မိုးညှင်းမြို့အနီး တပ်မတော်နှင့် KIA တို့ နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွား

မိုးညှင်းမြို့အနီး တပ်မတော်နှင့် KIA တို့ နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွား
Published 18 November 2015

ကချင်ပြည်နယ် မိုးညှင်းမြို့အနီး တပ်မတော်နှင့် ကေအိုင်အေတို့ နိုဝင်ဘာ ၁၅၊ ၁၆ ရက်က နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ တပ်မတော်နှင့် ကေအိုင်အေတို့သည် မိုးညှင်းမြို့မှ ငါးမိုင်ခန့်အကွာ အရှေ့တောင်ကြောပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
 
မိုးညှင်းမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးခင်မောင်က “ဒီနေ့နံနက်က လေးနာရီလောက်ကတည်းက မိုးညှင်းမြို့ပေါ်ကနေ ပစ်ခတ်သံတွေ ကြားနေရတယ်။ တိုက်ပွဲဖြစ်တဲ့တောင်ကုန်းနားက ဘုရားတောင်ကနေ လှမ်းသွားကြည့်တော့ နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာလာတယ်။ အောက်ကလည်း ပြန်ပစ်တယ်။ သုံးကြိမ်ဝဲတာ ဒုတိယနှင့် တတိယအကြိမ်မှာ လေယာဉ်ပေါ်ကနေ ပြန်ပစ်တယ်။ ခလရ ၁၅ က နှစ်ဦးကျဆုံးတယ်ဆိုတဲ့ သတင်းတော့ပြောနေကြတယ်။ ရွာတွေနဲ့ မနီးတော့ အရပ်သားတွေတော့ ထိခိုက်မှုမကြားရဘူး။ အခုလေးတင် ညနေ ၄ နာရီခွဲကျော်မှာလည်း ရဟတ်ယာဉ်နှစ်စီး လာပြီးပစ်တာ  တစ်တောင်လုံးကို မီးခိုးဖုံးသွားတယ်” ဟု ပြောကြားသည်။
 
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဆင်ရေးအရာရှိတစ်ဦးက ယင်းပစ်ခတ်မှုမှာ ဒေသခံများ မကြာခဏ မိုင်းနင်းခြင်း၊ လာရောက်အသစ်စိုက်သော တပ်မဟာ (၈) မှာ မိုးညှင်းမြို့၊ တပ်ရင်းများနှင့် နီးလွန်းခြင်း၊ လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခြင်းတို့ကြောင့် နယ်မြေရှင်းလင်းရာတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
 
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြီးတန်းစစ်ဆင်ရေးအရာရှိတစ်ဦးက “မိုးညှင်း အရှေ့တောင်ကြောမှာ ပစ်ခတ်မှုဖြစ်တာ ဟုတ်ပါတယ်။ မနေ့ကတော့ ပြင်းထန်ပါတယ်။ မိုးညှင်းမြို့ အရှေ့တောင်ကြောမှာ မိုင်းတွေထောင်၊ မိုင်းတွေရှင်းတာပါ။ ဒေသခံတွေလည်း မကြာခဏ ဒဏ်ရာတွေရကြပါတယ်။ ကေအိုင်အေက တပ်မဟာ (၈) ဆိုပြီး ဌာနချုပ်ကြီး လာဖွင့်တာကို မသိကြဘူးလေ။ တပ်မဟာ (၈) ဆိုတာ ကျွန်တော်တို့သိသလောက် အရင်ကတည်းက မရှိဘူး။ မိုးညှင်း နှင့် အဲဒီဝန်းကျင်ကဒေသတွေ ဆက်ကြေးကောက်ချင်၊ လူစုချင်တဲ့သဘောကြောင့် စခန်းတည်တယ်လို့ ထင်ပါတယ်။ လူသစ်လည်းစုပါတယ်။ ဆက်ကြေးလည်း ကောက်ပါတယ်။ အစကတည်းက တပ်ရင်းဌာနများ နှင့် ပြည်ထောင်စုလမ်းမကြီးကနေ ငါးမိုင်အထက်အကွာမှာရှိရမယ်လို့ အရင်ကတည်းက သဘောတူခဲ့တာတွေရှိပါတယ်။  မိုးညှင်း တရုတ်သချုႋင်းကနေ သိပ်မဝေးတဲ့နေရာမှာပါ။ မြို့ကနေ လှမ်းမြင်နေရပါတယ်။ တပ်တွေက တက်တော့ တိုက်ပွဲတွေဖြစ်ကုန်တာ။ ရဟတ်ယာဉ်နှင့်ကတော့ အခြေအနေသွားကြည့်တာပါ။ စခန်းသိမ်းတိုက်ပွဲအဆင့် မလုပ်သေးပါဘူး။ ဆုံးရှုံးမှုအခြေအနေကို အားလုံးကို နောက်မှထုတ်ပြန်မှာပါ။ ရဟတ်ယာဉ်တွေ သွားတာက အခြေအနေသွား ကြည့်တာပါ။ အပြန်မှာ မသင်္ကာတဲ့နေရာတွေကို ပစ်ရှင်းရှင်းခဲ့တာပါ” ဟု ပြောကြားသည်။
 
မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ယင်းပစ်ခတ်မှုများကို အသေးစိတ် သိရှိခြင်းမရှိကြောင်း  ပြန်ကြားခဲ့ပြီး ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးမှ ဗိုလ်မှူးကြီးနော်လီက “လေယာဉ်တွေနဲ့ လာတိုက်နေကြပါတယ်။ နှစ်နှစ်ကျော်က အသစ်ဖွဲ့လိုက်တဲ့ ကေအိုင်အေတပ်မဟာ (၈) နဲ့ ပစ်ခတ်မှုဖြစ်နေတာပါ။ စခန်းကြီးတော့ မဟုတ်ဘူး။ စခန်းငယ်တွေပါ။  လေယာဉ်တွေနဲ့ လာပစ်တော့ ဆုတ်ပေးရမှာပါ။ ဌာနချုပ်နဲ့က မီတာ ငါးရာ ခြောက်ရာ လောက်ပဲရှိမှာပါ။ ဆုံးရှုံးမှုဘယ်လောက်ရှိတယ်ဆိုတာ မကြားရသေးဘူး။ လွန်ခဲ့တဲ့ သုံးရက်က မြောက်ပိုင်းတိုင်းနဲ့က စာနဲ့ အဆက်အသွယ်ရှိပါတယ်။ အခုတော့ ကျွန်တော်တို့ လည်း ဘာမှမလုပ်တော့ဘူး။ ကျွန်တော်တို့ ဘက်ကတော့ တပ်မတော်တပ်ရင်းနှင့် ငါးမိုင်အကွာလောက်မှာ တပ်တွေ တည်ဆောက်တာ မရှိပါဘူး။ တပ်မတော်က ထိုးစစ်ဆင်လိုတဲ့အတွက် အကြောင်းပြချက်အနေနဲ့ ပြောတာဖြစ်မှာပါ”ဟု ပြောကြားသည်။
 
တပ်မတော်နှင့် ကေအိုင်အေတို့သည့် ၂၀၁၅ ခုနှစ်အတွင်း ဖားကန့်ဒေသ၊ ဆွမ်ပရာဘွမ်ဒေသနှင့် မန်စီမြို့နယ်တွင် မေလကတည်းက ပစ်ခိုက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး စက်တင်ဘာလကုန်အထိ လစဉ်နီးပါး ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကာ နှစ်ဖက်ဆုံးရှုံးမှုများလည်း ရှိခဲ့သည်။

Most Read

Most Recent