နတ်မတောင်အား သဘာ၀ လမ်းကြောင်းအတိုင်း တက်ရောက်ကာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ထုံးစံများ၊ သစ်ခွမျိုးစိတ်နှင့် ငှက်မျိုးစိတ်များ လေ့လာနိုင်ရန် စီစဉ်ထားဟုဆို

နတ်မတောင်အား သဘာ၀ လမ်းကြောင်းအတိုင်း တက်ရောက်ကာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ထုံးစံများ၊ သစ်ခွမျိုးစိတ်နှင့် ငှက်မျိုးစိတ်များ လေ့လာနိုင်ရန် စီစဉ်ထားဟုဆို
Published 29 November 2015
ဆန်းထူးအောင်

နတ်မတောင် (ဝိတိုရိယ) တောင်ထိပ် အမြင့်ပေ ၁၀၅၀၀ သို့ သဘာ၀ လမ်းကြောင်းအတိုင်း တက်ရောက်ကာ ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ သစ်ခွမျိုးများ၊ ငှက်မျိုးစိတ်များနှင့် တောင်ပေါ် သဘာ၀ အလှရှုခင်းများအား အပန်းဖြေ လေ့လာနိုင်ရန် စီစဉ်ထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။နတ်မတောင် အမျိုးသား ဥယျာဉ်သည် မြန်မာနိုင်ငံ၏ သဘာ၀ အခြေခံ ခရီးသွား အပန်းဖြေစခန်း ၂၁ ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး၊ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီ မြို့နယ်များအတွင်း တည်ရှိ၍ ၂၇၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ နတ်မတောင် အမျိုးသား ဥယျာဉ်အတွင်း တောင်ပေါ်အမြဲစိမ်းတော၊ တောင်ပေါ် ထင်းရှူးတောနှင့် တောင်ပေါ်မြက်ခင်းတော စသည့် တောအမျိုးအစားများနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပေါများစွာ တွေ့ရှိရသည့် နေရာတစ်နေရာ ဖြစ်ပြီး၊ တောင်ပေါ် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ရေရှည် တည်တံ့စွာ တည်ရှိနေရေးအတွက် ထိန်းသိမ်း ကာကွယ် ဆောင်ရွက်လျှက် ရှိသည့်အတွက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၀ရက်တွင် အာဆီယံ အမွေအနှစ် ဒေသအဖြစ် တိုးမြှင့်သတ်မှတ်ခြင်း ခံရပြီး နတ်မတောင် အမျိုးသား ဥယျာဉ်သည် မြန်မာနိုင်ငံ၏ အာဆီယံ အမွေအနှစ်ဒေသ ခုနစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်၍ ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဥယျာဉ်အဖြစ် ဦးစားပေး အဆင့် (၁) တွင် အဆိုပြု သတ်မှတ်ထားကြောင်း သိရသည်။နိုင်ငံ ဧရိယာ၏ ၁ ဒသမ ၉ ရာခိုင်နှုန်းခန့်ရှိသော ဇီဝမျိုးစု မျိုးကွဲများ တည်ရှိရာ နေရာခုနစ်ခုအား သဘာဝနယ်မြေအဖြစ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။ဇီဝမျိုးစုံ မျိုးကွဲများ ဆုံးရှုံး ပျာက်ကွယ်မှုနှင့် ဂေဟစနစ် အတန်းအစား ကျဆင်းမှုများ လျော့နည်း လာစေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေများကို ကမ္ဘာအနှံတွင် တည်ထောင် လာကြပြီး၊ မြန်မာသစ်တော မူဝါဒတွင် စုစုပေါင်း နိုင်ငံဧရိယာ၏ ၅ ရာခိုင်နှုန်းကို သဘာ၀ နယ်မြေအဖြစ် တည်ထောင်ရန်နှင့် ရေရှည်တွင် ၁၀ ရာခိုင်နှုန်းအထိ တည်ထောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ယခု လက်ရှိတွင် မြန်မာနိုင်ငံသည် သဘာ၀ နယ်မြေ ၃၉ ခု စုစုပေါင်း နိုင်ငံဧရိယာ၏ ၅ ဒသမ ၇၅ ရာခိုင်နှုန်း ဖွဲ့စည်းထားကြောင်း သိရသည်။

Most Read

Most Recent