‘‘သမ္မတကြီး’’ စာသားပါ ကဗျာအား ရေးသားပြီး Facebook တွင် တင်ခဲ့မိသဖြင့် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံထားရသည့် ကဗျာဆရာ မောင်ဆောင်းခ၏ အမှုအား တရားသူကြီး ပြောင်းလဲ စစ်ဆေးပေးပါရန် ၎င်း၏ရှေ့နေမှ ရွှေပြည်သာမြို့နယ် တရားသူကြီးအား နိုဝင်ဘာ ၂၇ ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။
အဆိုပါအမှုတွင် မောင်ဆောင်းခ ရး သားသည့် ကဗျာစာသားများသည် အမှုအား စစ်သည့် အမျိုးသမီး တရားသူကြီးနှင့် မသင့်လျော်သည့်အတွက် တရားသူကြီး ပြောင်းလဲ စစ်ဆေးပေးပါရန် တရားစွဲ ခံထားရသည့် မောင်ဆောင်းခ၏ရှေ့နေ ဦးရောဘတ်စန်းအောင်က လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
‘‘ဒီကနေ့ရုံးချိန်းမှာ ကျွန်တော်တို့က တရားခွင် ပြောင်းဖို့ လျှောက်တယ်။ အမှုအဖြစ်အပျက် အကြောင်းအချင်းအရာအရ အမျိုးသမီး တရားသူကြီးနဲ့ စစ်ဆေးဖို့ မသင့်လျော်ဘူး။ မသင့်လျော်တဲ့အတွက် အမျိုးသား တရားသူကြီးကို ပြောင်းပေးပါလို့ ကျွန်တော်က လျှောက်တယ်။ မေးရမယ့် မေးခွန်း အနေအထားနဲ့ တရားသူကြီးကို အားနာတယ်။ အမျိုးသမီး တရားသူကြီးက ငယ်လည်းငယ်တယ်။ အပျိုကြီးလည်း ဖြစ်တဲ့အတွက် အဲဒီကဗျာထဲမှာပါတဲ့ စာကြောင်း တစ်ကြောင်း နှစ်ကြောင်းအရ မေးရရင် ကျွန်တော်တို့က မျက်နှာပူတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရလည်း မသင့်တော်ဘူး။ သူ့အတွက်လည်း နားထောင်ရတာ အဆင်မပြေ ဖြစ်နိုင်တယ်။ အဲဒါကြောင့် တရားသူကြီး ပြောင်းစစ်ပေးပါလို့ လျှောက်လိုက်တာပါ’’ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
ယင်းအမှုအား ရွှေပြည်သာ တရားရုံးတွင် ရုံးထုတ်ရာ၌ စစ်ဆေးခြင်းမရှိဘဲ ဒီဇင်ဘာ ၄ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့သည်။
ရုံးထုတ်လာစဉ် ကဗျာဆရာ မောင်ဆောင်းခက ’’၆၆ (ဃ) က သာမန်အကျဉ်းသားတွေရဲ့ ပုဒ်မပဲ နိုင်ငံရေး အကျဉ်းသား မဟုတ်ဘူးလို့ ပြောတယ်။ ပုဒ်မ ၁၈ တို့ ၅၀၅ (ခ) တို့ကိုသာ နိုင်ငံရေးပုဒ်မလို့ သူတို့က သဘောထားတယ်။ တကယ်က နိုင်ငံရေး ပယောဂ တစ်ခုခုကြောင့် ဖမ်းဆီး ချုပ်နှောင် ခံရတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ရမှာပါ။ အဲဒီလိုမျိုး စည်းမျဉ်း စည်းကမ်းတွေကို သေချာတွက်ချက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ ထားတဲ့ အဆောင်ထဲမှာ ထားသင့်တယ်လို့ ကျွန်တော်ထင်တယ်’’ဟု ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်တွင် လူငယ် ကဗျာဆရာ မောင်ဆောင်းခသည် ၎င်း၏ Facebook အကောင့်မှ ‘ ပုံရိပ်’ ခေါင်းစဉ်ဖြင့် ကဗျာတစ်ပုဒ် ရေးသားဖော်ပြခဲ့သည်။ အဆိုပါ ကဗျာထဲတွင် ပါရှိသော စာသားအပေါ် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ Facebook အကောင့်ဖြစ်သော မှူးဇော ်အကောင့်မှနေ၍ ဥပဒေအရ အရေးယူမည်ဟု ပြန်လည် ရေးသားခဲ့သည်။
ယင်းနောက် နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်း၌ ဗကသ ကျောင်းသားခေါင်းဆောင် နှစ်ဦးကို ရုံးထုတ်စဉ် မောင်ဆောင်းခက ကမာရွတ်မြို့နယ် တရားရုံးသို့ လာရောက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေး ဥပပဒေ ပုဒ်မ ၆၆ (ဃ) ၏ အဓိပ္ပာယ်မှာ ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ဟူ၍ ဖြစ်သည်။
‘သမ္မတကြီး’စာသားပါ ကဗျာရေးသားသဖြင့် ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသည့် မောင်ဆောင်းခ၏ အမှုတွင် တရားသူကြီး ပြောင်းလဲ စစ်ဆေးပေးရန် လျှောက်ထား