၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်တွင် အခွန်အကောက်မှာ ယခင်နှစ် အလားတူကာလထက် ဘီလျံ ၈၇၀ ကျော် လျော့နည်းနေ၍ အမြန်ဆုံး အဖြေရှာသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီ တိုက်တွန်း

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်တွင် အခွန်အကောက်မှာ ယခင်နှစ် အလားတူကာလထက် ဘီလျံ ၈၇၀ ကျော် လျော့နည်းနေ၍ အမြန်ဆုံး အဖြေရှာသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီ တိုက်တွန်း
Published 19 November 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်၌ အခွန်အကောက်မှာ ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အလားတူကာလထက် ဘီလျံပေါင်း ၈၇၀ ကျော်လျော့နည်းနေသည့်အတွက် အမြန်ဆုံးအဖြေရှာသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက တိုက်တွန်းသည်။နေပြည်တော်တွင် နိုဝင်ဘာ ၁၈  ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်အတွက် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြခဲ့ခြင်း ဖြစ်သည်။ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်အတွက် အမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ပတ်သက်ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါ်လဲ့လဲ့သိန်းက ရှင်းလင်းတင်ပြရာတွင် “ပြည်ထောင်စုနှင့် တိုင်းဒေသကြီးပြည်နယ်များအလိုက် ရငွေနဲ့အသုံးစရိတ်ကို ကြည့်ပါက စုစုပေါင်းရငွေမှာ ကျပ် ၁၀ ဒသမ ၃၇ ထရီလျံဖြစ်ပြီး စုစုပေါင်းအသုံးစရိတ်မှာ ကျပ် ၁၃ ဒသမ ၁၁ ထရီလျံ သုံးစွဲခဲ့ပါတယ်။ လိုငွေမှာ ၂၇၄ ထရီလျံ ဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ် အခွန်အကောက်ရငွေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်ထက် ကျပ်ဘီလျံ ၈၇၀ ကျော် လျော့နည်းခဲ့ပါတယ်”ဟု ထည့်သွင်းတင်ပြခဲ့သည်။ထို့နောက် အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီမှ အတွင်းရေးမှူး ဦးအေးမောက်က ကော်မတီ၏ လေ့လာသုံးသပ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။အစိုးရအဖွဲ့မှပေးပို့သည့် အစီရင်ခံစာနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံကြီးများ၊ အာဆီယံနိုင်ငံများ၏ စီးပွားရေးအတက်အကျကို ဖော်ပြရာတွင် မြန်မာနိုင်ငံနှင့် ဆက်စပ်သက်ရောက်နိုင်ခြင်းကို ယခုထက်ပိုမို ဆက်စပ်ဖော်ပြသင့်သည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီမှ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။“ငွေရေးကြေးရေးကဏ္ဍအနေနဲ့ တင်ပြရမယ်ဆိုရင်တော့ ငွေရေးကြေးရေးကဏ္ဍမှာ ငွေကြေးဖောင်းပွမှုနဲ့ အလားအလာကို အလေးထားဖော်ပြသင့်ကြောင်း တွေ့ရပါတယ်။ ယမန်နှစ်နဲ့ အလားတူကာလအတွက် အခွန်အကောက်ရငွေမှာ လျော့နည်းခြင်းကို အမြန်ဆုံး အဖြေရှာသင့်ပါကြောင်း တင်ပြလိုပါတယ်။ အခွန်အကောက်မှာ ယခင်နှစ်ကထက် ဘီလျံပေါင်း ၈၇၀ ဒသမ ၅၁၁ လျော့နည်းကြောင်းကို တွေ့ရမှာဖြစ်ပါတယ်”ဟု ဦးအေးမောက်က  ပြောကြားသည်။ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဦအေးမောက်က “၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း ဒုတိယခြောက်လပတ်မှာ ကြည့်မယ်ဆိုရင် ပုံမှန်ဈေးနှုန်းအရ ရည်မှန်းချက်အပေါ် ၀ ဒသမ ၇၆ ရာခိုင်နှုန်းသာ လိုအပ်ပြီးတော့ ကျွန်တော်တို့ နှစ်စဉ်ဈေးနှုန်းအရဆိုရင် ၀ ဒသမ ၆၁ ရာခိုင်နှုန်း ကျော်လွန်အောင်မြင်တာကို တွေ့ရပါတယ်။ တန်ဖိုးအားဖြင့်ဆိုရင်တော့ ကျပ် ၄၂၈၂၇ ဘီလျံ ရည်မှန်းတဲ့အပေါ်မှာ ၄၃၀၉၂ ဘီလျံရရှိပြီးတော့ ၁၀၀ ဒသမ ၆ ရာခိုင်နှုန်း အောင်မြင်တာကို တွေ့ရမှာဖြစ်ပါတယ်”ဟု ဦးအေးမောက်က ရှင်းလင်းတင်ပြသည်။“စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍမှာဆိုရင်တော့ ကဏ္ဍကြီးသုံးရပ် အချိုးကျပါဝင်နိုင်မှုမှာ ရည်မှန်းချက်အရတော့ လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍအချို့ဟာ ရည်မှန်းချက်ထက် နိမ့်ကျပြီးတော့ ဝန်ဆောင်မှုကဏ္ဍမှာ ပိုမိုအချိုးယူသွားကြာင်းကိုလည်း တွေ့ရှိရပါတယ်။ ရာခိုင်နှုန်းအားဖြင့် လယ်ယာကဏ္ဍမှာ ၉၅ ဒသမ ၅ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၉၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍမှာ ရည်မှန်းချက်အပေါ်မှာ ၁၀၁ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည်ဖော်တာကို တွေ့ရမှာဖြစ်ပါတယ်”ဟု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဆက်လက်ပြောကြားသည်။“ကျွန်တော်တို့ ကုန်သွယ်မှုကဏ္ဍမှာ ကုန်သွယ်ရေးရည်မှန်းချက်က သွင်းကုန်အနေနဲ့ ၁၂၅ ရာခိုင်နှုန်းဖြစ်ပြီးတော့ ပို့ကုန်အနေနဲ့ ၁၀၀ ဒသမ ၄ ရာခိုင်နှုန်းသာရှိတဲ့အတွက် ကုန်သွယ်မှုလိုငွေဟာ ၁၇၈၁ ဘီလျံဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပို့ကုန်အနေနဲ့ကတော့ အထူးသဖြင့် ဒီမှာတွေ့ရှိရတာက သဘာဝဓာတ်ငွေ့အနေနဲ့ ဘီလျံပေါင်း ၂၈၁၈၊ လယ်ယာထွက်ကုန်အနေနဲ့ ၁၇၆၈ ဘီလျံဆိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်”ဟု ဦးအေးမောက်က လေ့လာတွေ့ရှိမှုအား တင်ပြသည်။သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ တင်ပြချက်များကို အလေးထားစဉ်းစား ဆောင်ရွက်ပေးရန် ဦးအေးမောက်က ရှင်းလင်းပြောကြားသည်။  

Most Read

Most Recent