ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်စပိုင်းမှ အောက်တိုဘာလကုန်အထိ ငွေကြေးချို့တဲ့မှုပြဿနာများကြောင့် ဆွဲကြိုးချ သေဆုံးမှု တစ်ရာကျော်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
ယင်းသို့ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးရခြင်း၏ အကြောင်းရင်းအများဆုံးမှာ အကြွေးတင်သည့် ငွေကြေးပြဿနာများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီမှစ၍ အောက်တိုဘာလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆွဲကြိုးချသေဆုံးမှု စုစုပေါင်း ၁၃၂ မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မှုခင်းစာရင်းအရ တစ်လလျှင် လူ ၁၃ ဦးနှုန်း ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ဆွဲကြိုးချသေဆုံးမှုဖြစ်စဉ်အချို့မှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈)ရပ်ကွက်၊ စိန်ပန်းလမ်း ၊ မ/၆၃၈ (က) နေ အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးသည် အိမ်အဝင်တံခါး အပေါ်တန်းတွင် အရှည်ငါးပေခန့်ရှိ သုံးပင်လိမ် နိုင်လွန်ကြိုးဖြင့် လည်ပင်းပတ်ကာ ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့ပြီး အဘွားအိုမှာ ငွေကြေးအဆင်မပြေ၍ ချေးထားသော ပိုက်ဆံများကို ပြန်မဆပ်နိုင်သဖြင့် ဆွဲကြိုးချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင် ၈ ရက်က မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးမှာ အလုပ်သို့ အကြွေး ၁၀ သိန်း ပေးရန်ရှိသဖြင့် စိတ်ဓာတ်ကျ၍ ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
အဆိုပါအမျိုးသားမှာ မသေဆုံးမီ အလုပ်သို့ တစ်ပတ်ခန့် သွားရောက်ခြင်းမရှိတော့ဘဲ သေဆုံးရာတွင် အမြင့်ကိုးပေခန့်ရှိ နေအိမ်ထုပ်တန်း၌ အရှည် ၁၂ ပေရှိ အစိမ်းရောင် နိုင်လွန်သုံးပင်လိမ်ကြိုးအား အသုံးပြု၍ ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်စက်တင်ဘာ ၂၉ ရက် ည ၈ နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ အသက် ၁၈ နှစ် အရွယ် လူငယ်တစ်ဦးမှာ ဧည့်ခန်းအတွင်း အမြင့်ကိုးပေခန့်ရှိ ထုပ်တန်းတွင် ဆွဲကြိုးချ သေဆုံးခဲ့ကြောင်း သိရသည်။
၎င်းမှာ မသေဆုံးမီ မိခင်ဖြစ်သူအား “ခေါင်းကိုက်တယ်၊ စိတ်ညစ်တယ်”ဟု မကြာခဏပြောကြားလေ့ရှိကြောင်း မိခင်ဖြစ်သူ က ရဲစခန်းသို့ ထွက်ဆိုမှုရှိခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၁၀ ရက်က မင်္ဂလာဒုံမှ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးမှုလည်း ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဆွဲကြိုးချသေဆုံးမှုဖြစ်စဉ်များတွင် အသက်အရွယ်မရွေး ပါဝင်နေသည်ကိုတွေ့ရှိရပြီး ထိုသို့ မိမိကိုယ်ကိုယ် သတ်သေသူများမှာ စိတ်ကယောင်ချောက်ချား ဖြစ်သူများ၊ ကုသ၍ မရသောရောဂါရှင်များ၊ စီးပွားရေးလုပ်ငန်း မပြေလည်မှုများ၊ စိတ်ကျဝေဒနာ ခံစားနေရသူများဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၁၀ လအတွင်း ဆွဲကြိုးချသေဆုံးမှုဖြစ်စဉ်များအပြင် ရေနစ်သေဆုံးမှု ၂၇၅ မှု၊ အဆိပ်သောက်သေဆုံးမှု ၁၉ မှု၊ အမြင့်ပေါ်မှ ပြုတ်ကျ၍ သေဆုံးမှု ၄၂ မှု၊ ရထားပေါ်မှပြုတ်ကျ၍ သေဆုံးမှု တစ်မှု၊ ရထားကြိတ်၍ သေဆုံးမှု ၁၆ မှု၊ အမြင့်မှခုန်ချ၍ သေဆုံးမှု နှစ်မှု၊ မိမိကိုယ်ကိုယ် ဓားဖြင့်လှီး၍သေဆုံးမှု ငါးမှု၊ အမည်မသိ ဒဏ်ရာရရှိ၍ သေဆုံးမှု နှစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဓာတ်လိုက်သေဆုံးမှု ၁၁၆ မှု၊ မိုးကြိုးပစ်သေဆုံးမှု ရှစ်မှု၊ တိုက်ပြိုမြေပြိုပြီး သေဆုံးမှု တစ်မှု၊ ဆေးမှားသောက်မှု တစ်မှု၊ အဆိပ်သင့်မှု နှစ်မှု၊ အစာအဆိပ်သင့်သေဆုံးမှု နှစ်မှု၊ အရက်မူးလွန်သေဆုံးမှု ၁၃၃ မှု၊ ရုတ်တရက် ထိခိုက်၍သေဆုံးမှု ၃၆ မှုတို့ဖြစ်ပွားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စပိုင်းမှ အောက်တိုဘာလကုန်အထိ ငွေကြေးချို့တဲ့မှုပြဿနာများကြောင့် ဆွဲကြိုးချသေဆုံးမှု တစ်ရာကျော်ဖြစ်ပွားခဲ့















