ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် ထိုင်းရောက် မြန်မာလုပ်သားများကို နိုင်ငံကူးလက်မှတ်စာအုပ် ပြုလုပ်ပေးရန် စစ်တမ်းကောက်ယူမှု ထိုင်းဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိသဖြင့် ရပ်ဆိုင်းထားရ

ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် ထိုင်းရောက် မြန်မာလုပ်သားများကို နိုင်ငံကူးလက်မှတ်စာအုပ် ပြုလုပ်ပေးရန် စစ်တမ်းကောက်ယူမှု ထိုင်းဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိသဖြင့် ရပ်ဆိုင်းထားရ
Published 28 November 2015
ဉာဏ်ဝင်းရှိန်

ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို နိုင်ငံကူးလက်မှတ်စာအုပ် ပြုလုပ်ပေးရန်အတွက် စစ်တမ်းကောက်ယူမှု လုပ်ငန်းကို ထိုင်းဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိသဖြင့် ယာယီ ရပ်ဆိုင်းထားရကြောင်း သတင်းရရှိ သည်။ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများအနက် သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များ ပြည့်မီသည့် ရွှေ့ပြောင်းလုပ်သားများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးရန်အတွက် ထိုင်းနိုင်ငံအတွင်း ခရိုင် ၇၇ ခရိုင်တွင် စစ်တမ်းကောက်ယူရန် မြန်မာဘက်မှ စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိသောကြောင့် လုပ်ငန်းစတင်နိုင်ခြင်း မရှိသေးဘဲ ယာယီ ရပ်ဆိုင်းထားရကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)မှ အထွေထွေအတွင်း ရေးမှူး ဦးကျော်ထင်ကျော်က ပြောကြားသည်။၎င်းက “အခုက စစ်တမ်းကောက်ယူမှုကို ယာယီရပ်ထားရတယ်။ ဘာလို့လဲဆိုတော့ ထိုင်းဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိလို့ပဲ။ သူတို့ပေါ်လစီကိုက ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတယ်။ သက်သက် မြန်မာလုပ်သားတွေဆီက ငွေကိုခေါင်းပုံဖြတ်ချင်နေတဲ့ သဘောပဲ။ ကျွန်တော်တို့ဘက်က စက်ကောလူကော ထိုင်းမှာအဆင်သင့်ပဲ။ အရင်ကကောက်ထားတာ နည်းနည်းပဲရှိတယ်။ အောက်တိုဘာ ၂၂ ရက်ကစပြီး ရပ်ထားရတယ်” ဟု  နိုဝင်ဘာ ၂၈ ရက်က ပြောကြားသည်။အဆိုပါ စစ်တမ်းကောက်ခြင်းကို အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အလုပ်သ မားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ပူးပေါင်းကာ အဖွဲ့ပေါင်း ၂၁ ဖွဲ့ဖြင့် ကောက်ယူရန် စီစဉ်ထားသော်လည်း လက်ရှိရပ်ဆိုင်းထားရသည်။ထိုင်းနိုင်ငံအတွင်းရှိ အထောက်ထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအား ထိုင်းစစ်အစိုးရ တက်လာပြီးသည့် နောက်တွင် ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်းရောင်ကတ်)ကို ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ပြုလုပ်ကိုင်ဆောင်သူမှာ ရွှေ့ပြောင်းမြန်မာလုပ်သား သုံးသန်းကျော်အနက် လေးသိန်းခွဲကျော်သာ ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာလုပ်သားများအနေဖြင့် တစ်မြို့တည်း၌သာ နေထိုင်အလုပ်လုပ်ခွင့် ရရှိပြီး ခရီးသွားလာလိုပါက သံရုံးထောက်ခံချက်၊ နယ်မြေအလုပ် သမားဌာနထောက်ခံစာနှင့် အလုပ်ရှင် ထောက်ခံစာများပါ ပူးတွဲယူဆောင်သွားရန် လိုအပ်ကြောင်း သိရသည်။ 

Most Read

Most Recent