မြစ်ဆုံစီမံကိန်း ပြဿနာကို နည်းပညာဖြင့် ဖြေရှင်းနည်း၊ တရားရင်ဆိုင်နည်း၊ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနည်း စသည့် နည်းလမ်းသုံးခုဖြင့် ဖြေရှင်းနိုင်သည်ဟု NLD ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး ထောက်ပြ

မြစ်ဆုံစီမံကိန်း ပြဿနာကို နည်းပညာဖြင့် ဖြေရှင်းနည်း၊ တရားရင်ဆိုင်နည်း၊ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနည်း စသည့် နည်းလမ်းသုံးခုဖြင့် ဖြေရှင်းနိုင်သည်ဟု NLD ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး ထောက်ပြ
Published 26 November 2015
ဖြိုးဝေ

ပြည်သူများက ဆက်လက်လုပ်ကိုင်စေလိုမှု မရှိသည့် မြစ်ဆုံစီမံကိန်း ပြဿနာကို ဖြေရှင်းနိုင်သည့် နည်းလမ်းသုံးခု ရှိနေပြီး အဆိုပါ နည်းလမ်းသုံးခုမှာ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနည်း၊ နည်းပညာအရ ဖြေရှင်းနည်းနှင့် တရားရင်ဆိုင်ခြင်းဖြင့် ဖြေရှင်းနည်း စသည်ဖြင့် နည်းလမ်း သုံးမျိုးဖြင့် ဖြေရှင်းနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးပညာရှင်နှင့် စိမ်းလန်းအမိမြေ၏ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက The Daily Eleven သို့ ပြောကြားသည်။ပြည်သူများ အားလုံးက မြန်မာနိုင်ငံအား ထိခိုက်နိုင်သည့် မြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း သိရှိရချိန်မှ စတင်၍ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သောကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့မှုအရ လာမည့် ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင် ဦးသိန်းစိန်၏ သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ အဆိုပါ အချိန်တွင် တရုတ်နိုင်ငံမှ မြစ်ဆုံစီမံကိန်းကို ဆောက်လုပ်နေသည့် CPI အနေနှင့် စီမံကိန်းကို ပြန်လည်စတင်လာမည့် အနေအထား ဖြစ်နေသည်။အဆိုပါ အခြေအနေကို ပြည်သူများက စိုးရိမ်နေပြီး အစိုးရသစ် ဖြစ်လာမည့် အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ပထမဆုံး ဖြေဆိုရမည့် စာမေးပွဲ ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်သည်။ အဆိုပါ အခြေအနေတွင် ဖြေရှင်းနိုင်မည့် နည်းလမ်းများအနက် တရားစွဲဆိုသည့် နည်းလမ်းဖြင့် ဖြေရှင်းမည် ဆိုပါက ဖြေရှင်းနိုင်သည့် ကာလ ကြာမြင့်နိုင်ခြင်း၊ အဆိုပါ တရားစွဲဆိုမှု နည်းလမ်းဖြင့် ဖြေရှင်းနေစဉ် ရှုံးနိမ့်ခဲ့ပါက တရား ရင်ဆိုင်နေသည့် ကာလအတွက် အတိုးနှုန်းများ ပေးအပ်ရမည် ဖြစ်သည့်အတွက် အထိနာနိုင်ခြင်းနှင့် နိုင်ငံချင်း ထိစပ်နေသည့် နိုင်ငံများ ဖြစ်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးတွင် အခက်အခဲ ဖြစ်လာစေနိုင်သည်ဟု ဦးဝင်းမျိုးသူက ဆိုသည်။ နည်းပညာအရ ဖြေရှင်းရမည် ဆိုပါကလည်း စီမံကိန်း တစ်ခုလုံးအတွက် ပညာရှင်များစွာ အသုံးပြုရမည်ဖြစ်ပြီး ထိုသို့သော ပညာရှင်များမှာ မြန်မာနိုင်ငံတွင် ရှားပါးနေသဖြင့် မြစ်ဆုံတည်ဆောက်ရေး စီမံကိန်း ပြဿနာမှာ ပြီးပြတ်မှု မရှိဘဲ ဇာတ်မျောကြီး ဖြစ်လာနိုင်သည်ဟု ဆိုသည်။ ထို့ပြင် စီမံကိန်းအား ပြည်သူလူထု သဘောမကျပါက၊ ပြည်သူလူထု လက်မခံနိုင်ပါက ဖျက်သိမ်းပစ်နိုင်သည့် မူဝါဒဖြစ်သည့် Precautionary Principle မူဝါဒကိုလည်း လက်ရှိ ရေးဆွဲထားပြီး ဖြစ်သော်လည်း နည်းဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွင် ထည့်သွင်း ရေးဆွဲထားမှု မရှိ ဖြစ်နေကြောင်းနှင့် အဆိုပါ မူဝါဒကို ထည့်သွင်းရေးဆွဲထားသင့်ကြောင်း ဦးဝင်းမျိုးသူက ထောက်ပြသည်။“မြစ်ဆုံ စီမံကိန်းက ငလျင်ကြောပေါ်မှာ ရှိနေတယ်။ ဒီအတွက် မဆောက်သင့်ဘူး။ ငလျင် အကြီးအကျယ် လှုပ်နိုင်မယ် ကျွန်တော် ပြောတယ်။ ဒီလို အခြေအနေမှာ သိပ္ပံပညာရှင် တစ်ယောက်က ဦးဝင်းမျိုးသူ ဒီမြစ်ဆုံဆည်ကြောင့် ငလျင်လှုပ်နိုင်ခြေ ဘယ်လောက် ရာခိုင်နှုန်းအထိ ရှိမလဲ။ ရာနှုန်းပြည့် ငလျင်လှုပ်မယ်လို့ အာမခံနိုင်လား မေးလာရင် ကျွန်တော်က ၉၀ ရာခိုင်နှုန်းလို့ပဲ ပြောနိုင်မယ်။ ဒီလိုပဲ ဟိုဘက်က ဆောက်ချင်တဲ့ CPI က ငလျင်မလှုပ်နိုင်ဘူး ပြောမယ်။ အဲဒါဆိုရင် ကျွန်တော်က ပြန်မေးမယ်။ မဖြစ်နိုင်ဘူးလို့ ၁၀၀ ရာခိုင်နှုန်း အာမခံနိုင်မလားဆိုပြီး။ အဲဒါဆိုရင် သူတို့က ၉၅ ရာခိုင်နှုန်းပဲ အာမခံနိုင်မယ်။ ဒီမှာ ပညာရှင်နှစ်ယောက် ငြင်းပြီပေါ့။ ဆည်ဆောက်ချင်တဲ့ ကောင်ကလည်း ငလျင် မလှုပ်နိုင်ဘူး ပြောသလို ကျွန်တော်ကလည်း ငလျင်လှုပ်မယ်ပြောတယ်။ ဟိုဘက်က ပညာရှင်ရဲ့ ငလျင်မလှုပ်ဘူး ၉၅ ရာခိုင်နှုန်းနဲ့ ကျွန်တော်က ငလျင်ကြီးလှုပ်မယ် ၉၀ ရာခိုင်နှုန်း၊ ကြားထဲမှာ ခြားနားခြင်း ငါးရာခိုင်နှုန်း ရှိတယ်။ ဒီအခြေအနေမှာ ပြည်သူက ဘယ်လို အကျိုးခံစားခွင့် ရှိလဲ။ ဒီလို မေးလာပြီဆိုရင် ကျွန်တော်တို့ အတွေ့အကြုံအရ ၁၀၀ ရာခိုင်နှုန်း ပတ်ဝန်းကျင် ဆိုးကျိုးမရှိဘူးလို့ အာမမခံနိုင်ဘူးဆိုရင် ပြည်သူ့ဆုံးဖြတ်ချက်အတိုင်း ရှိစေဆိုတဲ့ Precautionary Principle ဆိုတာရှိတယ်။ ပြည်သူက ၁၀၀ ရာခိုင်နှုန်း အာမခံချက် မပေးနိုင်လို့ မြစ်ဆုံစီမံကိန်း ဆောက်ခွင့် မပေးနိုင်ဘူးဆိုရင် ပြီးသွားပြီ။ ဒီ Precautionary Principle ဆိုတဲ့ မူဝါဒကို ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်း သုံးနားညီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့ နိုင်ငံတွေမှာ ပြဋ္ဌာန်းထားတယ်။ အခုဖြစ်နေတဲ့ မြစ်ဆုံ ပြဿနာကို ဖြေရှင်းမယ်ဆိုရင် ဒီလိုမူတွေကို ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားဖို့ လိုတယ်။ CPI က လာပြီ။ မြစ်ဆုံဆည်ကြီး ဆောက်တော့မယ်။ ကျွန်တော်တို့ မေးရပြီ။ ဟေ့ မင်းတို့ ဒီစီမံကိန်းကြောင့် ငါတို့ မထိခိုက်ပါဘူးလို့ ၁၀၀ ရာခိုင်နှုန်း အာမခံလား။ သူတို့က ပြန်ဖြေမယ်။ ကျွန်တော်တို့ ၉၅ ရာခိုင်နှုန်းပဲ အာမခံပါမယ် ပြန်ပြောမယ်။ အေး ဒါဆို ငါတို့ ပြည်သူကို မေးလိုက်ဦးမယ်။ စီမံကိန်းနားက ကျေးရွာတွေ ပြန်မေးလိုက်မယ်။ ပြည်သူတွေက No ဆိုရင် မြစ်ဆုံစီမံကိန်း မလုပ်တော့ဘူး၊ Sorry ပါပဲ။ ဒီစီမံကိန်းကို ပြည်သူလက်မခံလို့ Precautionary Principle မူအရ မလုပ်ပါဘူး ဆိုပြီး ဥပဒေအရ ငြင်းလို့ရတယ်။ ဒီလို ဥပဒေကြောင်းအရ ငြင်းနိုင်ပြီဆိုရင် CPI က အခု တောင်းနေတဲ့ ဒေါ်လာ သန်း ၁၀၀၀ ဆိုတာ ပေးစရာ မလိုတော့ဘူး။ ဒီလိုမျိုးမူတွေက ကျွန်တော်တို့ နိုင်ငံမှာ ရှိထားဖို့ လိုတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေမှာ ထည့်ရေးထားဖို့ လိုတယ်။ ဒီမူက ကျွန်တော်တို့ နိုင်ငံမှာ မရှိသေးဘူး။ ကျွန်တော်ကတော့ ရှိစေချင်တယ်။ နောက်တက်လာမယ့် အစိုးရ အနေနဲ့ ဒီမူတွေကို လုပ်ဖို့ လိုနေပါတယ်” ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။ထိုသို့ မြစ်ဆုံစီမံကိန်း ပြဿနာကို ဖြေရှင်းနိုင်ရန် တရားရင်ဆိုင်ခြင်းနှင့် ဖြေရှင်းနည်းနှင့် နည်းပညာအရ ဖြေရှင်းနည်းများဖြင့် လုပ်ဆောင်ရန် ခက်ခဲမည့် အခြေအနေ ဖြစ်နေသော်လည်း နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်မည့် အခြေအနေ ရှိနေကြောင်း အဆိုပါ အခြေအနေအပေါ် အခွင့်အရေးယူနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ဦးဝင်းမျိုးသူက ဆက်လက်ပြောကြားသည်။“Precautionary Principle မူကို ဒီအစိုးရ လက်ထက်နဲ့ နောက်အစိုးရ လက်ထက်မှာ ဘယ်လိုမီအောင် လုပ်မလဲဆိုတာ အဓိက ကျတယ်။ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဖြေရှင်းနည်း သုံးနည်းရှိတယ်။ နံပါတ်တစ် နည်းပညာအရ စီးချင်းထိုးမလား။ ခင်ဗျားတို့ လုပ်တဲ့ စီမံကိန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်တယ်။ မထိခိုက်ဘူး စီးချင်းထိုးမလား။ နှစ်က ဥပဒေအရ ရင်ဆိုင်ကြမလား၊ နိုင်ငံရေး နည်းအရ ဖြေရှင်းမလား။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ် ဆိုရင်တော့ ညှိလိုက်ရုံပဲ။ အဲဒီအထဲမှာမှ အထိရောက်ဆုံးနဲ့ အဖြစ်သင့်ဆုံးက နိုင်ငံရေးနည်းပဲ။ ဘာလို့လဲဆိုတော့ နည်းပညာအရ ဖြေရှင်းမယ်ဆိုရင် ကြာနေဦးမယ်။ သူလည်း မှန်နိုင်တယ်၊ ကိုယ်လည်း မှန်နိုင်တယ်။ သူလည်း မှားနိုင်တယ်။ ကိုယ်လည်း မှားနိုင်တယ်။ ကိစ္စကြီးက အီလည်လည်ဖြစ်ပြီး ၁၀ နှစ်လောက်ကြာသွားမယ်။ တကယ်လို့များ ရှုံးခဲ့ရင် ၁၀ နှစ်စာ အတိုးထပ်ပေးရမယ်။ နောက်ပြီး ကိုယ့်ဆီမှာ ပညာရှင် အများကြီးလိုမယ်။ ကိုယ့်ဆီမှာ ပညာရှင် အများကြီး မရှိဘူး။ နိုင်ငံခြားက ပညာရှင်တွေခေါ်လည်း သူတို့က ဘယ်လောက် ယုံကြည်ရမလဲ။ အဲဒီလိုဆိုရင် တရားစွဲတဲ့နည်းနဲ့ ဖြေရှင်းမယ်။ နိုင်ငံတကာ ခုံရုံးတက်ပြီး တရားစွဲမယ်ဆိုရင် ပြင်ရဆင်ရမှာတွေက အများကြီးပဲ။ ပြီးတော့ နိုင်ရင်လည်း မကောင်းဘူး။ ရှုံးရင်လည်း မကောင်းဘူး။ နယ်မြေချင်း ထိစပ်နေတဲ့ နှစ်နိုင်ငံ ရန်ဖြစ်သလို ဖြစ်သွားပြီကိုး။ အဲ့ဒီတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်။ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် ဘာလိုမလဲဆိုတော့ နိုင်ငံ့ခေါင်းဆောင်ချင်း ခင်မင်ရင်းနှီးဖို့ လိုမယ်။ အရေးကြီးတဲ့ ပုဂ္ဂိုလ်ချင်း ခင်မင်ဖို့လိုမယ်။ တရုတ်ပြည်မှာဆိုရင် အယူဝါဒ နှစ်ခု ကွဲနေတယ်။ အမျိုးသားရေး ဝါဒီတွေ ရှိတယ်။ သူတို့ တရုတ်ကြီးက မှန်တယ်။ သူတို့ တရုတ်ကြီးက ကောင်းတယ်။ မြန်မာပြည်ကို သူတို့ရဲ့ ငယ်မွေးခြံပေါက် နောက်ဖေးအိမ်လို့ ထင်နေတဲ့သူတွေ ရှိတယ်။ အမေရိကန်တွေ ဂျပန်တွေ မြန်မာပြည်ကို ဝင်လာတာ ငါတို့ကို စိန်ခေါ်တာဆိုပြီး စိတ်နာနေတဲ့သူတွေ ရှိတယ်။ ဒီလို အမျိုးသားရေး ဝါဒီတွေ ခေါင်းထောင်နေရင် ပြဿနာ  ဖြေရှင်းဖို့ ပိုခက်လာမယ်။ တစ်ဖက်မှာလည်း တရုတ်ပြည်က အင်မတန် သိက္ခာရှိတဲ့ နိုင်ငံ၊ ကမ္ဘာပေါ်မှာ နိုင်ငံရေး ခေါင်းဆောင်မှုပေးနိုင်တဲ့ နိုင်ငံဖြစ်အောင် လုပ်မယ်ဆိုတဲ့ အုပ်စုရှိတယ်။ ပညာတတ်တွေလည်း အများကြီးရှိတယ်။ ဒီလိုမျိုး ပညာတတ်တွေကို နိုင်ငံအချင်းချင်းအကြား ပြည်သူအချင်းချင်းအကြား အပြန်အလှန် အသိပညာပေးနိုင်ဖို့ လိုတယ်။ ဒီလိုလုပ်နိုင်ပြီး အမျိုးသားရေး ဝါဒီတွေ ခေါင်းမထောင်နိုင်တော့ဘူးဆိုရင် အောင်မြင်ပြီပေါ့။ ဒီလို နိုင်ငံရေးအရ ဆွေးနွေးနိုင်လို့ တစ်ဖက်က CPI ကို လျော်ရမယ် ဆိုရင်တောင် တရုတ်နိုင်ငံက ငွေချေးပြီး လျော်ရရင် ပိုကောင်းတာပေါ့။ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားမှာပေါ့” ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က NLD အာဏာရချိန်တွင် မြစ်ဆုံစီမံကိန်းဆိုင်ရာ ချုပ်ဆိုထားသည့် စာချုပ်အား ပြည်သူသို့ ချပြမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ခရီးစဉ်အတွင်း ပြောကြားထားသည်။  

Most Read

Most Recent