နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ ရက် တွင် နေပြည်တော်၌ သီးခြားစီ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်မှုအရ သိရသည်။
ထို့ပြင် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဒေါ်အောင်ဆန်းစုကြည်အား ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်းရှိ ဧည့်ရိပ်သာတွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် စာပေးပို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တောင်းဆိုမှုတွင် ‘ရွေးကောက်ပွဲမှတစ်ဆင့် ဖော်ထုတ်ခဲ့သော လူထုဆန္ဒကို တည်ငြိမ်အေးချမ်း မှန်ကန်စွာ အကောင်အထည် ဖော်ခြင်းမှာ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပြည်သူပြည်သားများ၏ နှလုံးစိတ်ဝမ်း အေးချမ်းရေးအတွက် လွန်စွာ အရေးကြီးကြောင်း၊ ထိုကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တွေ့ဆုံဆွေးနွေးလိုကြောင်း လာမည့်အပတ်အတွင်း အဆင်ပြေသည့် အချိန်တွင် လာရောက်တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ပေးရန် မေတ္တာရပ်ခံကြောင်း’ တစ်ဦးချင်းစီသို့ ဒေါ်အောင်ဆန်းစုကြည်က စာပေးပို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တောင်းဆိုမှုကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပထမဦးဆုံး လက်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာ ၁၅ ရက်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကာ နိုဝင်ဘာ ၁၇ ရက်၊ ၁၉ ရက်နှင့် ၂၃ ရက်တို့တွင် သီးခြား တွေ့ဆုံခဲ့သည်။ နိုဝင်ဘာ ၁၉ ရက် တွေ့ဆုံမှုသည် ဒေါ်အောင် ဆန်းစုကြည်၏ ‘အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံ၍ ဆွေးနွေးလိုကြောင်း’ မေတ္တာရပ်ခံချက်အရ တွေ့ဆုံခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲမှ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ သဘောတူ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင်လည်း နေပြည်တော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးခန်း၌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထပ်မံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်နှင့် သီးခြား တွေ့ဆုံမှုများအဖြစ် ၂၀၁၁ ခုနှစ် သြဂုတ် ၁၉ ရက် ညနေပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော် ရုံးခန်းတွင် ပထမဆုံးအကြိမ် ၊ ၂၀၁၂ ခုနှစ် ဧပြီ ၁၁ ရက် ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် ဒုတိယအကြိမ်၊ ၂၀၁၂ ခုနှစ် သြဂုတ် ၁၂ ရက်၌ တတိယအကြိမ်၊ ၂၀၁၃ ခုနှစ် သြဂုတ် ၃၁ ရက်တွင် စတုတ္ထအကြိမ်နှင့် ၂၀၁၄ ခုနှစ် မတ် ၉ ရက် ညနေပိုင်းက သမ္မတ၏ လယ်တောအိမ်၌ ပဉ္စမအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်မူ လာမည့် ဒီဇင်ဘာ ၂ ရက် တွေ့ဆုံမှုမှာ ပထမဆုံး သီးခြားတွေ့ဆုံမှု ဖြစ်လာမည်ဖြစ်ပြီး ယခင်က ပြုလုပ်ခဲ့သည့် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် နိုင်ငံရေး ပါတီ ကိုယ်စားပြု ခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများတွင်သာ တွေ့ဆုံခဲ့ဖူးသည်။
နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၂ ရက်တွင် သီးခြားစီတွေ့ဆုံမည်















