ဟားခါးမြို့၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ ဥပဒေမဲ့ သိမ်းဆည်းထားသော ယမ်းများ ပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်း ချင်းပြည်နယ် ရဲတပ်ဖွဲ့မှ ပြောကြား

ဟားခါးမြို့၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ ဥပဒေမဲ့ သိမ်းဆည်းထားသော ယမ်းများ ပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်း ချင်းပြည်နယ် ရဲတပ်ဖွဲ့မှ ပြောကြား
Published 23 November 2015
အောင်သူထွန်း (ကလေး)

ဟားခါးမြို့တွင်  နိုဝင်ဘာ ၂၂ ရက်  ည ၁၁ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားပြီး လူခြောက်ဦး သေဆုံးကာ  ခုနစ်ဦး  ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်မှာ အဆိုပါအိမ်အတွင်း၌ ဥပဒေမဲ့ လျှို့ဝှက်စွာ သိမ်းဆည်းထားသော ယမ်းများ ပေါက်ကွဲမှုကြောင့် ဖြစ်သည်ဟု ချင်းပြည်နယ် ရဲတပ်ဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။
“မနေ့ညက ဖြစ်ခဲ့တဲ့ဖြစ်စဉ်က ဥပဒေမဲ့ လျှို့ဝှက်သိမ်းဆည်းထားတဲ့ ယမ်းတွေပေါက်ကွဲမှု ဖြစ်တာပါ။ အဲဒီယမ်းတွေက အပူတစ်ခုနဲ့ ထိတွေ့ပြီးတော့ ပေါက်ကွဲတယ်လို့ ယူဆပါတယ်။ ယမ်းတွေက အိန္ဒိယဘက်ကလည်း တရားမဝင် ဝင်ရောက်လာတာတွေရှိတယ်။ လမ်းလုပ်တဲ့အခါခွဲတဲ့   မိုင်းလုပ်တဲ့ ယမ်းတွေလို့ ယူဆရတယ်။  ပေါက်ကွဲပြီးတော့ ကျန်ခဲ့တဲ့ အစအနတွေကလည်း ယမ်းပေါက်ကွဲလို့ ကျန်တဲ့ အစအနတွေပါ။ လက်နက်ခဲယမ်း ပေါက်ကွဲတယ်ဆိုရင်လည်း လက်နက်ခဲယမ်းတွေရဲ့  အစအနတွေ ကျန်ခဲ့ရမှာပဲလေ။ အခု အဲဒီလို အစအနတွေ မတွေ့ရဘူး။ ဒါကြောင့် လက်နက်ခဲယမ်းတွေ ပေါက်ကွဲတာမဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က အကြောင်းတစ်ခုခုကြောင့် သေစေလိုတဲ့ဆန္ဒနဲ့ အဖျက်အမှောင့် လုပ်ငန်းလုပ်ချင်လို့  ဖောက်ခွဲတာမဟုတ်ပါဘူး။  ဥပဒေမဲ့  လျှို့ဝှက် သိမ်းဆည်းထားတဲ့ ယမ်းတွေ မတော်တဆ အပူနဲ့ထိတွေ့ပြီး ပေါက်ကွဲတယ်လို့ သုံးသပ်ထားပါတယ်”ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုမှာ ဟားခါးမြို့ဈေးသစ်ရပ် သီတာလမ်းရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းအထိ ခြောက်ဦးသေဆုံးပြီး (ကျား တစ်ဦး + မ ငါးဦး)၊ ခုနစ်ဦး ဒဏ်ရာရကာ (ကျား သုံးဦး + မ လေးဦး)၊ ကားနှစ်စီးနှင့် နေအိမ် ငါးလုံးခန့် ပျက်စီးခဲ့သည်ဟု သိရသည်။
“ပေါက်ကွဲမှုက တော်တော်ပြင်းထန်ပါတယ်။ မီးရှူးမီးပန်း လိုတွေအထိ ထွက်တယ် ပြောတယ်။ လူတစ်ယောက်ဆိုရင် လွင့်စင်ပြီး ခန္ဓာကိုယ်က နှစ်လမ်းကျော် အိမ်ခေါင်မိုးပေါ် ပြုတ်ကျတာ အိမ်ထဲအထိ ရောက်လာတယ်လို့  သိရတယ်။ ဘေးက ပျက်စီးသွားတဲ့  အိမ်တွေကလည်း လုံးဝနေလို့ မရတော့တဲ့အဆင့် ဖြစ်သွားတယ်”ဟု အဆိုပါ အခင်းဖြစ်ပွားရာသို့ နိုဝင်ဘာ ၂၃ ရက်က သွားရောက် ကြည့်ရှုခဲ့သူ ကိုစောမြထွန်းက ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုကို အစအဆုံး မြင်တွေ့ခဲ့ရသူ ဆလိုင်းဗနေဇာက “အခုပေါက်ကွဲမှုက ပေါက်ကွဲပြီးချင်း ယမ်းနံ့မရဘူး။ ယမ်းက  တော်တော်အဆင့်မြင့်တယ်လို့ ပြောကြတယ်။ သေဆုံးတဲ့အထဲမှာ ပါတဲ့တစ်ယောက်က ယမ်းတွေ၊ ဆေးပစ္စည်းတွေ ကုန်သွယ်တဲ့သူ တစ်ယောက်ပါ။ အဲဒီလိုကိစ္စနဲ့ ထောင်ကျပြီး လွတ်လာတာ မကြာသေးဘူး ပြောတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ အိမ်မှာ အရင်က ပစ္စည်းဂိုဒေါင် လုပ်တယ် ပြောတယ်။ ယမ်းတွေပေါက်ကွဲတယ်ဆိုတာ မှန်တယ်လို့ ယူဆပါတယ်”ဟု  နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက  ဆက်သွယ် မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။

Most Read

Most Recent