မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ပန်းချီဆရာကြီး လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် ဦးစန်းလှိုင်၏ တစ်ကိုယ်တော် ပန်းချီပြပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကမ်းနားလမ်းရှိ Strand Hotel ၌ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။အဆိုပါ ပန်းချီပြပွဲ ဖွင့်ပွဲကို နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးမင်းကိုနိုင် အစရှိသည့် ပုဂ္ဂိုလ်များနှင့် ပန်းချီအသိုင်းအဝိုင်းမှ ပန်းချီဆရာ အများအပြား တက်ရောက်ခဲ့ကြသည်။ဖွင့်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက “လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့်ဆိုတာ လွယ်လွယ်နဲ့ရတာ မဟုတ်ပါဘူး။ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နိုင်ခဲ့လို့ပါ။ နောက်ပြီး ဆရာကြီး ဦးစန်းလှိုင်က အနုပညာမှာလည်း အခုလို တာဝန်ကျေခဲ့ပါတယ်။ ဆရာကြီး ဦးစန်းလှိုင်က မြန်မာမှုပန်းချီတွေ၊ မြန်မာ့လွတ်လပ်ရေး ပန်းချီတွေကို သရုပ်ဖော် ရေးဆွဲခဲ့တာဆိုတော့ ဒီလက်ရာတွေကို မျိုးဆက်သစ်လူငယ်တွေ ကြည့်စေချင်တယ်။ ဘာလို့လဲဆို တိုင်းပြည်ရဲ့ အနာဂတ်ကောင်းဖို့ မျိုးဆက်သစ်တွေမှာ အများကြီး မူတည်ပါတယ်။ ဒါကြောင့် အခုလို ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမယ့် ပန်းချီကားတွေ လူငယ်တွေကြည့်ရင် အကျိုးရှိစေမှာပါ” ဟု ပြောကြားသည်။ ထို့နောက် ဦးမင်းကိုနိုင်ကလည်း အမှတ်တရစကား ပြောကြားသည်။အဆိုပါ ပန်းချီပြပွဲတွင် ဆရာကြီးဦးစန်းလှိုင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရေးဆွဲခဲ့သည့် ပန်းချီကားများနှင့် လက်ရှိအချိန်အထိ ရေးဆွဲထားသည့် ပန်းချီကားများ အနက်မှ ပန်းချီကားပေါင်း ၁၀၀ ကျော်ကို ပြသထားကြောင်း သိရသည်။“ပန်းချီကို သက်တမ်းတစ်လျှောက်လုံး မြန်မာ့ရိုးရာ ပန်းချီကားတွေပဲ ဆွဲခဲ့တယ်။ အခုက တဖြည်းဖြည်းနဲ့ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာမှု ပန်းချီကားတွေက ရှားပါးလာနေပြီ။ တိုင်းပြည်ကိုချစ်ရင် ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်” ဟု ပန်းချီဆရာကြီး ဦးစန်းလှိုင်က ပြောကြားသည်။ပန်းချီဆရာကြီး ဦးစန်းလှိုင်သည် လက်ရှိတွင် အသက် ၉၃ နှစ်ရှိပြီဖြစ်ကာ အသက် ၁၃ နှစ်အရွယ်မှစပြီး ပန်းချီရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဆရာကြီး ဦးစန်းလှိုင်၏ လက်ဦးဆရာများမှာ ဦးသိန်းညွန့်၊ ပန်းချီဦးငွေကိုင်၊ ပန်းချီဦးလှမောင်ကြီးတို့ဖြစ်သည်။ ဒုတိယကမ္ဘာစစ် ကာလတွင် ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) သို့ ဝင်ရောက်ခဲ့ပြီး လွတ်လပ်ရေး လှုပ်ရှားဆောင်ရွက်ချက်များကြောင့် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် ရရှိခဲ့သည်။ ပန်းချီဦးစန်းလှိုင်သည် မြန်မာမှုပန်းချီလက်ရာများတွင် နာမည်ကျော်ကြားခဲ့ပြီး ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ် နိပါတ်တော် ဇာတ်လမ်းများ၊ အခြားရုပ်ပြ လက်ရာများစွာနှင့် မျက်နှာဖုံး သရုပ်ဖော်ပန်းချီများ ရေးဆွဲခဲ့သည်။ ထို့ပြင် ဘာသာရေးပန်းချီများစွာ ရေးဆွဲခဲ့ပြီး ဘာသာရေးမဂ္ဂဇင်း သရုပ်ဖော်ပုံများကိုလည်း လစဉ်ရေးဆွဲခဲ့သည်။ ပန်းချီရေးဆွဲသည့် သက်တမ်းတစ်လျှောက် မြန်မာ့ရိုးရာ ပန်းချီကိုသာ တစိုက်မတ်မတ် ရေးဆွဲခဲ့သည့် ပန်းချီဆရာကြီးဖြစ်ကြောင်း သိရသည်။ယခု ပန်းချီပြပွဲတွင် ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ ပန်းချီကားများ ပြသခြင်းအပြင် ဆရာကြီး၏ အတ္ထုပ္ပတ္တိ စာအုပ်ကိုလည်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ပန်းချီဆရာကြီး လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် ဦးစန်းလှိုင်၏ တစ်ကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်









