ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် မြေယာ စုံစမ်းရေး ကော်မရှင်မှ ပေးပို့သည့် အမှုပေါင်း ၁၇၁၂၈ မှုရှိပြီး တိုက်ရိုက်တိုင်ကြားမှု ၃၁၉၀ ရှိကာ ပြန်လည် ပေးအပ်သွားမည့်မြေ ၃၇၆၉၉၃ ဧကကျော်ရှိကြောင်း မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ထုတ်ပြန်

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် မြေယာ စုံစမ်းရေး ကော်မရှင်မှ ပေးပို့သည့် အမှုပေါင်း ၁၇၁၂၈ မှုရှိပြီး တိုက်ရိုက်တိုင်ကြားမှု ၃၁၉၀ ရှိကာ ပြန်လည် ပေးအပ်သွားမည့်မြေ ၃၇၆၉၉၃ ဧကကျော်ရှိကြောင်း မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ထုတ်ပြန်
Published 30 November 2015
ဖြိုးဝေ

ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် မြေယာ စုံစမ်းရေး ကော်မရှင်မှ ပေးပို့လာသည့် မြေယာမှုခင်းပေါင်း ၁၇၁၂၈ မှု ရှိနေပြီး အဆိုပါ အမှုများမှ ၇၀၈၈ မှု ဖြေရှင်းပေးရန် ရှိနေကြောင်းနှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တိုက်ရိုက်တိုင်ကြားသည့် အမှုပေါင်း ၃၁၉၀ မှုရှိကာ သက်ဆိုင်သည့် ပြည်သူများသို့ ပြန်လည် ပေးအပ်သွားမည့် မြေဧကပေါင်း ၃၇၆၉၉၃ ဧက ကျော်အထိ ရှိနေကြောင်း မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်းအသီးသီးပါ မြေကိစ္စများကို ဖြေရှင်းနိုင်ရန် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး ဖြေရှင်း ဆောင်ရွက်ရာမှ စုံစမ်းရေးကော်မရှင်မှ ပေးပို့လာသည့် မြေယာအမှုတွဲ ၁၇၁၁၂၈ မှုကိုသက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ စိစစ် ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အမှုတွဲပေါင်း ၁၇၁၂၈ မှုမှ အမှုတွဲပေါင်း ၇၀၈၈ မှု ဖြေရှင်းရန် ကျန်ရှိနေဆဲ ဖြစ်သည်။ အဆိုပါ ၁၇၁၂၈မှုမှ အသုံးပြုရန် လိုအပ်ချက်ကြောင့် စွန့်လွှတ်ရန် မရှိသည့် မြေကိစ္စပေါင်းမှာ ၄၅၄၀ ရှိပြီး ၊ လျော်ကြေးပေး ညှိနှိုင်းပြီးသည့် မြေကိစ္စပေါင်းမှာ ၃၅၉ခု ရှိနေသည်။ ထို့ပြင် အသုံးပြုရန်ထက် ပိုမိုနေ မှုကြောင့် စွန့်လွှတ်မည့် မြေကိစ္စပေါင်းမှာ ၁၉၄ ခုရှိပြီး အသုံးမပြု၍ စွန့်လွှတ်သည့် မြေ ၃၂၃ ခုနှင့် ပုဂ္ဂလိက အချင်းချင်း ဖြေရှင်းရန် ကျန်ရှိနေသည့် မြေကိစ္စပေါင်း ၁၅၉၃ ခု ရှိ နေသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီသို့ တိုက်ရိုက် တိုင်ကြားလာသည့် မြေယာမှုခင်းပေါင်း ၃၁၉၀ ရှိပြီး အသုံးပြုရန် လိုအပ်ချက်ကြောင့် စွန့်လွှတ်ရန် မရှိသည့် မြေကိစ္စပေါင်းမှာ ၂၆၅ ရှိပြီး ၊ လျော်ကြေးပေး ညှိနှိုင်းပြီးသည့် မြေကိစ္စပေါင်းမှာ ၃၈ ခု ရှိနေသည်။ ထို့ပြင် အသုံးပြုရန်ထက် ပိုမိုနေမှုကြောင့် စွန့်လွှတ်မည့် မြေကိစ္စပေါင်းမှာ ငါးခုနှင့် ပုဂ္ဂလိက အချင်းချင်း ဖြေရှင်းရန် ကျန်ရှိနေသည့် မြေကိစ္စပေါင်း ၃၂၇ ခု ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီအနေဖြင့် နိုဝင်ဘာ ၁၅ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအလိုက် စိစစ်ချက်အရ အစီရင်ခံစာ အပိုင်း အသီးသီးပါ မြေကိစ္စများ၌ ပြန်လည်စွန့်လွှတ်မည့် စိစစ်ပြီး မြေဧရိယာများ၊ တိုင်ကြားစာများတွင် ပါဝင်ခြင်း မရှိသော်လည်း သီးခြား ပြန်လည်စွန့်လွှတ်မည့် မြေဧရိယာများနှင့် တိုက်ရိုက် တိုင်ကြားစာများအပေါ် စိစစ်ပြီး ပြန်လည်စွန့်လွှတ်မည့် မြေဧရိယာ စုစုပေါင်းမှာ ၃၇၆၉၉၃ ဒသမ ၂၃၄ ဧကရှိပြီး အသုံးမပြု၍ စွန့်လွှတ်မည့် မြေယာမှုခင်းပေါင်း ၁၉၄  မှုနှင့် ဧကပေါင်း ၇၈၁၀၄ ဒသမ ၀၃၀ ဧက၊ အသုံးမပြု၍ အားလုံးစွန့်လွှတ်မည့် မြေအမှုပေါင်း ၃၂၃ မှုနှင့် ၅၄၄၅၀ ဒသမ ၅၈၂ ဧက ဖြစ်သည်။ ထို့ပြင် စွန့်လွှတ်သွားမည့် မြေအမှုပေါင်း ၅၁၇ မှုနှင့် ၁၃၂၅၅၄ ဒသမ ၆၁၂ ဧက၊ တိုင်ကြားစာတွင် ပါဝင်မှု မရှိသော်လည်း သီးခြားစွန့်လွှတ်မည့် မြေ အမှုပေါင်း ၉၆၁ မှုနှင့် ဧကပေါင်း ၂၄၄၂၃၃ ဒသမ ၂၇၂ ဧကနှင့် တိုက်ရိုက် တိုင်ကြားစာ များအပေါ် စိစစ်ပြီး စွန့်လွှတ်မည့် မြေဧက ပေါင်း၂၀၅ ဒသမ ၃၅ ဧကအထိ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ မြေ ၃၇၆၉၉၃ ဧကကျော်မှ  စိုက်ပျိုးမြေအဖြစ် ပြန်လည်လွှဲပြောင်းပေးသည့် မြေဧကပေါင်း ၁၉၆၃၉၄ ဧကကျော်နှင့် စိုက်ပျိုးမြေ မဟုတ်ဘဲ သက်ဆိုင်သူများသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြေဧက ၁၆၃၅၀၆ ဒသ မ၉၈၉ ဧကရှိပြီး စုစုပေါင်း လွှဲပြောင်းပြီးသည့် မြေဧကပေါင်းမှာ ၃၅၉၉၀၁ ဒသမ ၇၂၇ ဧကရှိပြီး လွှဲအပ်ရန် ကျန်နေသည့် မြေ ၁၇၀၉၁ ဧကရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗဟိုကော်မတီအနေနှင့် နိုင်ငံတော်မှ ပြန်လည်စွန့်လွှတ်သည့် မြေများကို သက်ဆိုင်သူများသို့ ပြန်လည် လွှဲပြောင်းပေးနေပြီးမြေ လက်ခံရယူသူများကို မြေပိုင်ဆိုင်မှု အထောက် အထားများနှင့်တကွ ခိုင်ခိုင်မာမာ လွှဲပြောင်း ပေးအပ်နိုင်ရေး ဆောင်ရွက်နေသည်။ မြေသိမ်းဆည်းခံရ၍ အမှန်တကယ် နစ်နာသူ ပြည်သူများအနေဖြင့် မိမိတို့ သိမ်းဆည်းခံခဲ့ရသည့် မြေများသည် ပြန်လည်စွန့်လွှတ်သော မြေများတွင် ပါဝင်ခြင်း ရှိ/မရှိ သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးများတွင် စုံစမ်းပြီး ပြန်လည် စွန့်လွှတ်မြေများတွင် ပါဝင်ပါက သက်ဆိုင်ရာ မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီများထံ မြေပိုင်ဆိုင်ခွင့် အထောက်အထားများနှင့် ခိုင်ခိုင်မာမာ လွှဲပြောင်းယူရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                                      

Most Read

Most Recent