သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သွင်းပါက ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းခံရမည်ဖြစ်ပြီး NLD ကိုယ်စားလှယ်လောင်းများ အနေဖြင့် တင်သွင်းရန် အသင့်ဖြစ်နေ

သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သွင်းပါက ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းခံရမည်ဖြစ်ပြီး NLD ကိုယ်စားလှယ်လောင်းများ အနေဖြင့် တင်သွင်းရန် အသင့်ဖြစ်နေ
Published 3 December 2015
ငြိမ်းကို

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် အမည်ကို ကြေညာသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သွင်းနိုင်ပါက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းခံရမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းများ အနေဖြင့် တင်သွင်းရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရခဲ့သည့် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းများအား ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့က သတ်မှတ်ထားသည့်ရက်အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းနိုင်ရန် နိုဝင်ဘာလ ကတည်းက ညွှန်ကြားခဲ့ပြီး လက်ရှိအချိန်တွင် ကိုယ်စားလှယ်လောင်းများ အနေဖြင့် တင်သွင်းရန် အဆင်သင့်ဖြစ်နေပြီဟု NLD ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် အနိုင်ရ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။“NLD ကိုယ်စားလှယ်လောင်းတွေကို သတ်မှတ်ထားတဲ့ရက်အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းနိုင်ဖို့အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က နိုဝင်ဘာ ၁၃ ရက် ကတည်းက ညွှန်ကြားချက် ထုတ်ထားတာပါ။ ဒါကြောင့်လည်း လက်ရှိအချိန်မှာ ကျွန်တော်တို့ ပါတီက ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ တင်သွင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ဦးဝင်းမြင့်က ပြောကြားသည်။အနိုင်ရ တောင်ဥက္ကလာပမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က “ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဗဟိုက ညွှန်ကြားတဲ့အတိုင်း သတ်မှတ်ထားတဲ့ ရက်အတွင်း လုပ်နိုင်ဖို့ ပြင်ဆင်ခဲ့တာပါ။ ခရိုင်ကော်မရှင်ကို ၈ ရက်မှာ တင်သွင်းသွားမှာပါ” ဟု ပြောကြားသည်။NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့သည်။ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၂၅ နေရာ အနိုင်ရခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း အချို့မှာလည်း ရွေးကောက်ပွဲ ကုန်ကျစရိတ်များ စတင် တင်သွင်းနေပြီဟု ပါတီတွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။“ကျွန်တော်တို့ ပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းဖို့နဲ့ ပတ်သက်ပြီး နိုဝင်ဘာလက ကျောက်မဲမှာ လုပ်ခဲ့တဲ့ ပါတီ အစည်းအဝေးမှာ သေသေချာချာ ညွှန်ကြားထားပါတယ်။ စပြီးလည်း တင်နေပါပြီ။ ၁၀ ယောက်လောက် ရှိနေပါပြီ” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးသည် ရွေးကောက်ပွဲ ကုန်ကျစရိတ် ကျပ်သိန်းတစ်ရာထက် ပို၍ သုံးစွဲခွင့် မရှိဘဲ ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရမည်ဖြစ်သည်။ထိုသို့ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းလွှာကို သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲ ကော်မရှင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင် အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင် အဖွဲ့ထံ တင်သွင်းရမည်ဖြစ်ပြီး ယင်းစာရင်းများကို မှန်ကန်ကြောင်း မြို့နယ်တရားသူကြီး အဆင့်ထက် မနိမ့်သော တရားသူကြီး တစ်ဦးဦး ရှေ့မှောက်၌ ပြုလုပ်သော ကျမ်းကျိန်လွှာကိုလည်း ပူးတွဲတင်သွင်းရမည် ဖြစ်သည်။        ထို့ပြင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသည် ၎င်းတို့၏ရုံးတွင် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၏ အမည်များ၊ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်များ၊ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်း တင်သွင်းပါက ယင်းသို့ တင်သွင်းသည့် နေ့ရက်၊ သတ်မှတ်ထားသော အချိန်နှင့် ပြဋ္ဌာန်းချက်များအတိုင်း တင်သွင်းခြင်း ပြုမပြုနှင့် ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း မတင်သွင်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ အရည်အချင်း ပျက်ယွင်းသူဟု သတ်မှတ်ရန် တင်ပြထားသူများစာရင်း ပါဝင်သည့် ကြော်ငြာစာကို ကြေညာထားမည်ဖြစ်သည်။လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးသည် အရွေးချယ်ခံရသည့်တိုင် အသုံးစရိတ် သိန်းတစ်ရာအား လိမ်ညာစာရင်းသွင်းခြင်းအား စစ်ဆေးတွေ့ရှိခြင်း၊ ကုန်ကျစရိတ်တို့အား တင်သွင်းခြင်း မပြုပါက ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းကာ ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရမည်ဖြစ်ကြောင်း သိရသည်။          

Most Read

Most Recent