အခြေခံနိုင်ငံရေးပြဿနာဖြေရှင်းရန် ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားဒေသများ၌ စစ်မက်ဖြစ်ပွားမှုများကို ဝမ်းနည်းဖွယ်တွေ့ရှိနေရကြောင်း KNU အထွေထွေအတွင်းရေးမှူး ပြောကြား

အခြေခံနိုင်ငံရေးပြဿနာဖြေရှင်းရန် ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားဒေသများ၌ စစ်မက်ဖြစ်ပွားမှုများကို ဝမ်းနည်းဖွယ်တွေ့ရှိနေရကြောင်း KNU အထွေထွေအတွင်းရေးမှူး ပြောကြား
Published 19 November 2015
နေရိုင်း၊ ဇေယျာထွန်း

အခြေခံနိုင်ငံရေးပြဿနာဖြေရှင်းရန် ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားဒေသများ၌ စစ်မက်ဖြစ်ပွားမှုများအား ဝမ်းနည်းဖွယ်တွေ့ရှိနေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး (ဒုတိယ) နေ့တွင် ၎င်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ပဒိုစောကွယ်ထူးဝင်းက “အခုကျွန်တော်တို့ NCA မှာပါတဲ့ သဘောတူစာချုပ်အတိုင်း ကျွန်တော်တို့နိုင်ငံ အေးချမ်းသာယာပြီး ကျွန်တော်တို့ အခြေခံနိုင်ငံရေးပြဿနာဖြေရှင်းဖို့အတွက် ကြိုးစားဆောင်ရွက်တဲ့ အချိန်ကာလမှာ တချို့တိုင်းရင်းသားဒေသမှာ စစ်မက်ဖြစ်ပွားမှုတွေ ရှိနေတဲ့အတွက် ကျွန်တော်တို့ ဝမ်းနည်းဖွယ်ရာ တွေ့နေရပါတယ်။ NCA ဆိုတာ တစ်ပြည်လုံးအတိုင်းအတာကို လွှမ်းခြုံတဲ့ စာချုပ်ဖြစ်စေချင်တဲ့ သဘောဆန္ဒရှိပါတယ်။ ဒီစစ်မက်ဖြစ်ပွားမှုတွေကြောင့် ကျွန်တော်တို့နိုင်ငံတော်ရဲ့ အကျိုးသက်ရောက်မှုဟာ ကျွန်တော်တို့အကုန်လုံး သိရှိရပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ “ကျွန်တော်တို့ အကျိုးခံစားမှုဟာ တစ်ခုမှ အကောင်းမရှိခဲ့ပါဘူး။ သမိုင်းမှာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တောင်းဆိုချင်တာကတော့ ကျွန်တော်တို့ ဒီတိုက်ပွဲရဲ့ အခြေခံအကြောင်းရင်း ပြဿနာမရှိပေမယ့်လည်း၊ မသိပေမယ့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တွေ့ဆုံဆွေးနွေးပြီး အေးချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားဖို့ ကျွန်တော့်အနေနဲ့ ဆန္ဒရှိပါတယ်။ ဘက်နှစ်ဖက်က တာဝန်ရှိတဲ့ ခေါင်းဆောင်များ ကျွန်တော်တို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ နိုင်ငံရေးပြဿနာ ရှင်းလင်းနိုင်ဖို့အတွက် ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ကြိုးစားဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူတွေလိုလားတဲ့ အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ဖြစ်ပေါ်ဖို့အတွက် ကြိုးပမ်းကြပါလို့ ကျွန်တော်ဆန္ဒပြုပါတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အစိုးရတပ်မတော်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO ၊ KIA ၊ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ SSPP/SSA ၊ တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ PSLF/TNLA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည်။အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဖက်တပ်သားအများအပြား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ပြည်သူအများအပြားလည်း စစ်ဘေးဒုက္ခကြုံတွေ့နေကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေးအခက်အခဲများစွာ ဖြစ်ပေါ်နေကြရကြောင်း သိရသည်။ 

Most Read

Most Recent