၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော ကတိကဝတ် ၈၄ ခုကို ကတိစာရင်းမှ ပယ်ဖျက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်သူ့လွှတ်တော်ရုံးသို့ တင်ပြထားကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာတင်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော ကတိကဝတ် ၈၄ ခုကို ကတိစာရင်းမှ ပယ်ဖျက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်သူ့လွှတ်တော်ရုံးသို့ တင်ပြထားကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာတင်
Published 18 November 2015

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော ကတိကဝတ် ၈၄ ခုကို ကတိကဝတ်စာရင်းမှ ပယ်ဖျက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်သူ့လွှတ်တော်ရုံးသို့ တင်ပြထားသဖြင့် ကတိပယ်ဖျက်ခြင်းအား လွှတ်တော်မှ အတည်ပြုပေးရန် နိုဝင်ဘာ ၁၇ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက  အစီရင်ခံစာ တင်သွင်းခဲ့သည်။
 
ထိုသို့ ပယ်ဖျက်ပေးရန် တင်ပြထားသည့် ကတိ ၈၄ ခုတွင်  ကြယ်ပွင့်ပြမေးခွန်း ၁၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၆၅ ခုနှင့် အတည်ပြုအဆို သုံးခုတို့ဖြစ်ကြောင်း သိရသည်။
 
“ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ၂၀၁၅ ခုနှစ် သြဂုတ် ၂၆ ရက်တွင် ပြီးဆုံးပြီးနောက် သြဂုတ် ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်ထိကာလအတွင်း  ကတိဖြစ်ထားသော ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ၊ အတည်ပြုအဆိုများအနက် လက်ရှိ လွှတ်တော်သက်တမ်းတွင် ပြီးစီးနိုင်ခြင်းမရှိသည့် လုပ်ငန်းများသည် ဘဏ္ဍာငွေခွဲဝေပေးမှု မရရှိခဲ့ခြင်း၊ လုပ်ငန်းသဘောသဘာဝအရ နှစ်ရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ခြင်း၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းတစ်ခုတည်းဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိခြင်းတို့ကြောင့် ကတိစာရင်းမှ ပယ်ဖျက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်သူ့လွှတ်တော်ရုံးသို့ ထပ်မံညှိနှိုင်းလာခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍   ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ညှိနှိုင်းလာခဲ့သည့် ပယ်ဖျက်ပေးရန် လုပ်ငန်းများကို...ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးပါရန်”ဟု ကော်မတီအတွင်းရေးမှူး ဦးဝင်းသန်းက ပြောကြားသည်။  
 
အဆိုပါကော်မတီ၏ အစီရင်ခံစာတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးများ၏ ကတိဖြစ်ကြယ်ပွင့်ပြမေးခွန်းများတွင် ဒုတိယပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြီးဆုံးသည်အထိ  ဆောင်ရွက်ဆဲလုပ်ငန်း ၁၅၁ ခုတွင် ဆောက်ရွက်ပြီး ၄၅ ခုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း ၉၀ ခု ဖြစ်ပြီး ပယ်ဖျက်ပေးရန် လုပ်ငန်း၁၆ ခုဖြစ်ကြောင်း ဖော်ပြထားသည်။  
 
ထို့ပြင် ကတိဖြစ်ကြယ်ပွင့် မပြမေးခွန်းများတွင် စတုတ္ထပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပြီးဆုံးသည် အထိ ဆောင်ရွက်ဆဲလုပ်ငန်း ၇၈၄ ခုတွင် ဆောင်ရွက်ပြီး လုပ်ငန်း ၃၄၈ ခုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း ၃၇၁ ခုဖြစ်ကာ ပယ်ဖျက်ပေးရန် တင်ပြထားသည့်လုပ်ငန်း ၆၅ ခုဖြစ်ကြောင်း သိရသည်။ 
 
ထို့အတူ အတည်ပြုအဆိုများတွင် တတိယပုံမှန်အစည်းအဝေးမှ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြီးဆုံးသည်အထိ ဆောင်ရွက်ဆဲလုပ်ငန်း ၁၅ ခုတွင် ဆောင်ရွက်ပြီး ခြောက်ခုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း ခြောက်ခုဖြစ်ကာ ကတိအဖြစ်မှ ပယ်ဖျက်ပေးရန် တင်ပြထားသည့် လုပ်ငန်းသုံးခုဖြစ်ကြောင်း သိရသည်။
 
အလားတူ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးပြီးနောက် ကြယ်ပွင့်မပြစာဖြင့် မေးသောမေးခွန်း ၂၆၃ ခုထပ်မံရရှိခဲ့ပြီး ၅၆ ခုမှာ ကတိဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 
ကတိစာရင်းမှပယ်ဖျက်ပေးရန် တင်ပြထားသည့်လုပ်ငန်း  ၈၄ ခုမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ တစ်ခု၊ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ လေးခု၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တစ်ခု၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှနှစ်ခု၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ၁၈ ခု၊ 
ပို့ဆောင်ရေးဝန်ကြီးဌာနမှတစ်ခု၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ နှစ်ခု၊ ပညာရေးဝန်ကြီးဌာနမှ ၁၁ ခု၊ ကျန်းမာရေးဝန်ကြီးဌာနမှ ခုနစ်ခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  ၂၃ ခု စုစုပေါင်း ၇၀ ခုတို့ဖြစ်ကြောင်း သိရသည်။ ထို့အတူ ကျန်ရှိသည့် ကတိစာရင်းမှ ပယ်ဖျက်ပေးရန် လုပ်ငန်း  ၁၄ ခု အစိုးရအဖွဲ့ ရုံးလက်အောက်ခံအဖြစ် တိုင်းဒေသကြီး ငါးခုနှင့် ပြည်နယ်လေးခုတို့ရှိ လုပ်ငန်းများဖြစ်ကြောင်း သိရသည်။        

Most Read

Most Recent