(၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်များက မြန်မာ့ရွေးကောက်ပွဲအပေါ် ချီးကျူးစကား ပြောကြား

(၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်များက မြန်မာ့ရွေးကောက်ပွဲအပေါ် ချီးကျူးစကား ပြောကြား
Published 22 November 2015

၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူ၌ ပြုလုပ်ခဲ့သည့် (၂၇)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသော ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် အသီးသီးက ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။(၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ စတင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများဖြစ်သော အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားအစရှိသည့် နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကာ အစည်းအဝေးများ ပြုလုပ်ခဲ့သည်။ယခု ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ အာဆီယံ ထိပ်သီး ခေါင်းဆောင်များအပြင် အမေရိကန် သမ္မတ ဘားရတ်အိုဘားမား၊ တောင်ကိုရီးယား သမ္မတ ပက်ဂွန်ဟီး၊ သြစတြးလျ ဝန်ကြီးချုပ် မယ်ကွန်တန်ဘူ၊ ရုရှား ဝန်ကြီးချုပ် မက်ဗီဒက်၊ တရုတ် ဝန်ကြီးချုပ် လီခယ်ကျင်း၊ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးတို့လည်း တက်ရောက်ခဲ့ကြသည်။သမ္မတ အိုဘားမားသည် (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် နိုဝင်ဘာ ၂၀ ရက်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ထိုနေ့မှာပင် ပြုလုပ်သည့် လူငယ်တွေ့ဆုံပွဲ၌လည်း မြန်မာ့ရွေးကောက်ပွဲသည် ဒီမိုကရက်တစ် နိုင်ငံဖြစ်လာရန် အစပြုခြင်း ဖြစ်သည်ဟု သတင်းစကား ပြောကြားခဲ့သည်။ ထို့အတူ နိုင်ငံရေး အပြောင်းအလဲ၌ ပါဝင်ခဲ့သော မြန်မာလူထုကိုလည်း ချီးကျူးခဲ့သည်။အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် မလေးရှား နိုင်ငံသို့ ရောက်ရှိခဲ့ပြီး နာရီပိုင်း အတွင်းမှာပင် YSEALI  (Young Southeast Asian Leaders  Intiative) အစီအစဉ် လူငယ် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲတွင်မြန်မာ့ရွေးကောက်ပွဲနှင့် ပတ်သက်သော မှတ်ချက်ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။“ဒီနှစ် အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စီးပွားရေး တိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်ဆီးပေးဖို့ကစပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။အားလုံးကို အထူးသဖြင့် မကြာခင်ကပဲ သမိုင်းဝင် ရွေးကောက်ပွဲကို ကျင်းပပြီးခဲ့တဲ့ မြန်မာလူမျိုးတွေကို ပြောချင်တာကတော့ ဒါဟာ နိုင်ငံရေး အပြောင်းအလဲမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး ပိုပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ အစပြုခြင်းပါပဲ” ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့ခြင်း ဖြစ်သည်။ထို့နောက် အစိုးရချင်း ဆက်ဆံရေးနှင့် ကုန်သွယ်မှု သဘောတူညီချက်များကို အမြဲလုပ်နေမည် ဖြစ်သော်လည်း လူတိုင်း အခွင့်အလမ်း ရရှိရန်လည်း လုပ်ဆောင်သွားမည်ဟု သမ္မတအိုဘားမားက ပြောကြားသည်။“အစိုးရချင်း ဆက်ဆံရေးနဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေကတော့ အမြဲပဲလုပ်နေမှာပါ။ ကျွန်တော်တို့ဟာ စီးပွားရေး ကိစ္စနဲ့ ပတ်သက်ရင် အောက်ကနေ အထက်ကို ချဉ်းကပ်ရမှာပါ။ အထက်ကနေ အောက်ကို သွားရမှာ မဟုတ်ပါဘူး။ အချမ်းသာဆုံး၊ သြဇာရှိသူတွေကို သာမကဘဲ သာမန်လူတွေကိုပါ ထည့်စဉ်းစားရပါမယ်။ အားလုံးကို အခွင့်အလမ်းတွေ ပေးရမှာပါ။ လူချင်း ဆက်ဆံရေး၊ အရှေ့တောင်အာရှနဲ့ အမေရိကန်က လူငယ်တွေ အချင်းချင်း ဆက်ဆံရေးက အရေးကြီးပါတယ်” ဟု သမ္မတအိုဘားမားက ပြောကြားသည်။သမ္မတ အိုဘားမားက လူငယ်များအား မိန့်ခွန်းပြောကြားပြီးနောက် အမေးအဖြေ အစီအစဉ်ကို စတင်ခဲ့ရာ မြန်မာလူငယ် တစ်ဦးအား အမေရိကန်သမ္မတ အိုဘားမား ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ပြီး အတွေ့အကြုံများကို ပြောကြားစေခဲ့သည်။ သမ္မတ အိုဘားမား ဖိတ်ခေါ်ခဲ့သည့် လူငယ်မှာ Myanmar Knowledge Society မဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်ပြီး ၎င်းက မြန်မာ့နိုင်ငံရေး တိုးတက်မှု ဖြစ်စဉ်ကို ပြောကြားခဲ့သည်။ပုံမှန်အားဖြင့် အမေရိကန် သမ္မတ အိုဘားမား၏ အာဆီယံ လူငယ်ဆိုင်ရာ တွေ့ဆုံပွဲများတွင် အိမ်ရှင်နိုင်ငံမှ ကိုယ်စားပြုသူများကို ဦးစားပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မြန်မာကိုယ်စားပြု လူငယ်ကို ဦးစားပေးခဲ့ပြီး အိမ်ရှင် မလေးရှားနိုင်ငံမှ လူငယ်ကို ဒုတိယမြောက် ပြောကြားစေသူအဖြစ် ဖိတ်ခေါ်ခဲ့ပါသည်။အမေရိကန် သမ္မတ အိုဘားမား၏ လူငယ်တွေ့ဆုံပွဲတွင် မေးခွန်းများကို ပြန်လည် ဖြေကြားရာ၌ မြန်မာနိုင်ငံကို သာဓက ပြဆိုခြင်းအား လေးကြိမ်ထက်မနည်း သုံးစွဲခဲ့ပြီး မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ၊ လူနည်းစု ပြဿနာများရှိနေခြင်းက လက်ရှိအချိန်တွင် မြန်မာအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်းလည်း ထည့်သွင်း ပြောကြားသည်။ ထို့အပြင် စစ်အာဏာရှင် စနစ်မှ ဒီမိုကရက်တစ် နိုင်ငံအဖြစ်သို့ ကူးပြောင်းရန် ကြိုးစားသည့် နိုင်ငံများကို ပြောဆိုရာတွင်လည်း အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံကို ဥပမာပေး၍ ပြောဆိုခဲ့သည်။နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးအဖြစ် အာဆီယံ ခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ KLCC ၌ ပြုလုပ်ရာ အဆိုပါ အစည်းအဝေး အဖွင့်တွင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က မြန်မာရွေးကောက်ပွဲနှင့် ပတ်သက်၍ ဂုဏ်ပြုစကား ပြောဆို၍ အစည်းအဝေးကို စတင်ခဲ့သည်။သမ္မတ အိုဘားမား အနေဖြင့်  နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောခဲ့ပြီး ဒုက္ခသည် ကလေးငယ်များစွာ ခိုလှုံနေသည့် Dignity for Children Foundation သို့ သွားရောက်ကာ မြန်မာနိုင်ငံမှ ရောက်ရှိလာသော ဒုက္ခသည် ကလေးငယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ထိုကလေးငယ်များသည် မြန်မာနိုင်ငံ တစ်ခုတည်းမှ ဒုက္ခသည်များကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည် ကလေးငယ်များ အားလုံးကို ကိုယ်စားပြုကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲ၌ မိန့်ခွန်း ပြောကြားရာတွင် သမ္မတ အိုဘားမားက  မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းက ညီညွတ်ပြီး အားလုံး ပါဝင်သော ဒီမိုကရက် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် မျှော်လင့်ချက်တစ်ခု ဖြစ်စေကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်။“ကျွန်တော်တို့ အနေနဲ့ မြန်မာပြည်သူတွေနဲ့ ဆက်ဆံရေးကို ဆက်လက် တည်ဆောက်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့မှုဟာ မြန်မာအတွက် ငြိမ်းချမ်းစွာနဲ့ အားလုံးပါဝင်ပြီး ညီညွတ်တဲ့ ဒီမိုကရက်တစ် နိုင်ငံဖြစ်လာဖို့ မျှော်လင့်ချက်တစ်ခုပါပဲ” ဟု သမ္မတ အိုဘားမားက ဆိုသည်။အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၂၁ ရက် ည ၇ နာရီ (မလေးရှား စံတော်ချိန်)တွင် သုံးကြိမ်မြောက် အာဆီယံ - အမေရိကန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးအပြီးတွင်အစည်းအဝေး ခန်းမထဲ၌ပင် သမ္မတ ဦးသိန်းစိန်နှင့် ခေတ္တ တွေ့ဆုံခဲ့ကာ မြန်မာ့ရွေးကောက်ပွဲအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။မလေးရှား အာဆီယံ အစည်းအဝေး ကာလအတွင်း နိုဝင်ဘာ ၂၂ ရက်တွင် အမေရိကန် သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ သီးခြား တွေ့ဆုံရန် ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း နိုဝင်ဘာ ၂၁ ရက် ညပိုင်း အချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ထို့ပြင် အာဆီယံ+၃ အစည်းအဝေး မစမီ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတ ဦးသိန်းစိန်အား တွေ့ဆုံပြီး မြန်မာ့ရွေးကောက်ပွဲ အောင်မြင်မှုအတွက် အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့သည်။ဂျပန် ဝန်ကြီးချုပ်သည် အစည်းအဝေး ခန်းမသို့ ရောက်ရှိပြီး ခေတ္တထိုင်နေပြီးနောက် ၎င်းနေရာမှထကာ သမ္မတ ဦးသိန်းစိန်ထံ သွားရောက်ပြီး ရွေးကောက်ပွဲ အောင်မြင်မှုကို အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ဂျပန် ဝန်ကြီးချုပ်က မြန်မာ့ရွေးကောက်ပွဲ အောင်မြင်မှုအတွက် အသိအမှတ်ပြုကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရလဒ်အတိုင်း အေးအေးချမ်းချမ်းဖြင့် အာဏာလွှဲပြောင်းပေးမည်ကို သိရှိရသည့်အတွက် ဝမ်းသာကြောင်းနှင့် မြန်မာ့စီးပွားရေးအတွက် ဂျပန်၏ကူညီမှုများ အောင်မြင်ခဲ့ပြီး အစိုးရသစ်ကို အကူအညီ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်ကမူ တာဝန် လွှဲပြောင်းရေး လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွက် ဂျပန် အကူအညီများကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန် အထူးကိုယ်စားလှယ် ဆာဆာကာဝါနှင့် တွေ့ဆုံချိန်ကလည်း ပြောကြားပြီးဖြစ်ကြောင်း အစရှိသည်တို့ကို ပြန်လည် ပြောဆိုခဲ့သည်။ဂျပန်ဝန်ကြီးချုပ် အာဘေးသည် ရွေးကောက်ပွဲ အနိုင်ရ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်သို့ မကြာခင် အချိန်အတွင်း လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ထိုသို့ ဖိတ်ကြားရာတွင် မကြာသေးခင်က ရွေးကောက်ပွဲတွင် NLD က အနိုင်ရရှိခဲ့မှုအတွက် ဂုဏ်ပြုပါကြောင်း အာဘေးက ပြောကြားခဲ့ပြီး အာဘေး၏ သတင်းစကားကို မြန်မာနိုင်ငံရှိ ဂျပန် အထူးကိုယ်စားလှယ် ယိုဟေအီဆာဆာကာဝါက ဆောင်ကြဉ်းခဲ့ခြင်း ဖြစ်သည်။ ဆာဆာကာဝါသည် ရန်ကုန် ခရီးစဉ်အတွင်း NLD ထိပ်တန်း တာဝန်ရှိသူ တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ် အာဘေး၏ သတင်းစကားကို ပါးခဲ့ခြင်းဖြစ်သည်။နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင် အသက်ဝင်မည့် အာဆီယံ အသိုက်အမြုံ (ASEAN Community) ထူထောင်ခြင်း ကွာလာလမ်ပူ ကြေညာချက်နှင့် အာဆီယံ မျှော်မှန်းချက် ၂၀၂၅ ကွာလာလမ်ပူ ကြေညာချက်တို့ကို အာဆီယံ ခေါင်းဆောင်များက လက်မှတ်ထိုးခဲ့ကြပြီး (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး မျက်နှာစုံညီ အစည်းအဝေး အပြီးတွင် လူကုန်ကူးမှု (အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ) ဆန့်ကျင် တားဆီးရေးဆိုင်ရာ အာဆီယံ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ရာအာဆီယံ ခေါင်းဆောင်များ လက်မှတ်ထိုးခဲ့ကြကြောင်း သတင်းရရှိသည်။ထို့ပြင် (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးတစ်ခုအဖြစ် အာဆီယံ - နယူးဇီလန် နှစ် ၄၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်  နံနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ KLCC ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent