ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနတွင် လေဖြတ်ရောဂါကုသရေးဌာနကို လာမည့်နှစ်အတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းဌာနတွင် ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သည့် လေဖြတ်လူနာများအား ထိုးဆေးဖြင့် နာရီပိုင်းအတွင်း ပြန်ကောင်းနိုင်မည့် ထိုးဆေးဖြင့် စတင်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဌာနဖွင့်လှစ်နိုင်ရန် လေဖြတ်ရောဂါကုသရေးနှင့် ပတ်သက်၍ ဆရာဝန်များ၊ သူနာပြု များအား လေ့ကျင့်သင်ကြားမှုများ၊ လေဖြတ်ရောဂါကုထုံးများ နှင့် ပတ်သက်၍ ပြည်ပနိုင်ငံများသို့ သင်တန်းတက်ရောက်လေ့လာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ကုသမည့် ဆေးမှာ ဦးနှောက်သွေးကြောပိတ်ခြင်းကို ပျော်စေသည့် ALTEPLASE ဟုခေါ်သည့် ထိုးဆေးဖြစ်ပြီး အဆိုပါဆေးဝါးကို ဂျာမနီနိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးဝါးဖြင့် မြန်မာနိုင်ငံတွင် ကုသနိုင်ရန် ပြီးခဲ့သည့်နှစ်မှ စတင်ကာ မြန်မာနိုင်ငံရှိ သံရုံးဝန်ထမ်းများ၏ အိမ်ရှင်မများဖြင့် ဖွဲ့စည်းထားသည့် Interantional Cultural and Charity Group (ICCG) အဖွဲ့ က ဆေးဝါးဝယ်ယူရန် ရန်ပုံငွေရှာဖွေခြင်း နှင့် ဆေးရုံမှတာဝန်ရှိသူများက ဆေးဝါးကုမ္ပဏီဖြင့် ညှိနှိုင်းခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သင့်တင့်သည့်နှုန်းထားဖြင့် ဝယ်ယူရန်ညှိနှိုင်းပြီးဖြစ်ကြောင်း သိရှိရသည်။
လေဖြတ်ခြင်းသည် ဦးနှောက်သွေးကြောပိတ်ခြင်းနှင့် ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ကြောင့်ဖြစ်ပြီး အများစုမှာဦးနှောက်သွေးကြောပိတ်ခြင်းကြောင့် လေဖြတ်သူမှာ များပြားကြောင်းနှင့် ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ပါက ခွဲစိတ်ကုသနိုင်ပြီး ဦးနှောက်သွေးကြောပိတ်ပါက သွေးကျဲဆေးများပေးကာ ကုသနိုင်ကြောင်း၊ ယင်းရောဂါမှာ ဆောလျင်စွာ ကုသမှုခံယူပါက ပျောက်ကင်းနိုင်သည့် ရာခိုင်နှုန်း များပြားသော်လည်း အများစုမှာ ဆေးမြီးတိုများနှင့် ကုသပြီးမှသာ နောက်ကျမှ ရောက်လာတတ်ကြကြောင်းနှင့် လေဖြတ်ရောဂါမှာ ဆေးဝါးများဖြင့် ကြိုတင်ကာကွယ်၍မရသည့် ရောဂါတစ်ခုဖြစ်ကြောင်း သိရသည်။
“လေမဖြတ်အောင် ကြိုကာကွယ်လို့ရတဲ့ ထိုးဆေးဆိုတာ မရှိဘူး။ အဓိက က လေဖြတ်တာကို ဖြစ်စေတဲ့အကြောင်းအရာတွေ ကိုရှောင်မယ်ပေါ့။ အခုလေဖြတ် ကာကွယ်ဆေးဆိုပြီး ထိုးပေးနေတဲ့ဆေးတွေက ကာကွယ်နိုင်တယ်ဆိုပြီး သက်သေပြနိုင်တာ မရှိဘူး။ တကယ်တော့ အဲဒီဆေးတွေက သွေးကြောကျယ်စေတယ်။ သွေးစီးနှုန်းကောင်းစေတဲ့အတွက် လေဖြတ်ပြီးသား လူနာတွေကို ထိုးတာများတယ်။ သူ့မှာ ကြိုကာကွယ်နိုင်လောက်အောင် အာနိသင်မရှိပါဘူး။ မနှစ်က ဘုန်းကြီးကျောင်းတစ်ခုမှာ နားအနောက်က အကြောကို ဖြတ်ပေးရင် လေမဖြတ်ဘူးဆိုတော့ တစ်ခါလုပ်ရင် တစ်ထောင်နဲ့တစ်နေ့ကို လူတစ်ထောင်လောက် လာလုပ်ကြတယ်။ ဘလိတ်ဓားလေး တစ်လက်တည်းနဲ့ နားအနောက်ကိုလှန်ပြီး တိခ နဲ ဖြတ်လိုက်တယ်။ ပြီးရင် ပြီးသွားတယ်ပေါ့။ သူကတော့ အဓိက သွေးတိုးနေတာကို အဲ့ဒီလို လှီးလိုက်တော့ သွေးထွက်တော့ ပရက်ရှာကျသွားလားဆိုတဲ့ Concept နဲ့ လုပ်တာထင်တယ်။ အဲဒီ ဓားတစ်လက်နဲ့လူပေါင်းများစွာကို လုပ်ပေးနေတော့ လေဖြတ်တာ မကာကွယ်နိုင်တဲ့အပြင် တခြားကူးစက်ရောဂါပိုးတွေပါ ကူးစက်ကုန်မှာ စိုးရတယ်။ ဒီနောက်ပိုင်းတော့အဲဒီလို လုပ်တာမရှိတော့ဘူးလို့တော့ ကြားမိတယ်။
ဒါက အယူဆမှားတာပေါ့” ဟု ဆေးတက္ကသိုလ်(၂)၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဖြူဖြူ လေးက ပြောကြားသည်။
ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနသို့ လေဖြတ်လူနာ လစဉ် ၆၀ မှ ၈၀ ကြား လာရောက်ပြသကြပြီး လာရောက်ပြသသူများအနက် လူနာ ၁၀ ဦးလျှင် ရှစ်ဦးမှာ ဦးနှောက်သွေးကြော ပိတ်ခြင်းကြောင့်ဖြစ် ပြီး ယင်းရောဂါမှာ ဆောလျင်စွာကုသမှုခံယူပါက ပျောက်ကင်းမှု ရာခိုင်နှုန်းမှာ များပြားသော်လည်း အများစုမှာ ဆေးမြီးတိုများ နှင့် ကုသပြီးမှသာ နောက်ကျမှ ရောက်လာတတ်ကြကြောင်းနှင့် မြောက်ဥက္ကလာဆေးရုံကြီးတွင်လည်း လေဖြတ်ရောဂါဖြင့် လာရောက်ပြသမှုမှာ လစဉ်လူနာ ၄၀ မှ ၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီး၌ လေဖြတ်ရောဂါကုသဌာနကို လာမည့်နှစ်အတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး ဦးနှောက်သွေးကြောပိတ် လေဖြတ်လူနာများအား နာရီပိုင်းအတွင်း ပြန်ကောင်းနိုင်မည့် ထိုးဆေးဖြင့် စတင်ကုသပေးမည်















