အမေဇုန်သစ်တောထဲရှိ အပင်မျိုးစိတ် ၁၅၀၀၀ ထဲမှ ထက်ဝက်ခန့်သည် တောပြုန်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု နိုဝင်ဘာ ၂၀ ရက်က ထွက်ရှိလာသည့် နိုင်ငံတကာလေ့လာမှု တစ်ခုထဲတွင် ဖော်ပြခဲ့သည်။ အမေဇုန်သစ်တောသည် ကမ္ဘာပေါ်တွင် သက်ရှိမျိုးစိတ် အများဆုံးရှိသည့် တောတစ်ခုဖြစ်သည်။“အမေဇုန်သစ်တောထဲက သစ်ပင်မျိုးစိတ် အနည်းဆုံး ၃၆ ရာခိုင်နှုန်းကနေ ၅၇ ရာခိုင်နှုန်းအထိ မျိုးသုဉ်းမယ့် အန္တရာယ်ရှိနေပါတယ်” ဟုScience Advance ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာမှုတွင်ဆိုသည်။ ယခု အခြေအနေအတိုင်း ဆက်လက်သွားပါက ၂၀၅၀ ပြည့်နှစ်တွင် အမေဇုန်တော၏ မူလအခြေအနေ ရာခိုင်နှုန်း ၄၀ ခန့် ဖျက်ဆီးခံရလိမ့်မည်ဟု သုတေသီများက ဆိုခဲ့သည်။ သိုသော် သစ်တောထိန်းသိမ်းရေး လုပ်ဆောင်ချက်များကို ပိုမိုတင်းကျပ်လိုက်ပါက ထိုပြုန်းတီးမည့်ပမာဏ၏ ထက်ဝက်ခန့်ကို လျှော့ချနိုင်မည်ဟု သိရသည်။ ကောင်းသတင်းမှာ မျိုးသုဉ်းမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသော အပင်များသည် အမေဇုန်တော၏ ကာကွယ်ထားသောနေရာများတွင် သိသိသာသာ များပြားလာသည်ဟု သုတေသီများက ပြောကြားခဲ့သည်။အမေဇုန်သစ်တော ဧရိယာသည် ဘရာဇီးနိုင်ငံထဲတွင် အများဆုံးရှိနေသည်။ ဘရာဇီးနိုင်ငံသည် ပြီးခဲ့သည့် နှစ်အတွင်းက သစ်တောပြုန်းတီးမှုများကို လျှော့ချကာ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုများကို အနည်းငယ် လျှော့ချနိုင်ခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်က ဘရာဇီး၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ခြောက်နှစ်အတွင်း ဒုတိယအမြင့်ဆုံး ဖြစ်ခဲ့သည်။အမေဇုန်သစ်တောဧရိယာ တစ်စိတ်တစ်ပိုင်းရှိသည့် ကိုလံဘီယာနိုင်ငံတွင်မူ သစ်တောပြုန်းတီးမှုများ မြင့်တက်လာခဲ့သည်။ ၂၀၁၄ ခုနှစ်က ကိုလံဘီယာနိုင်ငံထဲတွင် ဖြစ်ပွားခဲ့သည့် သစ်တောပြုန်းတီးမှု၏ ၄၅ ရာခိုင်နှုန်းသည် အမေဇုန်သစ်တော ဧရိယာထဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ သုတေသီများ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည့် ယခုလေ့လာမှုသည် အမေဇုန်သစ်တောတစ်ခုလုံးမှ ကောက်ယူထားသည့် စစ်တမ်းများ၊ လက်ရှိမြေပုံများအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း သိရသည်။
အမေဇုန်တောထဲမှ အပင်မျိုးစိတ် ထက်ဝက်ကျော် တောပြုန်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရ
Most Read
Most Recent
16 hours ago









