လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှု၊ ဥပဒေပြုမှုနှင့် အစိုးရကို ထိန်းကျောင်းမှု မြင့်မားလာရန် ၎င်းတို့၏ ဆောင်ရွက်ချက်များအား ပြည်သူများ စောင့်ကြည့်လေ့လာသင့်ဟု OMI အကြံပြု

လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှု၊ ဥပဒေပြုမှုနှင့် အစိုးရကို ထိန်းကျောင်းမှု မြင့်မားလာရန် ၎င်းတို့၏ ဆောင်ရွက်ချက်များအား ပြည်သူများ စောင့်ကြည့်လေ့လာသင့်ဟု OMI အကြံပြု
Published 26 November 2015
ဇာလီမြင့်ဦး

လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှု၊ ဥပဒေပြုမှုနှင့် အစိုးရအား ထိန်းကျောင်းမှု မြင့်မားလာရန် ၎င်းတို့၏ ဆောင်ရွက်ချက်များအား ပြည်သူများ စောင့်ကြည့်လေ့လာသင့်ဟု လွှတ်တော်စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့ (OMI) က အကြံပြုသည်။OMI က ယခုလအတွင်း ထုတ်ပြန်ခဲ့သည့် ၁၁ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးအား လေ့လာထားသည့် လွှတ်တော်ကိန်းဂဏန်း အခြေပြု လေ့လာချက် အစီရင်ခံစာ အမှတ် (၆) တွင် လွှတ်တော်အစည်းအဝေးများနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များကို အခြေခံ၍ ယခုကဲ့သို့ အကြံပြုထားခြင်း ဖြစ်သည်။ပြည်သူ့လွှတ်တော်တွင် ၁၁ ကြိမ်မြောက် အစည်းအဝေး ကာလများအတွင်း မေးခွန်းမေးမြန်းမှုသည် ပထမအကြိမ်မှ ဒသမအကြိမ်အထိ တစ်ရက်တာ မေးခွန်းမေးမြန်းခဲ့မှုများနှင့် နှိုင်းယှဉ်ပါက ယခင် အစည်းအဝေးများထက် မေးမြန်းနိုင်မှု လျော့နည်းခဲ့သည်ကို တွေ့ရကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမျိုးသား လွှတ်တော်တွင်မူ မေးခွန်းမေးမြန်းမှု ကွာဟမှုများစွာ မရှိခဲ့ဘဲ ပြည်ထောင်စုလွှတ်တော်တွင်မူ အစည်းအဝေး ကျင်းပခဲ့သည့် ရက်ပေါင်း ၃၆ ရက်အတွင်း မေးခွန်းများ မေးမြန်းခဲ့ခြင်း မရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့အပြင် အဆိုများ တင်သွင်းဆွေးနွေးခဲ့မှုများတွင်လည်း ယခင် ကျင်းပခဲ့ပြီးသော လွှတ်တော်ပုံမှန် အစည်းအဝေးများထက် နည်းပါးနေခဲ့ကြောင်းကို တွေ့ရှိရပြီး ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလများအတွင်း တင်သွင်းခဲ့သော အဆိုများ အားလုံးသည် ၎င်းအဆိုများနှင့် ပတ်သက်၍ ထောက်ခံသည့် သဘောဖြင့် ဝင်ရောက်ဆွေးနွေးခဲ့ကြသည့် ကိုယ်စားလှယ်များသော် လည်းကောင်း၊ ကန့်ကွက်သည့် သဘောဖြင့် ဝင်ရောက်ဆွေးနွေးခဲ့သော ကိုယ်စားလှယ်များသော် လည်းကောင်း မရှိခဲ့ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဖော်ပြထားသည်။ထို့အတွက် OMI က လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အပြောင်းအလဲ ကာလများအတွင်း ဥပဒေပြုရေး မဏ္ဍိုင်သည် တာဝန်ယူနိုင်မှု၊ တာဝန်ခံနိုင်မှု အားကောင်းသည့် မဏ္ဍိုင်များအဖြစ် မိမိတို့၏ မဲဆန္ဒရှင် နိုင်ငံသားများအား သက်ဆိုင်ရာ လွှတ်တော်များ၏ လုပ်ငန်းဆောင်တာများနှင့် ဆက်စပ်၍ ပွင့်လင်းမြင်သာမှုရှိသော ဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရန် ဆောင်ရွက်သွားနိုင်ရန် လိုအပ်ကြောင်းနှင့် လွှတ်တော် အစည်းအဝေးများမှ တွေ့ရှိချက်များအရ လွှတ်တော်၏ အဓိက လုပ်ငန်းများဖြစ်သော မေးခွန်းမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းနှင့် ဥပဒေများကို ပြင်ဆင်ခြင်း ဖျက်သိမ်းခြင်း၊ အသစ်ရေးဆွဲခြင်း စသည့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင်လည်း လွှတ်တော် အင်စတီကျူးရှင်းများ၏ ဆောင်ရွက်မှုများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် အပြောင်းအလဲများကို ပိုမိုဖော်ဆောင်ပေးနိုင်ရန် လိုအပ်ကြောင်း အကြံပြုထားသည်။ပြည်သူများ အနေဖြင့်လည်း ရွေးကောက်ပွဲ သက်တမ်းကာလ တစ်ခုကို ကုန်လွန်ဖြတ်သန်းရန် ကာလတို အပိုင်းအခြား တစ်ခုသာ ကျန်ရှိတော့သည့်အတွက် မိမိတို့၏ မဲဆန္ဒနယ် အသီးသီးမှ ရွေးကောက်တင်မြှောက်ခဲ့သော ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များကို မပြတ်စောင့်ကြည့် လေ့လာခြင်း၊ မိမိတို့၏ဒေသ၊ မိမိတို့နိုင်ငံ အကျိုးစီးပွားနှင့် ဆက်စပ်သော အရေးကိစ္စများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခြင်း၊ အသိပေးခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုမြင့်မားလာစေနိုင်ကြောင်းနှင့် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှု၊ ဥပဒေပြုမှု၊ အစိုးရအား ထိန်းကျောင်းစိစစ်မှု စသော စွမ်းဆောင်ရည်များလည်း ပိုမိုမြင့်မားစွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ဟု အကြံပြုထားသည်။“ကျွန်တော်တို့ရဲ့ ဒီလွှတ်တော် အစည်းအဝေးတွေမှာ လေ့လာခဲ့မှုတွေအရ ရေရှည်အတွက်ဆိုရင် ဘယ်ရွေးကောက်ပွဲကာလမှာမဆို လွှတ်တော်သက်တမ်းပဲဖြစ်ဖြစ် ပြည်သူတွေ အနေနဲ့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေကို လေ့လာပြီးတော့ ဝေဖန်ထောက်ပြနိုင်ခြင်း၊ နောက် သက်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခြင်းအားဖြင့် ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်တွေ လုပ်ဆောင်ချက်တွေကို ပိုမိုမြင့်တက်လာစေဖို့ ဒါက ကျွန်တော်တို့ ရေရှည်အမြင်ပေါ့။ ဒီအတွက် ယခုလို ကျွန်တော်တို့ အကြံပြုတာပါ” ဟု OMI မှ လက်ထောက်ဒါရိုက်တာ ကိုထင်ကျော်အေးက ပြောကြားသည်။OMI အဖွဲ့ အနေဖြင့် ၂၀၁၄ ဇွန်လမှ စတင်ကာ လွှတ်တော် အစည်းအဝေးများအလိုက် စောင့်ကြည့်လေ့လာရေး အစီရင်ခံစာများကို ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent