တည်ငြိမ် အေးချမ်းသည့် ဒီမိုကရေစီ နိုင်ငံသစ်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးကို အခြေအနေ အရပ်ရပ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြင်နိုင်ရေး ဆောင်ရွက်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ပြောကြား

တည်ငြိမ် အေးချမ်းသည့် ဒီမိုကရေစီ နိုင်ငံသစ်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးကို အခြေအနေ အရပ်ရပ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြင်နိုင်ရေး ဆောင်ရွက်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ပြောကြား
Published 15 November 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီ နိုင်ငံသစ်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေအနေ အရပ်ရပ်နှင့် လိုက်လျောညီထွေ ဖြစ်အောင်ပြင်နိုင်ရေး ဆက်လက် ဆောင်ရွက်မည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေးက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ဦးသန်းဌေးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး ပါတီမူဝါဒများ ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးသန်းဌေးက “တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေး ဆောင်ရွက်ရမည့် ပြည်တွင်း ငြိမ်းချမ်းရေးကို ထာဝရ ငြိမ်းချမ်းသည်အထိ အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားပါမည်။ တိုင်းရင်းသား အားလုံး တန်းတူ အခွင့်အရေးရရှိပြီး ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ထူထောင် တည်ဆောက်ရေးအတွက် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီတူ အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ကို အာမခံချက် ပေးနိုင်သည့် တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီ နိုင်ငံသစ်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေးကိုလည်း အခြေအနေအရပ်ရပ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားပါမည်။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံဟာ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ  အစိုးရအုပ်ချုပ်ရေးစနစ်အသွင်မှ ပြည်သူ့ အုပ်ချုပ်ရေးစနစ် အဖြစ်သို့ ပီပြင် ထိရောက်အောင် ပြောင်းလဲရေးအတွက် ပြည်သူများနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်”ဟု ပြောကြားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယနေ့ရရှိပြီး နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ ဖော်ဆောင်မှု အရှိန်အဟုန်များကို ယခုထက် ပိုမိုမြှင့်တင်ပြီး အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများ၏ လိုအင်ဆန္ဒနဲ့ လိုအပ်ချက်များကို  အဓိက ဦးတည် ဖြည့်ဆည်းပေးမည့်ပါတီ၏ မျှော်မှန်းချက်နှင့်အညီ တိုင်းရင်းသား ပြည်သူလူထု၏ လိုအင်ဆန္ဒဖြစ်သော အေးချမ်းတည်ငြိမ်စွာ နေလိုမှု၊ ဒီမိုကရေစီ အပြောင်းအလဲ ရယူလိုမှုတို့ကို ဖြည့်ဆည်းပေးရန် ရည်ရွယ်လျက် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးနှင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးကို ဆက်လက်ဖော်ဆောင်သွားမည်ဟု ဦးသန်းဌေးက ဆိုသည်။
ထို့ပြင် ပြည်သူဗဟိုပြု တိုးတက်ရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဦးဆောင် ပါဝင်ဆောင်ရွက်ရေးကိုလည်း တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါအချက်များသည် မိမိတို့ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက တိုင်းပြည်ကို ကြေညာထားသည့် ပါတီက ဆောင်ရွက်မည့် လမ်းစဉ် ဖြစ်ကြောင်းလည်း ဦးသန်းဌေးက ပြောကြားသည်။

Most Read

Most Recent