အစိုးရ တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA) တို့အကြား ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှ ယခု နိုဝင်ဘာလအလယ်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ထိုသို့ တိုက်ပွဲ ဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ်နှင့် SSPP/SSA ကိုယ်စားလှယ်တို့ နိုဝင်ဘာ ၂၀ ရက် (ယနေ့) တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ထိုသို့ ဆွေးနွေးရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက SSPP ထံသို့ ဆက်သွယ်လာခြင်း ဖြစ်ကြောင်း SSPP/SSA ဗဟိုရုံးမှ ဗိုလ်မှူးစိုင်းခမ်းက နိုဝင်ဘာ ၁၉ ရက်တွင် အတည်ပြု ပြောကြားခဲ့ပြီး နေပြည်တော်တွင် SSPP ကိုယ်စားလှယ် ရောက်ရှိနေပြီဟု ပြောကြားသည်။နေပြည်တော်သို့ ရောက်ရှိနေသည့် SSPP ဗဟိုကော်မတီဝင် ဦးစဝ်နော်လိတ်က “ကျွန်တော့်ဆီကို ဌာနချုပ်က လှမ်းဆက်တယ်။ ကျွန်တော်တို့ ဒီမှာ လာခိုင်းတယ်။ ဆွေးနွေးဖို့က ဖုန်းနဲ့ပြောတယ်လို့ ပြောတယ်။ သူတို့နဲ့ အဆက်အသွယ် လုပ်ပြီးပြီ။ မနက်ဖြန်မှ တွေ့မယ်တဲ့။ သူတို့ လာခေါ်မှာပေါ့။ အဓိကကတော့ ဦးခင်မောင်စိုးနဲ့ ဆွေးနွေးရမယ် ထင်တယ်။ သူကိုယ်တိုင် ဖုန်းဆက်ခေါ်တယ်လို့ ပြောတယ်” ဟု နိုဝင်ဘာ ၁၉ရက် ညပိုင်းတွင် ပြောကြားသည်။“သွားတွေ့ပါလို့ပဲ တာဝန်ပေးလိုက်တယ်။ သူတို့က စတင် ဆွေးနွေးမှာပေါ့။ သူတို့ ဆွေးနွေးတဲ့ အကြောင်းအရာအပေါ် မူတည်ပြီး ဌာနကို ပြန်သတင်းပို့ရမှာပေါ့” ဟု ဦးစဝ်နော်လိတ်က ဆက်လက်ပြောကြားသည်။အဆိုပါ တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်ပြီး UPWC အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှ တာဝန်ရှိသူ တစ်ဦးထံသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် မသိဟု ဆိုသည်။ SSPP အပါအဝင် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/ UWSA)၊ မိုင်းလားအဖွဲ့ (NDAA) တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို UPWC ဒုတိယ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးတို့က အဓိက တာဝန်ယူ ဆွေးနွေးကြောင်းလည်း သိရသည်။အစိုးရနှင့် SSPP တို့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း လက်ရှိတိုက်ပွဲများ ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ အစိုးရ တပ်မတော်နှင့် SSPP တို့သည် အပြန်အလှန် ပြစ်တင်ပြောဆိုမှုများ ရှိနေသည်။လေကြောင်း တိုက်ခိုက်မှုများ ပါဝင်ခဲ့သည့် တိုက်ပွဲများကြောင့် နှစ်ဖက် ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အပြင် ဒေသခံ တစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ အစိုးရနှင့် SSPP/SSA ကိုယ်စားလှယ်တို့ နေပြည်တော်၌ ယနေ့ ဆွေးနွေးမည်















