လမ်း

လမ်း
Published 27 November 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
ဓာတ်ပုံတွေထဲ မြင်တွေ့ဖူးပြီး ဖြစ်ပါလျက်၊ ပက်ပင်း တွေ့မိသောခဏ၌ တအံ့တသြနှင့် ကြည်နူူးကျေနပ်မဆုံး ဖြစ်ခဲ့ရသော သာသနိက နယ်မြေနှစ်ခုရှိသည်။ တစ်ခုက ကျိုက်ထီးရိုးဖြစ်ပြီး၊ နောက်တစ်ခုက ပုဂံဖြစ်သည်။ သာမဏေဘဝဖြင့် ရန်ကုန်ကို ပထမဆုံးအခေါက် ရောက်ခဲ့စဉ်က မူလအစီအစဉ် မရှိပါဘဲလျက် ကျိုက်ထီးရိုးကို ရောက်ဖြစ်ခဲ့ရသည်။
ကားပေါ်မှ ဆင်းသည်နှင့် တစ်ကိုယ်လုံးကို တောအုပ်ကြီးက လွှမ်းခြုံသွားသလား ထင်ရသည်။ တောင်ပေါ်ထိအရောက် ခြေကျင်တက်ကြသည်။ ယခုလို တောင်တက်ကားလမ်း ရယ်လို့လည်း မရှိသေး။ ကင်ပွန်းစခန်းရောက်တော့ အများနည်းတူ ရေချိုးကြသေးသည်။ လမ်းခရီး၌ ကျိုက်ထီးရိုး တောင်ဝှေးလေးတွေ ထောက်ပြီး ဆင်းလာကြသူ အများစုကို တွေ့ရသည်။ မီးဖြင့်အရာပေး အလှဆင်ထားသော အစင်းကြောင်းလေးတွေလည်း ပါသည်။ မိမိတို့က အဖိုးအခပေးရသော ထိုတောင်ဝှေးကိုမဝယ်။ လမ်းခရီး၌တွေ့သော ကရင်အဘိုးကြီး တစ်ဦးထံမှ ဓားမကိုခေတ္တငှား၍ လမ်းဘေး ဝါးရုံပင်တစ်ပင်ကို ကပ္ပိပြီး တောင်ဝှေး လုပ်ခဲ့ကြခြင်း ဖြစ်သည်။ စိမ်းစိမ်းစိုသော တောင်ဝှေးထိပ်ဖျား၌ ဝါးညွန့်ကလေး တန်းလန်း ချန်ထားသော မိမိတို့၏ လက်ဖြစ်တောင်ဝှေးကို ကြည့်ပြီး ဘုရားဖူးအချို့က ပြုံးတုံးတုံး။
“ရောက်ခါနီးပြီလားဗျ” ဟု မိမိတို့က မေးလိုက်တိုင်း “နီးပြီဘုရာ့၊ တစ်ကွေ့ပဲ လိုပါတော့တယ်” ဟု ဘုရားပြန်တွေက ဆိုကြသည်။ သူ့တစ်ကွေ့ကလည်း ကွေ့လို့ကို မပြီးနိုင်။ သူ့ကိုယ်မသိ၊ ကိုယ့်သူမသိ။ မေးလားမြန်းလား၊ ပြုံးလား ရွှင်လား။ နှုတ်တွေဘာတွေတောင် ဆက်လို့။ “တယ်လည်း သွက်လက်ချက်ချာ နေပါလား” ရယ်လို့ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြယူရသည်။ ထိုစဉ်ကတော့ စိတ်ထဲ ပျော်နေတာပဲ သိသည်။ နောက်ပြီး “ဘုရားဖူး အချင်းချင်းတွေ” ဟူသော စိတ်ကအားလုံးကို ဆွေလိုမျိုးလို တရင်းတနှီး ဖြစ်စေခဲ့သည်ထင်ပါ၏။
(၂)
မိမိတို့ စစ်ကိုင်းတောင်ရိုးသို့ ဘုရားဖူး လာကြသူများအနေဖြင် တောင်ပေါ်ရောက်ဖို့ကို အသာထား။ စစ်ကိုင်းအဝင် တံတားကြီးကို ကျော်ဖြတ်စဉ်ကတည်းက စစ်ကိုင်းတောင်ပေါ်မှ စေတီပုထိုးများကို လှမ်းမြင်နေရပြီး ဖြစ်သည်။ ကျိုက်ထီးရိုးတောင်ကို တက်ရသည်က ထိုသို့မဟုတ်။ ဘုရားကို ဖူးမြင်ရဖို့ မဆိုထားနှင့်၊ အနံ့အသက်ကလေးသော်မျှ မရသေး။ ဘုရားက ဘယ်ဆီဘယ်ဝယ် မသိပါဘဲလျက် တောထဲတောင်ထဲ လျှောက်သွားနေရသည်။ ဒါကိုက အရသာတစ်ပါး။
သို့ဖြင့် လေးနာရီ ကျော်ကျော် တက်လှမ်းမိကြပြီးနောက် တစ်ခုသော ထောင့်ချိုးအရောက်၌ ဘုရားကို လှမ်းမြင်လိုက်ရသည်။ “အိုး မြင်လိုက်ရတာ အမောကို ပြေသွားတာပဲ” ဆိုသော စကားမျိုးသည် အပိုစကား သက်သက် မဟုတ်ကြောင်း ထိုခဏ၌ သဘောပေါက် လိုက်ရတော့သည်။ ရင်ထဲ အေးချမ်းသွား သည်နှင့်အမျှ စောစောက အမောအပန်းတွေလည်း ယူပစ်လိုက်သလို ပျောက်သွားသည်။ ခြေလှမ်းတွေက ပိုသွက်လာသည်။ မိမိတို့ ကိုရင်တစ်သိုက်ကရှေ့က ဦးဇင်းတွေအဖွဲ့က နောက်က။ ရင်ပြင်တော် အဝင်ကိုရောက်တော့ ရှေ့ကိုဆက်မလှမ်းသေးဘဲ ဘုရားကို အဝေးမှ လှမ်းဖူးရင်း အရသာခံနေလိုက်သေးသည်။ သို့ဖြင့် ယခင်က ဓာတ်ပုံတွေထဲမှာသာ ဖူးတွေ့ရဖူးသည့် ကမ္ဘာကျော် ကျိုက်ထီးရိုးဆံတော်ရှင်၏ ခြေတော်ရင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ရခြင်း ဖြစ်သည်။
တောင်ထိပ်ရောက်တော့၊ လေနုအေးက တနွဲ့နွဲ့နော့ရုံမျှမက တသုန်သုန် မြူးနေသည်။ ရှေ့နောက်ဝဲယာ ဘယ်ညာကို ကြည့်လိုက်တော့ တောင်စဉ်တောင်တန်းတွေကိုချည်း ရှုမဆုံးတွေ့ရသည်။ ဟိုးအဝေးဆုံးက တောင်စဉ်အဖျား၌ ဝင်လုဆဲဆဲ နေလုံးကြီးက ပုစွန်ဆီပုစွန်သွေးဖြင့် တိမ်တွေကို ဆလိုက်ထိုး ထားသည့်နှယ်။ ဘုရားကိုဝတ်ပြု၍ ပြီးပြီးချင်း စေတီတော် ကျောက်တုံးကြီး၏ အောက်ခြေကို အများနည်းတူ ငုံ့ကြည့်ခဲ့မိသေးသည်။ ညရောက်တော့ ဘုရားခြေတော်ရင်းရှိ ဝါးတန်းလျား တည်းခိုဆောင်လေးများ၌ အခကြေးငွေပေးပြီး အိပ်ခဲ့ကြရသည်။ မအိပ်ခင် ဘုရားရင်ပြင်တော်ပေါ်ကို တစ်ခေါက် ထပ်ရောက်သေးသည်။ အချို့က ဘုရားဖူးနေကြ။ အချို့က ပုတီးစိပ်နေကြ။ အချို့က အာဂုံဆောင်ထားသမျှ ဘုရားစာတွေကို သရဇ္ဈာယ် ရွတ်အံနေကြ။ ကျိုက်ထီးရိုး၏ ညက သန္တရသ အပြည့်ဖြင့် အလှကြီး လှနေတော့သည်။
မနက်ရောက်တော့ ကျီးပါးစပ်ဘက်ကို ဆင်းကြည့်ကြသည်။ ထို့နောက် ကျောက်ထပ်ကြီး ဘက်ကိုဆက်သည်။ ကျောက်ထပ်ကြီးသို့ သွားရာလမ်း၌ ဘူးသီးကြော် ဆိုင်လေးများကို တွေ့ရသည်။ ဟိုတောင် ဒီတောင်ကူးချည် သန်းချည်ဆိုတော့ ခြေလက်တွေလည်း ညောင်းပြီ၊ ဗိုက်တွေကလည်း ဆာပြီ။ ခေါင်းဆောင် ဦးဇင်းက ‘ဒီဆိုင်မှာ ခဏနားမယ်ဟေ့’ဆို တော့ စိတ်ထဲဘယ်လို ပျော်မှန်းမသိ။ ခဏ အကြာ၌ မိမိတို့ရှေ့တော်မှောက်သို့ ပူပူနွေးနွေး ဘူးသီးကြော်များ ရောက်လာသည်။ လူငယ်တွေ ဖြစ်သည့်အထဲ ဆာကလည်းဆာဆာဆိုတော့ ထိုမျှအရသာရှိသော ဘူးသီးကြော်မျိုးကို ယခင်က မစားဖူးသေးဟုပင် စိတ်ကထင်မိသည်။ ဆိုင်နာမည်ကို ဖတ်ကြည်မိတော့ “ဘူးသီးဖီလင်” တဲ့။ ထိုခေတ်က ‘ပန်း သီးဖီလင်’ ဆိုသော သီချင်းကလည်း လူငယ်တွေကြား ရေပန်းစားနေသည်။ ‘ဘူးသီးဖီလင်’ ဆိုသော ဆိုင်းဘုတ်ကို မေးထိုးပြီး မိမိတို့အားလုံး ပြုံးမိခဲ့ကြသေးသည်။
(၃)
မွန်တို့ဌာနေ၌တည်သည့် ကျိုက်ထီးရိုး၊ ကျိုက္ခမီတို့ကို သုံးကြိမ်သုံးခေါက် အဖူးအမြော် ရောက်ပြီးသည့်တိုင် မိမိကပုဂံကို မရောက်ဖူးသေး။ အညာသားမိမိအဖို့ ထိုအဖြစ်က သဘာ၀ မကျသလိုလို ရှိသော်လည်း အဖြစ်က ထိုအတိုင်းပင် ဖြစ်ခဲ့သည်။ သို့သော် ပုဂံက ရောက်မယ့်ရောက်တော့ ‘ပုဂံပြီးရင်း ပုဂံရင်း’ ဖြစ်တော့သည်။ ပုဂံကို ပထမဆုံးအကြိမ် ရောက်စဉ်က ခံစားချက်က တစ်ဘာသာ။ ကျိုက်ထီးရိုး တက်စဉ်ကလို အမောပြေခြင်း၊ ငြိမ်းအေးမျိုး မဟုတ်။ စိတ်ထဲ တအံ့တသြ ဖြစ်သွားရခြင်း ဖြစ်သည်။ ထိုအံ့သြမှုက အတော်လေး အရှိန်ပြင်းသည်။ ရင်ထဲလှိုက်လှိုက် တက်လာသည် ထင်ရသည်။ တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ဖြစ်သွားပြီး ရင်တွေဘာတွေတောင် ခုန်သည်။ “ငါတို့ အဘိုးအဘွား၊ ငါတို့ အမျိုးသား” ဆိုသည့် စိတ်ခံစားချက်က ဟုန်းခနဲ ထတောက်သည် ထင်ရလောက်အောင် တစ်ခါမှ မခံစားဖူးသော ခံစားချက်အသစ်ကို ပုဂံက ပေးသည်။ “ငါ့မှာ မျက်လုံးက နှစ်လုံးတည်းရှိတာ၊ အားမရလိုက်လေခြင်း” ဟု တွေးယူရလောက်အောင် ပုဂံက ကြည့်မဝရှုမ၀ ဖြစ်နေခဲ့သည်။
ညောင်ဦးမြို့ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း၌ မိမိတို့အဖွဲ့ ညအိပ်တည်းခိုကြသည်။ နောက်တစ်ရက် ရောက်တော့ ကျောင်းနေ ကိုရင်ကြီးတစ်ပါးက သူ့အသိ မြင်းလှည်းဆရာကို ငှားပေးသည်။ လမ်းပြနှင့်ပေါင်းမှ မိမိတို့က လေးယောက်တည်း ဆိုတော့ မြင်းလှည်း စီးရတာလည်း ချောင်ချောင်ချိချိရှိ သည်။ မြင်းလှည်းလေးက မြေနီလမ်းကလေးအတိုင်း တောက်ကလပ် တောက်ကလပ်ဖြင့် ပြေးနေသည်။ ရှေ့နောက်ဝဲယာ မြင်လေရာရာတိုင်းက ရင်ခုန်ဖွယ်ရာတို့ ချည်းဖြစ်သည်။ သူ့မြေကို အစဦးဆုံးအကြိမ် ရောက်ရှိလာသော မိမိတို့ အညတရအုပ်စုကို ပုဂံက တခမ်းတနား ကြိုဆိုခဲ့သည်။
ပထမဆုံး ရောက်ခဲ့သည့် ထိုအခေါက်က ပုဂံ၌ ပြန်လည်မွမ်းမံခြင်းများ မလုပ်သေး။ ပုဂံပြတိုက်ကြီးလည်း မတည်ဆောက်သေး။ ‘ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ’ ဟူသော အဝင် ဆိုင်းဘုတ်ကြီးလည်း မရှိသေး။ လမ်းတွေဘာတွေကလည်း ယခုလောက် အတင့်အတယ် အပြေအပြစ်မရှိသေး။ နောက်ပြီး၊ တည်းခိုဆောင် ဟိုတယ်ကြီးများလည်း ယခုလောက် မများပြားသေး။ ကမ္ဘာလှည့်အများစု တည်းခိုလေ့ရှိသော “သီရိပစ္စယာဟိုတယ်” သည်သာ ပုဂံ၌ ဟိတ်ကြီးဟန်ကြီး ဟိုတယ်အဖြစ် ရှိနေခဲ့သည့်ကာလ။ ပြောကြစတမ်းဆို ငယ်မူငယ်သွေးတို့ဖြင့် ရွှန်းပ လင်းလက် နေဆဲသောပုဂံ။ ပုဂံ၏နေဝင်ချိန်ကို စေတီ ပုထိုး အတော်များများထက်မှ ကြည့်ရှုခံစားခွင့်ပြုထားဆဲသော ပုဂံ။
ပုဂံက ပြန်လာတော့၊ ပုဂံပြန်အမှတ်တရအဖြစ် ယွန်းအုပ်ကလေးတစ်ခုသာ ဝယ်နိုင်ခဲ့သည်။ မိမိတို့၏ မူလခရီးစဉ်က မင်းဘူးရွှေစက်တော် ဖြစ်သည်။ ဒီကြားထဲ ပုဂံခရီးက မမျှော်လင့်ဘဲ ဖြစ်လာသည်မို့ ဖွတ်ကလိဒင်္ဂါးက အခြေအနေက မကောင်းတော့။ ဒီတော့၊ အမှတ်တရ ဓာတ်ပုံလေးတစ်ပုံတောင် မရိုက်ဖြစ်နိုင်ခဲ့သည်ကိုက အမှတ်တရ ဖြစ်ရတော့သည်။
(၄)
နောက်နောင်၊ ရောက်ဖြစ်ခဲ့သမျှ ပုဂံခရီးစဉ်တိုင်း၌ မော်တော်ကားဖြင့်ချည်း လည်ပတ်ဖြစ်သည်။ ပုဂံကို မော်တော်ကားဖြင့် လည်ပတ်ရခြင်းကို မိမိမနှစ်ခြိုက်လှပါ။ ပုဂံသည် မြင်းလှည်းကလေးတစ်စီးဖြင့် သို့မဟုတ်၊ စက်ဘီးလေး တစ်စီးဖြင့် လှည့်လည်ချင်စရာကောင်းသော နယ်မြေအထူးဟု မိမိက ယူဆသည်။ သို့သော် ထိုအဖြစ်သည် မဖြစ်နိုင်တော့။ ခရီးက မိမိတစ်ယောက်တည်း၏ ခရီးမဟုတ်။ အများနှင့် သွားရသော ခရီးစဉ်တွေချည်း ဖြစ်သည်။
ဗူးဘုရားအနီးရှိ ဘုန်းတော်ကြီးကျောင်း၌လည်း ညအိပ်ဖူးသည်။ ရွှေစည်းခုံအနီးရှိ ဘုန်းကြီးကျောင်း သုံးလေးကျောင်း၌လည်း ညအိပ်ဖူးသည်။ ပုဂံမြို့တွင်းရှိ တည်းခိုခန်းတစ်ခု၌လည်း ညအိပ်ဖူးသည်။ အပေါ်ထပ် တက်ခွင့်ပြုသမျှ စေတီပုထိုးများကိုလည်း မရောက်ရောက်အောင် တက်ဖြစ်သည်။ ပုဂံ၏နေဝင်ချိန်၊ နေထွက်ချိန်တို့ကို နိုင်ငံခြားသားများနှင့် လုယက်တိုးဝှေ့ပြီး ဓာတ်ပုံရိုက်ရ ကောင်းမှန်းလည်း သိခဲ့ပြီ။ ခုတော့ အောင်ဘုလည်း လှည်းနဲ့ နွားနဲ့ဖြစ်ခဲ့ပြီ။
ဗူးဘုရား၏ နေဝင်ချိန်ထက် လောကနန္ဒာ၏ ကမ်းပါးအလှကို မိမိကပို၍ ခုံမင်သည်။ လောကနန္ဒာ ကုန်းတော်ထက်သို့ ကွေ့ပြီးတက်လာရသော လှေကားအကွေ့လေးကိုပင် စိတ်ကအတော်နှင့် မဆုံးစေချင်။ လက်ညှိုးထိုးမလွဲလောက်အောင် အရေအတွက် များလှစွာသော ပုဂံနယ်မြေ၌ ထိုထို စေတီပုထိုးတို့နှင့် စပ်လျဉ်းသော စိတ်ခံစားချက်ကလည်း အမျိုးမျိုးအဖုံဖုံ ဖြစ်သည်။ အာနန္ဒာဘုရား ပတ်လမ်းထဲ လမ်းလျှောက်နေရစဉ်၌ ဖြစ်သော စိတ်ခံစားမှုနှင့် မနူဟာဘုရားကို ဦးချကန်တော့မိချိန်၌ ဖြစ်သော စိတ်ခံစားမှုတို့က မတူညီနိုင်ခဲ့။
ပုဂံမြေကို ခြေချမိလေတိုင်း “ပေါက္ကာရာမ၊ မြင်းကပါ၊ ထီးလိုင်ရှင်၊ သရပါ၊ အရိန္ဒမာ” စသော ဝေါဟာရတို့က နားထဲအလိုလို ရောက်လာသည်။ “မဏိစန္ဒာ၊ သမ္ဘူလ၊ အပါယ်ရတနာ၊ ရွှေအိမ်သည်” ဟူသော အမည်နာမတို့ကိုလည်း စိတ်မှန်းဖြင့် ပုံဖော်ခဲ့ဖူးသည်။ “သန္ဓေသည် သားယောက်ျားဖွားမူ သည်လက်စွပ်ကို ယူ၍ ငါ့သို့လာခဲ့။ သားမိန်းမဖွားသောမူကား ရောင်းချ၍ အသက်မွေးပါလေ” ဟူသော ရာဇဝင် စကားသံတို့ကို ကြားယောင်မိသည်လည်း ရှိသည်။ ရံခါ “ကျန်စစ်သား ငါ့ကိုခိုးယူသည်” ဟူသော အသံနက်ကြီးကိုလည်း ကြားရတတ်သည်။ ရာဇဝင်က ကြီးကျယ်ခမ်းနား ခဲ့သည်နှင့်အမျှ တခမ်းတနား ခံစားမှုများကို ပေးဝေခဲ့သော ပုဂံ။
(၅)
ခုနောက်ပိုင်း ပုဂံကို နှစ်ခြားဆိုသလို ရောက်ဖြစ်တတ်သော်လည်း ကျိုက်ထီးရိုးကို မရောက်ဖြစ်သည်က ကြာခဲ့ပြီ။ ငယ်စဉ်ကတော့ မော်လမြိုင်ဘက်ကို အသွားအလာ များခဲ့သည်မို့ ကျိုက်ထီးရိုးကို တက်ဖြစ်အောင် တက်သည်။ ခုတော့ ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်ပေါ်တက် ကားလမ်းကြီး ဖောက်ထားပြီးပြီတဲ့။ ဒီတော့ တောင်ပေါ်တက်ရတာ ယခင်ကလို တပင်တပန်း မဟုတ်တော့ဘူးပေါ့။ ယခင်ကလို ကျိုက်ထီးရိုး တောင်ဝှေးလေး ထောက်ကာထောက်ကာဖြင့် အဘိုးအို ပေါက်စပုံ ဖမ်းဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ သူ့တစ်ရပ်စာမကသော ကျိုက်ထီးရိုး ဝါးသေနတ်ကြီးလွယ်ပြီး ဆင်းလာသူ ကလေးငယ် တစ်ယောက်ကို “ကျည်ဆန်တွေ ထွက်လာပါဦးမယ်ကွာ” ဟု နောက်လား ပြောင်လား စကားဆိုဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ “တစ်ကွေ့ပဲ လိုပါတော့တယ်” ဆိုသော အပြန်အလှန် ကျီစားသံများကိုလည်း မကြားရနိုင်တော့ဘူးပေါ့။ မိမိစိတ်ထဲ စွဲထင်နေသော ကျိုက်ထီးရိုး ခရီးစဉ်က တပင်တပန်း တက်ခဲ့ရသော တောင်ဆင်း တောင်တက်လမ်းများ ဖြစ်ပြီး ပြန်လည် တမ်းတမိသော ပုဂံခရီးစဉ်က မြင်းလှည်းကလေးဖြင့် တစ်နေကုန် ည် ပတ်ခဲ့ဖူးသော မြေနီလမ်းကလေး ဖြစ်ပါသည်။

Most Read

Most Recent