နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ အတည်ပြု

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ အတည်ပြု
Published 23 November 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို နိုဝင်ဘာ ၂၃ ရက်က ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့သည်။
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေကြမ်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ) ကို ‘တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း အမျိုးအစားအရ လည်းကောင်း၊ သဘာဝအရင်းအမြစ် အနေအထားအရ လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအား ခွဲေ၀ သတ်မှတ်ပေးနိုင်ရေးအတွက်  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း’ဟူ၍ အစားထိုးခဲ့ပြီး ပုဒ်မ ၁၃ ၏နောက်တွင် ပုဒ်မ ၁၃-က အဖြစ်  “ကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအား မိမိလုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွဲဝေသတ်မှတ်ပေးနိုင်သည်”ဟု ဖြည့်စွက်ကာ ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။
အလားတူ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(ဇ)ကို ‘တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအမျိုးအစား အရလည်းကောင်း၊ သဘာ၀ အရင်းအမြစ ်အနေအထားအရ လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့ သော မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအား ခွဲေ၀ သတ်မှတ် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း’ဟု အစားထိုး ပြင်ဆင်ခဲ့ပြီး၊ ပုဒ်မ ၁၂-က အဖြစ် ကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအား မိမိ၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွဲဝေသတ်မှတ်ပေးနိုင်သည်’ဟု ဖြည့်စွက်ကာ ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။
ယင်းဥပဒေများကို ပြင်ဆင်ရခြင်းမှာ အဆိုပါဥပဒေများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ခွဲဝေပေးနိုင်သည့် အခွင့်အာဏာနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စိစစ် ခွင့်ပြုပေးနိုင်ပါက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမို မြန်ဆန် သွက်လက်စွာ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်နှင့် ရင်းနှီးမြှုပ်နံှမှု မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး ရည်မှန်းချက် တစ်ခုဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျ မျှတစွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ထိုသို့ ပြင်ဆင်တင်သွင်းခြင်း ဖြစ်ကြောင်း  စီမံ /စီးပွား ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက နိုဝင်ဘာ ၁၈ ရက် ပြည်သူ့လွှတ်တော်၌ ဥပဒေကြမ်း တင်သွင်းစဉ် ပြောကြားသည်။
ယင်းဥပဒေများကို အတည်ပြု ပြဋ္ဌာန်းပြီးပါက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုများပြားလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent