မြိတ်မြို့တွင် ဖမ်းဆီးရမိခဲ့သည့် ICE မူးယစ်ဆေးဝါးများ အမှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူများကို ထပ်မံဖမ်းဆီးရမိနေပြီး နောက်ကွယ်မှ အဓိက တရားခံများကို ဖမ်းဆီးရမိရန် ဆက်လက် ဆောင်ရွက်နေကြောင်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။မြိတ်မြို့မှ မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် ခန့်ဟိန်းဇင်အောင် အမည်ရှိ ကုန်လှေပေါ်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က တန်ဖိုးကြီးသည့် ICE ( သို့ ) Metanfetamine မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၅၇၂၀၀ အထိရှိရာ မြို့နေလူထုများကြားတွင် စိတ်ဝင်စားသည့် သတင်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။“နိုဝင်ဘာ ၂၀ ရက်နေ့မှာ တရားခံလို့ ယူဆရတဲ့ ဇော်မင်းအောင် ( ခ ) သားကြီးကို သရက်ချောင်းမြို့နယ်မှာ ဖမ်းဆီးရမိပါတယ် သူ့ကိုမေးမြန်းနေပေမယ့် အခုထိ ငြင်းနေတုန်းပါ မနေ့က ( နိုဝင်ဘာ ၂၁ ရက်နေ့ ) ကိုသားကြီးအိမ်မှာ သွားရောက် ရှာဖွေတော့ စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြား ထပ်မိပါတယ် အဲဒီအမှုနဲ့ ပတ်သက်တဲ့သူတွေကို အားလုံး ခေါ်စစ်ထားပြီးပါပြီ လှေသားတစ်ချို့နဲ့ ကိုသားကြီးတို့ လင်မယားကိုလည်း ခေါ်ယူစစ်ဆေးနေပါတယ် ဒါပေမယ့် အဲဒီမူးယစ်ဆေးဝါးတွေကို ဘယ်သူ့ဆီက လာတာလဲဆိုပြီး သိဖို့လိုနေပါတယ် ကျွန်တော်တို့ အဲဒီကိစ္စကို ပေါ်ပေါက်ဖို့ ဆောင်ရွက်နေပါတယ်” ဟု မြိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ဦးဝင်းဇော်ဦးမှ ပြောကြားခဲ့သည်။အဆိုပါအမှုနှင့် ပတ်သက်ပြီး ကွင်းဆက်တရားခံဟု ယူဆရသူ နောက်တစ်ဦးကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စရဖ အဖွဲ့မှ သတင်းအရ သွားရောက်ရှာဖွေရာ ကလွင်ကျေးရွာ အနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်မှာ ကွင်းဆက် တရားခံလို့ ယူဆရတဲ့ နောက်တစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ် သူက ဒီဒေသခံ မဟုတ်ပါဘူး မြိတ်ကို အဲဒီသတင်းနဲ့ ပတ်သက်ပြီး လာရောက် စုံစမ်းတဲ့ သဘောပါ ကျွန်တော်တို့ကလည်း ဖမ်းမိထားတဲ့ ကိုသားကြီးရဲ့ ထွက်က်ဆိုချက်အရ အဲဒီလူကို စောင့်ကြည့်နေခဲ့တာပါ အခု ဖမ်းဆီးရမိပြီး ရဲစခန်းကို ပို့လိုက်ပါပြီ သူ့ရဲ့ ထွက်ဆိုချက်ကို စောင့်ရဦးမှာပါ ဖမ်းဆီးရမိထားတဲ့ ကိုသားကြီးနဲ့ အခုဖမ်းမိတဲ့သူကို စစ်ဆေးရဦးမယ် တရားခံအစစ် ပေါ်ပေါက်ဖို့လိုပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။နိုဝင်ဘာ ၂၂ ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့သူမှာ စောငြိမ်းချမ်း ( ၃၀ ) နှစ်ဖြစ်ပြီး မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ချောင်းကူးငယ်ရပ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး အနီးရှိ လက်ဘက်ရည်ဆိုင်တွင် လာရောက်ထိုင်နေခိုက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့မနက်ပိုင်းက တစ်ယောက် ထပ်မိပါတယ် အခုသူ့ကို အဖွဲ့စုံနဲ့ စစ်ဆေးဆောင်ရွက်နေပါပြီ မူးယစ်ဆေးဝါးတွေလာတဲ့ လမ်းကြောင်း၊နောက်ကွယ်က ဘယ်သူတွေရှိမလဲ ဖော်ထုတ်မှာပါ ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက်တွေကို သတင်းပြန်လည် ထုတ်ပြန်ပေးမှာပါ”ဟု စခန်းမှူး ဦးဝင်းဇော်ဦးမှ ပြောကြားခဲ့သည်။ယခု ထပ်မံဖမ်းဆီးရမိခဲ့သည့် စောငြိမ်းချမ်းမှာ မူးယစ်ဆေးဝါးများကို ကုန်းလမ်းမှ သယ်ယူပေးရသူဖြစ်ပြီး တစ်ကီလိုအထုပ် တစ်ထုပ်လျှင် ပို့ဆောင်ခအဖြစ် ကျပ် ၁ သိန်း ရရှိကြောင်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံခဲ့သည့် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ကြောင်း နေရပ်လိပ်စာနှင့် ဆက်နွယ်မှု ရှိနိုင်သည့် အဖွဲ့အစည်းများကို စုံစမ်းနေကြောင်း အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့သည်။ICE မူးယစ်ဆေးဝါးများကို မော်လမြိုင်ဘက်မှ ကုန်းလမ်းဖြင့် သယ်ယူလာပြီး မြိတ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ကာ မြိတ်မြို့မှ မလေးရှားနိုင်ငံသို့ တင်ပို့ရန် စီစဉ်ခြင်းဖြစ်နိုင်ကြောင်း ပမာဏများပြားသော ငွေတန်ဖိုးအရ နောက်ကွယ်မှ အဖွဲ့အစည်းများ ရှိနိုင်ကြောင်း အမှုမှန် ပေါ်ပေါက်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
မြိတ်မြို့တွင် ဖမ်းဆီးရမိခဲ့သည့် ICE မူးယစ်ဆေးဝါးများ အမှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူများကို ထပ်မံဖမ်းဆီးရမိနေပြီး နောက်ကွယ်မှ အဓိက တရားခံများကို ဖမ်းဆီးရမိရန် ဆက်လက် ဆောင်ရွက်နေ