို လူးလိမ့်နေအောင် ခံစားနေကြရသည်။
(၄)
ထိုအခြေအနေတွင် ဟူးလ်မဲဆန္ဒနယ်မှ အင်ဒရူးမာဗယ်လ် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရ၍ ပါလီမန်ထဲသို့ ရောက်လာသည်။ အင်ဒရူးမာဗယ်လ်သည် ပါလီမန်ထဲသို့ ရောက်သည်နှင့် ချားလ်စ်ဘုရင်နှင့် အစိုးရ အဖွဲ့၏ မတရားမှုများ၊ ညံ့ဖျင်းမှုများ၊ လာဘ်စားမှုများ၊ ကိုယ်ကျင့်တရား မဲ့မှုများကို လေ့လာစုံစမ်းပြီး ပြည်သူလူထု သိရလေအောင် စာအုပ်စာတမ်းများ ရိုက်နှိပ်ထုတ်ေ၀ ဖြန့်ချိသည်။ ပါလီမန် အစည်းအဝေး များတွင်လည်း မကြောက်မရွံ့ မထောက်မညှာ ဝေဖန်ပြောကြားသည်။ ပြည်သူလူထုသည် မာဗယ်လ်၏ ရေးသားမှုများနှင့် ပါလီမန်တွင်း ဝေဖန်ပြောကြား မှုများကြောင့် ဘုရင်နှင့် အစိုးရအဖွဲ့၏ ကိုယ်ကျိုးရှာမှုများနှင့် အကျင့်ပျက်ခြစားမှု များကို ပိုမိုသိရှိလာကြကာ မာဗယ်လ်ကို တစ်ပြည်လုံးက ထောက်ခံပြောဆို လာကြလေသည်။ ထိုအခါ ချားလ်စ်ဘုရင်သည် မာဗယ်လ်မှာ သူ့အတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာကြောင်း သဘောပေါက်လာလေသည်။
(၅)
ချားလ်စ်ဘုရင်သည် မာဗယ်လ်၏ အန္တရာယ်ကို ရှောင်လွဲနိုင်ရန်နှင့် သူ့လူဖြစ်လာစေရန်အတွက် အကြံအမျိုးမျိုး ထုတ်သည်။ ကြံလည်း ကြံစည်သည်။ ငွေနှင့် လာဘ်ထိုးကြည့်သည်။ မရ။ မိန်းမ၊ အရက်တို့နှင့် ဖြားယောင်းကြည့်သည်။ ပါမလာ။ ရာထူးအာဏာနှင့် သွေးဆောင်ကြည့်သည်။ မာဗယ်လ် က န ကမ္ပတိ။ အနုနည်းနှင့် မရသော် အကြမ်းနည်းဖြစ်သည့် လူမိုက်လူရမ်းကားများနှင့် လမ်းမှနေစောင့်ပြီး အရိုက်ခိုင်းသည်။ နီးစပ်ရာ ပြည်သူများက ကူညီသဖြင့် ဘေးရန်မထိ။ မာဗယ်လ်၏ ရိုးသားဖြောင့်မတ်သော စိတ်ဓာတ်နှင့် ခိုင်မာသော အကျင့်စာရိတ္တတို့ကို နည်းအမျိုးမျိုးဖြင့် ကြိုးစားဖျက်ဆီးပါသော်လည်း လုံးဝမရသဖြင့် ချားလ်စ်ဘုရင်သည် အကြံအိုက်လျက် ရှိသည်။ ထိုစဉ် နောက်ဆုံး လက်နက်အဖြစ် မာဗယ်လ်၏ ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ ဘဏ္ဍာရေးဝန်ကြီး လော့ဒ်ဒါဘိုင်ကို မာဗယ်လ်အား သိမ်းသွင်းစည်းရုံးရန် မာဗယ်လ့်ထံသို့ လွှတ်လိုက်လေသည်။
(၆)
လော့ဒ်ဒါဘိုင်သည် မာဗယ်လ် နေထိုင်ရာ အိမ်တစ်အိမ်၏ အဖီထပ်ခိုးလေးပေါ်သို့ မတွေ့တာကြာပြီဖြစ်၍ သတိရလေဟန် ပုံစံမျိုးဖြင့် ရောက်လာသည်။ သူငယ်ချင်းနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်များ၊ သာကြောင်း မာကြောင်းများ စသည့် အာလာပ သလ’ာပ စကားများ ပြောဆိုကာ မာဗယ်လ်၏ လက်ထဲသို့ စာရွက်တစ်ရွက် ထိုးပေးထားခဲ့ပြီး ပြန်သွားသည်။ စာရွက်ကို ကြည့်လိုက်သောအခါ ပေါင်ငွေ တစ်ထောင်တန်ငွေထုတ် ချက်လက်မှတ် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မာဗယ်လ်က “ဝန်ကြီးခင်ဗျား၊ ကျေးဇူးပြုပြီး ခဏနေပါဦး” ဟု ပြန်ခေါ်လိုက်တော့ လော့ဒ်ဒါဘိုင် ပြန်ရောက်လာသည်။ ထို့နောက် မာဗယ်လ်သည် ဝန်ကြီးကို ရှေ့ထား၍ သူ၏ ကူဖော်လောင်ဖက် တပည့်လေးဖြစ်သူ ဂျက်ကို မေးခွန်းများ မေးသည်။
“လူကလေး ဂျက်။ မနေ့ညက ကျွနု်ပ် ဘာနဲ့ ညစာ စားခဲ့ပါသလဲ”
“သခင်ကြီး မမှတ်မိတော့ဘူးလားခင်ဗျာ။ သခင်ကြီး ခိုင်းတဲ့အတိုင်းပဲ ကျွန်တော် ဈေးက ဝယ်လာတဲ့ သိုးပခုံးရိုးနဲ့ ညစာစားခဲ့ ပါတယ်။”
“မှန်ပါတယ် ငါ့သား။ ဒီနေ့ညအတွက်ကော ညစာဘယ်လို စီမံထားပါသလဲ”
:သခင်ကြီး ပြောထားတဲ့အတိုင်း သိုး ပခုံးရိုးကိုပဲ မီးကင်ပေးထားပါတယ်”
ထို့နောက် မာဗယ်လ်က “ဝန်ကြီးခင်ဗျာ။ ဝန်ကြီး ကြားသိပြီး ဖြစ်တဲ့အတိုင်း ကျွန်တော်ရဲ့ ညစာဟာ အဲဒီအတိုင်းပါပဲ။ ကျွန်တော်ဟာ ပါလီမန် အမတ်တစ်ဦး ဆိုပေမယ့် ဟိုတယ်တွေပေါ်တက်ပြီး ထမင်းစားတတ်တဲ့ လူမဟုတ်ပါဘူး။ ဒါ့ကြောင့် ဝန်ကြီးပေးတဲ့ ချက်လက်မှတ် စာရွက်ဟာ ကျွန်တော့်အတွက် မလိုအပ်ပါဘူး။ ကျွန်တော့်အပေါ် ထားရှိတဲ့ ဝန်ကြီးမင်းရဲ့ စေတနာ မေတ္တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ မဲဆန္ဒနယ်အတွက် တတ်စွမ်းသမျှ ဆောင်ရွက်သလို အစိုးရအဖွဲ့က သူတို့ကို ထောက်ခံမယ့် သူတွေကို ရှာဖွေရမှာ ဝယ်ယူရမှာက သူတို့ရဲ့ ကိစ္စပါ။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ရောင်းစားတဲ့ သူတွေထဲမှာ ကျွန်တော်တစ်ယောက် မပါဝင်ဘူး” ဟု ရှင်းပြလိုက်လေသည်။
(၇)
အင်ဒရူးမာဗယ်လ်သည် သူ၏ဖြောင့်မတ်မှု၊ ကိုယ်ကျိုးမရှာမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ အမှန်တရားကို မြတ်နိုးမှု၊ အမှန်တရားဘက်မှ ရဲဝံ့စွာ ရပ်တည်သည့် သတ္တိရှိမှုတို့ကြောင့် ၁၆၆၀ ပြည့်နှစ်မှ ၁၆၇၈ ခုနှစ်အထိ ၁၈ နှစ်တိုင်တိုင် ပါလီမန် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ငွေကြေး အာဏာ ရာထူးထက် ပြည်သူ့မေတ္တာကိုသာ တန်ဖိုးအစစ် အဖြစ် သတ်မှတ်ခဲ့သော မာဗယ်လ် ကွယ်လွန်သည့်အခါ သူ၏မဲဆန္ဒနယ် ဟူးလ်မြို့ရှိ ဘုရားကျောင်းအတွင်း အုတ်ဂူသွင်းပြီး မြှုပ်နှံခဲ့ရာ အစပိုင်းက ဖော်ပြခဲ့သော စာသားသည် သူ၏မဲဆန္ဒရှင်များက သူ့ကို ဂုဏ်ပြုရေးထိုးခဲ့သည့် အုတ်ဂူကမ္ပည်းစာသား ဖြစ်ပါသည်။
(၈)
မကြာမီ တိုင်းပြည်တာဝန်ကို ယူရတော့မည့် ဒေါ်အောင်ဆန်းစုကြည်က သူ၏ကိုယ်စားလှယ်များကို ပြင်းထန်တင်းကျပ်စွာ ကိုင်တွယ်ခြင်းမှာ အင်ဒရူးမာဗယ်လ်လို အမတ်များ ဖြစ်လာစေဖို့ကို ဦးတိုက် ဆောင်ရွက်ခြင်းသာ ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ တိုင်းသူပြည်သားများ အနေဖြင့်လည်း ငါးနှစ်တာ ကာလအတွင်း အမတ်များကို တွေ့မြင်ကြုံတွေ့ခဲ့ရပြီး ဖြစ်လေရာ “တရားရှာ ကိုယ်မှာ တွေ့” ဆိုသလို ဘယ်လိုအမတ်မျိုးကို ရခဲ့သလဲ။ ဘယ်လိုအမတ်မျိုးကို ရချင်သလဲ။ ရချင်တာနှင့် ရခဲ့တာ တစ်ထပ်တည်း ကျခဲ့ပါရဲ့လား ဆိုသည်ကို ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေပြီး လာမည့်ငါးနှစ်အတွက် အင်ဒရူးမာဗယ်လ်ကို သတိရနေဖို့ လိုလိမ့်မည် ထင်ပါသည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူ၏ နိုးကြားမှု ရှိသလောက်သာ ရှင်သန်ဖွံ့ဖြိုးစွမ်း ရှိသည့်အရာ ဖြစ်သည်ကို မမေ့မလျော့ ကြပါကုန်လင့်။
ဘယ်လိုအမတ်မျိုး ရခဲ့သလဲ၊ ဘယ်လိုအမတ်မျိုး ရချင်လဲ
Most Read
Most Recent
11 hours ago










