ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းရှိ ကျေးသီး၊ မိုင်းနောင်၊ ဝမ်ဆော့၊ ဟိုင်းပါတို့ဘက်မှ စစ်ဘေးဒုက္ခသည်များသည် နီးစပ်ရာမြို့များသို့ ထွက်ပြေးတိမ်းရှောင်ကြရင်းဖြင့် ယခုအခါ တောင်ကြီးမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းအထိ ရောက်ရှိလာသော စစ်ဘေးဒုက္ခသည်များ စာရင်းမှာ ကျား- ၃၀၊ မ - ၅၈ ဦး ရှိပြီး၊ စုစုပေါင်း ၈၈ ဦး၊ အိမ်ခြေပေါင်း ၃၇ အိမ်ထောင်စုတို့မ ှမိသားစုလိုက်ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ရှိ ဝေဠုဝန်ရှမ်းကျောင်းမှ သိရသည်။
လွန်ခဲ့သော တစ်ပတ်ခန့်က ဆောဆီရပ်တွင် စစ်ဘေးရှောင်လာကြရင်း အသိမိတ်ဆွေများက မိမိတို့အိမ်တွင် လက်ခံထားရှိရင်းကနေ ဝေဠုဝန်ရှမ်းကျောင်းသို့ လာရောက်ပို့ဆောင်ရင်း တဖြည်းဖြည်း လူဦးရေများလာခြင်းဖြစ်ကြောင်း၊ ယနေ့ ညနေပိုင်းနှင့် နောက်တစ်နေ့တွင်လည်း ထပ်ရောက်လာရန်ရှိသေးကြောင်း၊ စုစုပေါင်း ရာကျော်ရောက်ရှိလာရန် ရှိသေးကြောင်း ဒုက္ခသည်များအရေး ကူညီပေးနေသော တာဝန်ရှိသူများက ပြောကြားသည်။
တောင်ကြီးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးဒုက္ခသည်အချို့အား တွေ့ရစဉ်
“ပထမတစ်ခေါက်တုန်းကတော့ ဒီလောက် မကြောက်ဘူးပေါ့။ ကိုယ့်ဘက်လည်း မလာလောက်ဘူးပေါ့။ ဒုတိယလည်း ဒီလိုပဲ။ တတိယတစ်ခေါက်မှာမှ လေယာဉ်ပျံတွေ ဘာတွေနဲ့ ကျွန်မတို့ အိမ်ခေါင်မိုးပေါ်မှာ မြို့ ပတ်ပတ်လည်မှာ သေနတ်တွေပစ်တော့ လန့်သွားတယ်လေ။ ကြောက်လည်း ကြောက်သွားတယ်။ ကျွန်မတို့ မိသားစု လေးငါးခြောက်ယောက်နဲ့ ကလေးနှစ်ယောက်နဲ့ လွတ်အောင် ကို ပြေးခဲ့ရတယ်။ သီတင်းကျွတ် လမကွယ် ခင်တစ်ရက်ပေါ့။ အဖိတ်နေ့ပေါ့။ ကျွန်မအသက်ဆိုရင် ၇၅ နှစ် ရှိနေပြီလေ။ ဒီလိုမျိုး အတိုက်အခိုက်ကြားထဲမှာ တစ်ခါမှ မကြုံဖူးတော့ ကြောက်လည်းကြောက်တယ်။ အရမ်းကြောက်တယ်။ ကြောက်လို့။ အခု မိုင်းနောင်မှာ ဘယ်လိုဆက်ဖြစ်လဲ ကျွန်မတို့မသိဘူး။ ပတ်ဝန်းကျင်ကလည်း သူ့ပစ္စည်းသိမ်း။ ကျွန်မတို့လည်း ပစ္စည်းသိမ်းပြီးတော့ ရရာယူလာ ပြီးတော့မှ ထွက်ခဲ့တာပဲ။ စစ်ပွဲနဲ့ပတ်သက် ပြီး မဖြစ်စေချင်ဘူး။ မတိုက်စေချင်ဘူးပေါ့။ ကြောက်လည်း ကြောက်တယ်လေ။ မြေးလေးနှစ်ယောက်နဲ့ အဘွားနဲ့ ထွက်ခဲ့တယ်။ အိမ်မှာ သူ့အမေတွေ ကျန်ခဲ့သေးတယ်ပေါ့” ဟု မိုင်းနောင် ရပ်ကွက် (၁) နေ အဘွားဒေါ်ရွှေကြိုင်က ပြောကြားသည်။
အဘွားသည် သီတင်းကျွတ်လကွယ် အဖိတ်နေ့တွင် မိုင်းနောင်မှ မြေးအဘွားသုံးဦးသား ထွက်ခဲ့ပြီး လဲချားတွင် တစ်ညအိပ်ခဲ့ကြောင်း၊ လကွယ်နေ့တွင် တောင်ကြီးမြို့သို့ ရောက်ရှိကြောင်း ပြောပြသည်။
“ဒီမှာ ပြည့်ပြီဆိုရင် ကျန်တဲ့နေရာတွေလည်း နေနိုင်ပါသေးတယ်။ လာသမျှတော့ လက်ခံပေးမှာပါ။ တောင်ကြီးမှာ မြို့ကြီးဆိုတော့ လာရလည်း လွယ်ပါတယ်။ အားလုံးစုပေါင်းပြီးတော့ ကူညီပါတယ်။ လူမျိုးမရွေးပဲလေ။ အပြစ်မရှိတဲ့ အရပ်သားတွေဆိုရင် အချင်းချင်း ပစ်ခတ်မိတာတောင် သူပုန်ဘက်ပစ်တာပါဆို။ အရပ်သားတွေ ကျန်သေးတာတောင် ဒါဟာ သူပုန်ပါဆိုပြီး ပစ်ခတ်မိတာလည်း ရှိတယ်လေ။ ဒါကြောင့် တစ်ယောက်မှ မနေရဲတော့ဘူး။ မိုင်းနောင်ဆိုလည်း အိမ်အထိ လိုက်ပစ်တယ်လို့လည်း ကြားတယ်။ ဝမ်ဆော့ဆိုလည်း တစ်အိမ်မှ မနေရဲတော့ဘူး။ ဘာလို့လဲဆိုတော့ ရွာထဲမှာ ကတုတ် ကျင်းတူးပြီး နေနေတော့ ရွာသားတွေက တစ်ယောက်မကျန် အိမ်ကိုလည်း ဒီတိုင်း သော့ခတ်တန်းလန်းနဲ့ မိုင်းရှူးထိပြေးတာလည်းရှိတယ်။ ရောက်တဲ့နေရာပေါ့။ ကျေးသီးအထိ၊ လဲချားအထိပေါ့။ တချို့ကလည်း တောင်ကြီးအထိပေါ့။ ပြေးလာတယ်။ စစ်တိုက်တာ အရပ်သားတွေ သိပ်ဒုက္ခရောက် တယ်။ စစ်ရပ်ဖို့ပဲ တောင်းဆိုပါတယ်။ နှစ်ဖက်စလုံး ရပ်ပါစေလို့ပဲ ဆုတောင်းတယ်။ ဒါမှမဟုတ် အစိုးရဘက်ကရပ်လိုက်ရင် ပြီးသွားမှာပါ” ဟု တောင်ကြီးဒေသခံ ကူညီကယ်ဆယ်ရေးတာဝန်ခံ စိုင်းအောင်သန်းက ပြောကြားသည်။
“သူတို့ ရွာရောက်လာရင် သယ်ယူပို့ ဆောင်ပေးတယ်။ ဒီကျောင်းကိုလာပို့ပေးတယ်။ သူတို့ ဒုက္ခသည်တွေ ရောက်လာတာ တစ်ရာကျော်တယ်။ ခုကျောင်းမှာရောက်တာ ၈၈ ယောက်ပဲ ရောက်သေးတယ်။ တချို့ အိမ်တွေမှာ စုံစမ်းနေတုန်းပဲ။ တစ်ရာကျော် လို့ ကားဂိတ်တွေကပြောတယ်။ ထွက်လာတည်းက ပင်လုံ၊ လွိုင်လင်၊ လဲချား၊ တောင်ကြီးပေါ့နော်။ စာရင်းအရဆိုရင် တစ်ထောင် ကျော်ပြီ။ ဟိုမှာမနိုင်တော့လို့ ဒီကိုဆက်ပို့ လာဦးမှာပေါ့။ ဒီမှာ လေးငါးရာလောက်တော့ ရက်ပိုင်းအတွင်း ရောက်လာဦးမယ်လို့ပြောတယ်”ဟု တောင်ကြီးမှ ကူညီကယ်ဆယ်ရေးတာဝန်ခံ စိုင်းမောင်က ပြောကြား သည်။
မိုင်းရှူး၊ ဝမ်ဟိုင်း၊ ဝမ်ဆော့နှင့် မိုင်း နောင်တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ထိုဒေသများမှ ဒေသခံတို့သည် ပင်လုံ၊ လွိုင်လင်၊ လဲချား၊ တောင်ကြီးမြို့သို့ စစ်ဘေးတိမ်းရှောင်နေကြကြောင်း သိရသည်။ တောင်ကြီးမြို့တွင်းမှ အသိမိတ်ဆွေ စေတနာရှင်များ၊ ကုန်သည်ပွဲစားများကလည်း ဒုက္ခသည်များ စားဝတ်နေရေးအတွက် ဝေဠုဝန်ကျောင်းသို့ လာရောက်လှူဒါန်းထားပြီး တောင်ကြီးမြို့မှ စေတနာရှင် မိသားစုများ၊ သူငယ်ချင်းများ စေတနာရှင်စုစုပေါင်း ၁၀ ဦးခန့်မှဒုက္ခသည်များ စားဝတ်နေရေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မေတ္တာဖြင့် လာရောက်ကူညီမှုပေးနေကြောင်း သိရသည်။
စစ်ဘေးရှောင် ဒုက္ခသည်အများစုသည် ဗမာစကားမပြောတတ်သော ရှမ်းတိုင်းရင်းသားများဖြစ်ကြပြီး၊ အမျိုးသမီးများနှင့် ကလေးငယ်များ အများစုဖြစ်ကြသည်။နိုဝင်ဘာ ၁၅ ရက်တွင် မိုင်းရှူးဆေးရုံကို စစ်ပွဲများကြောင့် ပိတ်လိုက်ရပြီး ၁၆ ရက်တွင် လဲချားမြို့ရှိ နမ့်တိမ်းချောင်းတံတားအနီးတွင် ဗုံးတစ်လုံးကွဲမှုကြောင့် မိန်းကလေးငယ် နှစ်ဦး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရ သည်။
ထို့ပြင် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်း ၁၁ နာရီခွဲမှစတင်၍ ဝမ်ဆော့ရွာနှင့် ဝမ်အတ်ရွာအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။စစ်ပွဲများကြောင့် လွိုင်လင်ခရိုင်အတွင်း ဒေသခံပေါင်းသောင်း ကျော်တိမ်းရှာင်နေကြကြောင်း သိရသည်။















