ရန်ကုန် ပြည်သူ့ဆေးရုံကြီးအတွင်း အိမ်သာဆေးခြင်း၊ အမှိုက်ရှင်းခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများကို အများပြည်သူ ကောင်းမှု ပရဟိတ လူငယ်များ စုပေါင်း၍ နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ပရဟိတ သန့်ရှင်းရေး လှုပ်ရှားမှုကို ယင်းနေ့ နံနက် ၈ နာရီခန့်က ရန်ကုန် ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ငါးထပ်ဆောင်၊ အရေးပေါ်ဆောင်၊ နှလုံးဆောင်၊ အထွေထွေ ကုသဆောင် စသည့် အဆောင်များတွင် အဖွဲ့ငယ်များခွဲ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။“ဒီနေ့ အခုလို သန့်ရှင်းရေး လိုက်လုပ်ပေးရတာ ပီတိဖြစ်မိတယ်။ တစ်နိုင်ငံလုံးကိုလည်း သန့်သန့်ရှင်းရှင်း ဖြစ်စေချင်ပါတယ်။ ရန်ကုန် ဆေးရုံကြီးမှ မဟုတ်ပါဘူး တခြားနေရာတွေကိုလည်း လုပ်ပေးချင်တယ်။ ကျွန်တော်တို့တင် မဟုတ်ဘဲ တခြားသူတွေ ပါလာရင် ပိုကောင်းတာပေါ့။ ပြီးတော့ စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးတာ၊ အမှိုက်ပစ်တာတွေကိုလည်း ကျွန်တော်တို့ ပြည်သူတွေ အကုန်လုံး စည်းကမ်းရှိမယ်ဆိုရင် အဲဒီလိုမျိုးတွေ နည်းပါးလာမှာပါ” ဟု အဆိုပါ ပရဟိတ လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်ခဲ့သော အသက် ၂၅ နှစ်အရွယ် ကိုအောင်မျိုးခိုင်က ပြောကြားသည်။စုစုပေါင်း ဦးရေ ၅၀ ခန့် ပါဝင်သော ပရဟိတ လူငယ်များသည် ဆေးရုံကြီး အတွင်းရှိ အများသုံး အိမ်သာများ၊ လက်ဆေးကန်များအား တိုက်ချွတ် ဆေးကြောခြင်း၊ လျှောက်လမ်းများ၊ အခန်းထောင့်များနှင့် လှေကားထောင့်များရှိ ကွမ်းတံတွေးကွက်များအား ဆေးကြောခြင်း၊ ဆေးရုံ ပရဝုဏ် အတွင်းရှိ အမှိုက်များ သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။“တစ်ခါမှ အဲဒီလိုမျိုး မလုပ်ဖူးဘူး။ စိတ်ထဲမှာ ဝမ်းသာတယ်။ ပီတိလည်း ဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး လုပ်ရတော့ ပျော်လည်း ပျော်တယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ဆေးရုံကြီး သန့်ရှင်းသွားမယ်။ ပိုပြီး ကောင်းသွားမယ်လို့ ယုံကြည်တဲ့အတွက် လာပြီး ပူးပေါင်း လုပ်ပေးတာပါ” ဟု ဆေးရုံကြီး သန့်ရှင်းရေး ပရဟိတ ဆောင်ရွက်မှုတွင် ပါဝင်ခဲ့သော အသက် ၂၄ နှစ်အရွယ် ကိုဥက္ကာကိုက ပြောကြားသည်။
ရန်ကုန် ပြည်သူ့ဆေးရုံကြီးအတွင်း အိမ်သာဆေးခြင်း၊ အမှိုက်ရှင်းခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများ ပရဟိတ လူငယ်များ စုပေါင်းပြုလုပ်















