ပြည်သူကို မျက်နှာမူကြပါ (၅)

ပြည်သူကို မျက်နှာမူကြပါ (၅)
Published 22 November 2015
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

(၁)
အများပြည်သူ လူထုတစ်ရပ်လုံး ဖြစ်စေလိုတဲ့ ဆန္ဒတွေအတိုင်း ယခုအခါမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရ ဖွဲ့နိုင်လောက်တဲ့ အမတ်ဦးရေ အင်အားနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးကို အနိုင်ရဖို့ သေချာသလောက ်ရှိသွားပါပြီခင်ဗျ။ ရှုံးသွားတဲ့ ပါတီတချို့က ရယ်ရွှင်ဖွယ်စကားအဖြစ် သူတို့တော့ NLD ဆူနာမီ ထိသွားတယ်လို့ ပြောကြပါတယ်။ အဲဒီလောက်ကို အရှိန်အဟုန် ကြီးမားစွာ နိုင်ခဲ့တာပါ။
(၂)
တကယ်တော့ ကျွန်တော်အပါအဝင် နိုင်ငံရေးကို အသေအချာ လေ့လာနေသူ အားလုံးက ဒီလိုပဲ ဖြစ်လာမယ် သိထားကြပါတယ်။ နိုင်ငံရေးထွက်ပေါက်အဖြစ်၊ ပါတီတွေနဲ့ စစ်အာဏာရှင်တွေက ဒီတစ်ပေါက်တည်းကိုပဲ ဖွင့်ပေးထားခဲ့တာပါ။ ၂၀၀၈ အခြေခံဥပဒေ ထွက်ပေါက်ပေါ့ဗျာ။ ဒီထွက်ပေါက်မှာ ရှေ့ဆုံးရောက်နေပြီး အနစ်နာခံ အပင်ပန်းခံထားပြီး ပြည်သူ့ရှေ့မှာ ရပ်ပြနေလို့ အစောကြီးကတည်းက နံပါတ် (၁) တိုကင်လည်း ရထားတဲ့ ခေါင်းဆောင်နဲ့ ပါတီလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်သင့်နိုင်ထိုက်ပါတယ်။ ဒီအတွက် ဝမ်းမြောက်စွာ ဂုဏ်ပြုရပါတယ်။
(၃)
သို့သော် အပြည့်အ၀ ဝမ်းမသာနိုင်တာကတော့ ၂၀၀၈ အခြေခံဥပဒေ ဆိုတဲ့ ဥပဒေကြီး ကြောင့်ပါပဲ။ ဒီဥပဒေအရ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေတဲ့ အချက်တွေကို အခိုင်အမာ ထည့်သွင်းထားလို့ ဖြစ်ပါတယ်။ ဘယ်အချက်တွေလဲဆိုတာ ပြည်သူလူထု တစ်ရပ်လုံး ပိုမိုသိရှိနိုင်ရန် ပြည်သူကို မျက်နှာမူလို့ ထပ်မံနှိုးဆော် သတိပေးရပါတယ်ခင်ဗျ။ အဲဒီဥပဒေတွေကတော့
ပုဒ်မ - ၆ (စ) နိုင်ငံ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။
၂၀။ (က) တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်သည်။
(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက် ပိုင်ခွင့်ရှိသည်။
(ဂ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်။
(ဃ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိသည်။
(င) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်။
(စ) တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်။
ပုဒ်မ ၄၀ (ခ) တိုင်းဒေသကြီး တစ်ခုတွင် ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိလျှင် ထိုအန္တရာယ်ကို (တပ်မတော်သည်) ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းထားချက်များနှင့်အညီ တားဆီးကာကွယ် စောင့်ရှောက်ခွင့်ရှိသည်။
(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်း အားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည်) နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်။
ပုဒ်မ ၄၈။ နိုင်ငံတော် အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာတွင် လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များ ကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ်ဖွင့်ဆို ရာတွင်လည်းကောင်း လိုက်နာရမည့် လမ်းညွှန်များဖြစ်သည်။
အခန်း (၇)
တပ်မတော်
ပုဒ်မ ၃၃၇။ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
ပုဒ်မ ၃၃၈။ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။
ပုဒ်မ ၃၃၉။ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။
ပုဒ်မ ၃၄၀။ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရမည်။
ပုဒ်မ ၃၄၁။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်က ကူညီ ဆောင်ရွက်ရမည်။
ပုဒ်မ ၃၄၂။ နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေးရမည်။
ပုဒ်မ ၃၄၃။ စစ်ဘက်တရားစီရာတွင် (က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်။
(ခ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။
ပုဒ်မ ၂၀၁။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
(က) နိုင်ငံတော်သမ္မတ
(ခ) ဒုတိယသမ္မတ
(ဂ) ဒုတိယသမ္မတ
(ဃ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
(င) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
(စ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(ဆ) ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
(ဇ) ကာကွယ်ရေးဌာနဝန်ကြီး
(ဈ) နိုင်ငံခြားရေးဌာနဝန်ကြီး
(ည) ပြည်ထဲရေးဌာနဝန်ကြီး
(ဋ) နယ်စပ်ရေးရာဝန်ကြီး
အမှတ်အသား ပြထားတဲ့ အဖွဲ့ဝင်တွေကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ခံမယ့် သူတွေပါ။ သူတို့မဲက ၆ မဲရှိ ပါတယ်။ ၁၁ မဲမှာ တစ်ဝက်ကျော် အသာစီးယူထားတာပါ။ နိုင်ငံတော်မှာ သမ္မတနဲ့ လွှတ်တော် (၂)  ထက် ပိုအားကောင်းတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါ ကတော့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပါမယ်လို့ လွှတ်တော်နှစ်ရပ်မှာ ကျမ်း ကျိန်ထားတဲ့သူတွေ လောလောဆယ် လိုက်နာရမှာ ဖြစ်ပါတယ်။
(တစ်ဖက်မှာလည်း ယခင်စစ်အစိုးရအ ဆက်ဆက်ထားခဲ့တဲ့ အလုပ်သမားအရေး၊ လယ်သမားအရေး၊ ကျောင်းသားအရေး၊ သယံဇာတများ ခိုးထုတ်မှု၊ ပေါင်းစားမှု၊ ပျက်ပြားနေသော တရားစီရင်ရေး၊ အရည်အသွေးနိမ့်ပြီး စေတနာနဲသော ရဲတပ်ဖွဲ့၊ လစာနဲ့ မလောက်သော ဝန်ထမ်းများ၊ အလုပ်သမားများ၊ မြင့်မားနေသော အိမ်လခများ၊ ကုန်ဈေးနှုန်းများ၊ စိတ်ဓာတ်ကျနေသော လူထုကြီး၊ ပြည်တွင်းစစ်ကြီး မရပ်စဲနိုင်သေးခြင်းစတဲ့ ပြဿနာများကလည်း NLD အစိုးရသစ်ကို ကြိုဆိုနေမှာ ဖြစ်ပါတယ်။)
(၄)
တစ်ဖက်မှာလည်း ၂၀၀၈ အခြေခံ ဥပဒေဆိုတာ၊ တပ်မတော်က အခုထိ ၂၀၀၈ အခြေခံဥပဒေကို မပြင်နိုင်မချင်း ဆက်လက်အုပ်ချုပ်တဲ့ ဥပဒေတံတိုင်းကြီးပါပဲ။ ဒီတံတိုင်းကို ကျော်ဖို့ ကြိုးစားတာနဲ့ စစ်တပ်က အာဏာသိမ်းနိုင်ခွင့် အပြည့်ရှိနေအောင် ၂၀၀၈ အ ခြေခံဥပဒေက ပြုလုပ်ပေးထားတာပါခင်ဗျ။
ဒါကြောင့် ဒီတံတိုင်းကို ဘယ်လိုကျော်ကြမလဲ၊ အာဏာလွှဲပြောင်းခွဲဝေရေး ချောမွေ့အောင်၊ လူထုကို မျက်နှာမှုတဲ့ အုပ်ချုပ်ရေး၊  တရားစီရင်ရေး၊ ဥပဒေပြုရေးဖြစ်အောင်  ဘယ်လိုလုပ်ကြမလဲ ဆိုတာကတော့ ကနေ့ ရွေးကောက်ပွဲကို အနိုင်ရထားတဲ့ NLD ပါတီကြီးရဲ့ အဓိက တာဝန်ဖြစ်သလို ဝန်းရံကြမယ့် ပြည်သူတွေရဲ့ တာဝန်လည်း ဖြစ်တယ်လို့ ထင်မြင်မိပါတယ်ခင်ဗျ။
မြန်မာနိုင်ငံရဲ့ တပ်မတော်ဆိုတာက လက်ရဲဇက်ရဲရှိလှပြီး ဘာမဆိုမလုပ်ရဲတာ မရှိသလောက်ဆိုတာ အတိတ် သင်ခန်းစာ အထပ်ထပ်က ပြထားပြီးဖြစ်ပါတယ်။ သန်းခေါင်ထက် ညဉ့်မနက်ဆိုသလိုပါပဲ။ ဒါကြောင့် ရွေးကောက်ပွဲနိုင် ပါတီအနေနဲ့ တပ်မတော်နဲ့ စကားပြောရတဲ့အခါ (အထူးသဖြင့် နောက်ကွယ်က ဦးသန်းရွှေ၊ ဦးမောင်အေးတို့ရဲ့ ရပ်တည်ချက်ကိုလည်း) မမေ့မလျော့ သတိထား ကြရပါမယ်လို့ ထင်မြင်မိပါတယ်။
(၅)
ရွေးကောက်ပွဲနိုင် NLD အနေနဲ့ နည်းဗျူဟာ၊ မဟာဗျူဟာကို ကိုင်တွယ်နိုင်ပါက NLD အောင်ပွဲ၊ လူထုအောင်ပွဲ ဒုတိယလွတ်လပ်ရေး အောင်ပွဲ ဖြစ်နိုင်သလို တပ်မတော်နဲ့ ဆွေးနွေးမှု မအောင်မြင်ခဲ့ရင်တော့ ကြိုဆိုနေသော ပြဿနာများကို အကြောင်းပြုပြီး အဆုံးတစ်နေ့မှာ ထိုင်းနိုင်ငံမှာလို (သုည) ပြန်ရောက်သွားနိုင်ခြေ ရှိနိုင်ပါတယ်။
ဒါကြောင့် အောင်ပွဲနှင့်အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေး သဘောတူညီချက် များရယူထားနိုင်ရန် အထူးလုံ့လ စိုက်ထုတ်ရလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ထို့အတူ ပြည်သူ လူထုကြီးဘက်မှလည်း NLD အနေဖြင့် တပ်မတော်နဲ့ ဆက်ဆံရေးမှာ ချောမွေ့ အဆင်ပြေရေးအတွက် ပြည်သူကိုမျက်နှာမူ၍ ဝိုင်းဝန်းအကြံပြု ဝန်းရံကြရန် လိုအပ်မည်ဟု ထင်မြင်ယူဆမိသလို တဖက်မှာလည်း NLD ဟာ တိုင်းရင်းသားများ၊ ဒီမိုကရေစီ လိုလားသူများနှင့် မကင်းကွာ ခိုင်မြဲစွာရှိနေရန် အစဉ်မပြတ် ကြိုးပမ်း အားထုတ်နေရမယ်လို့ ယုံကြည်ကြောင်းပါဗျာ။

Most Read

Most Recent