ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်မည့် ဧရိယာအတွင်း ပါဝင်သော ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ လယ်မြေဧက ၁၅၀၀ ကျော်အား ယခုနှစ်တွင် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်းမရှိဟု ဆို

ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်မည့် ဧရိယာအတွင်း ပါဝင်သော ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ လယ်မြေဧက ၁၅၀၀ ကျော်အား ယခုနှစ်တွင် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်းမရှိဟု ဆို
Published 16 November 2015
ကျော်ထင်

ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်မည့် ဧရိယာအတွင်း ပါဝင်သော ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ လယ်မြေဧက ၁၅၀၀ ကျော်အား ယခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း မရှိကြောင်း ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဝါးရုံဆိပ်ကျေးရွာမှ လယ်သမားအချို့ထံမှ သိရသည်။
အဆိုပါ လယ်မြေအချို့အား ပြီးခဲ့သည့် နှစ်အထိ စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် ထုတ်ပေးခဲ့ပြီး ယခုနှစ် စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးသည့် ဇူလိုင်၊ သြဂုတ်လများတွင် ထုတ်ပေးခြင်းမရှိ ခဲ့ကြောင်း သိရသည်။
ယင်းသို့ စိုက်ပျိုးစရိတ် မရရှိသည့် လယ်မြေဧက စုစုပေါင်း ၁၅၁၄ ဧကရှိပြီး ယင်း လယ်မြေများမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဝါရုံဆိပ်ကျေးရွာရှိ လယ်မြေများ ဖြစ်ကြောင်း သိရသည်။ ထိုသို့ စိုက်ပျိုးစရိတ် ထုတ်ချေးခြင်း မပြုတော့ခြင်းမှာ ယင်းလယ်မြေများမှာ ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာ အတွင်းပါဝင်သည့် အတွက်ဖြစ်ကြောင်း သက်ဆိုင်ရာက ပြောကြားခဲ့သည်ဟု ဝါးရုံဆိပ်ကျေးရွာမှ လယ်သမား ဦးမောင်ကြီးက ပြောကြားသည်။
“ပုံမှန်ဆိုရင် ဇူလိုင်၊ သြဂုတ်လလောက်  စိုက်ပျိုးစရိတ် ချေးငွေချပေးတယ်။ ဒီနှစ်တော့ ထုတ်ချေးပေးတာ မရှိဘူး။ ဘာကြောင့်လဲလို့ဆိုတော့ ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာထဲမှာ ပါတဲ့အတွက်ကြောင့်လို့ တွံတေး မြို့နယ် လယ်စိုက်ဘဏ်က ပြောတယ်။ ဦးတို့ မိသားစုပိုင်ဆိုရင် လယ်ဧက ၃၅ ဧကလောက် ရှိတယ်။ စိုက်ပျိုးစရိတ်မရတော့ မိသားစု အမျိုးတွေထဲက ပိုက်ဆံချေးပြီး စိုက်ထုတ်သုံးရတယ်။ စပါးပေါ်မှ ပြန်ပေးရတာ ပေါ့”ဟု ဦးမောင်ကြီးက ပြောကြားသည်။
ထိုသို့ စိုက်ပျိုးစရိတ် မရခြင်းကြောင့် လယ်သမားအများစု ကျပ်တည်းနေပြီး လယ်သမား အချင်းချင်းထံမှ အတိုးဖြင့် ငွေချေးယူကာ စိုက်စရိတ် အသုံးပြုနေရသည် ဟု သိရသည်။
“ဦးတို့ကတော့ အမျိုးတွေဆီက ငွေလှည့်ချေးတော့ အဆင်ပြေတယ်။ သူများတွေတော့ အဆင်မပြေကြဘူး။ အတိုးနဲ့ငွေချေးရတော့ အတိုးများတယ်။ အစိုးရက ချေးတုန်းကတော့ အတိုးနှုန်း ၈၈ ပြားလောက် ပဲပေးရတာပေါ့။ အခု တန်ဆောင်တိုင်ဆိုရင် စပါးပေါ်တော့မယ်။ အခုအချိန်မှ ထုတ်ချေးပေးရင်တောင် စပါးရိတ်တဲ့ စရိတ်တော့ ရမှာပါ။ ဒါပေမဲ့ ထုတ်ပေးဖို့ အစီအစဉ် မရှိလောက်ဘူးထင်တယ်”ဟု ဦးမောင်ကြီးက ဆက်လက် ပြောကြားသည်။
ထို့ပြင် အဆိုပါ လယ်မြေများအတွက် လယ်မြေ ပိုင်ဆိုင်ကြောင်း ပုံစံ(၇) ပြေစာကို ယခင်နှစ်များက ပြေစာများ ထုတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် ထုတ်ပေးခဲ့ခြင်း မရှိကြောင်း၊ သို့ဖြစ်၍ အချို့လယ်များကို လယ် သမားအချင်းချင်း လက်လွှဲရောင်းချခဲ့ကြပြီး ရောင်းခဲ့ရသူများက ဝယ်ယူခဲ့သူထံတွင် သီးစားချထားသည့် စနစ်ဖြင့် ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြောင်း လယ်သမားအချို့ထံမှ သိရသည်။
ယင်းသို့ စိုက်ပျိုးစရိတ် မရရှိသည့် ကိစ္စအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ တင်ပြထားကြောင်းလည်း ဝါးရုံဆိပ်ကျေးရွာမှ ဦးတင်စိန်က ပြောကြားသည်။
ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်မည့် ဧရိယာအတွင်း ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးစသည့်နေရာများ ပါဝင်သော်လည်း ယခုစိုက်ပျိုးစရိတ် ထုတ်ချေးပေးမှုမရှိခြင်းမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဝါးရုံဆိပ်ကျေးရွာတွင်သာဖြစ်ပြီး တွံတေးမြို့နယ်တွင်မူ ယင်းသို့မရှိကြောင်း သိရသည်။
ထို့သို့ ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့်အတွက် စိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်း မပြုသည့်အတွက် ရန်ကုန်မြို့သစ် စီမံကိန်းကို အမြန်အကောင် အထည် ဖော်စေလိုကြောင်းနှင့် ၎င်းတို့အနေဖြင့် အစိုးရ အပြောင်းအလဲကြောင့် မြို့သစ်စီမံကိန်း ဖော်ဆောင်မှု ပျက်ပြယ်သွားမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ဆိုသည်။

Most Read

Most Recent