လက်ရှိ ရှမ်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် SSPP/SSAA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းရေး ဆောင်ရွက်ပေးရန်နှင့် စစ်ဘေးဒုက္ခသည်များအား ကူညီပေးရန် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့၌ နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ တွေ့ဆုံစဉ် ရှမ်းပါတီနှစ်ခုက နိုင်ငံတော် သမ္မတထံသို့ တောင်းဆိုခဲ့ သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNLD) တို့မှ ခေါင်းဆောင်များကလည်း နိုင်ငံတော်သမ္မတအနေဖြင့် လက်ရှိ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်စေရေး ဆောင်ရွက်ပေးရန် တင်ပြဆွေးနွေး ခဲ့သည်။
SNLD ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းစောအောင်က “ဒီနေ့ သမ္မတနဲ့ တွေ့ဆုံပွဲမှာ လက်ရှိ ဖြစ်ပေါ် တိုးတက်နေတဲ့ နိုင်ငံတော်ရဲ့ အခြေအနေထဲမှာ အရေးကြီးတယ်လို့ ယူဆတဲ့အချက်ကို ကျွန်တော် ထောက်ခံ ဆွေးနွေးလိုပါတယ်။ အဲဒီအချက်ကတော့ NCA လို့ခေါ်တဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်မှာ အခု အဖွဲ့ရှစ်ဖွဲ့ သမ္မတကြီးလည်း ပြောသွားပါတယ်။ လက်မှတ်ထိုးထားတယ်။ ဒါပေမဲ့ တချို့အဖွဲ့တွေက မထိုးသေးပါဘူး။ ဒီအဖွဲ့ရှစ်ဖွဲ့ ထိုးနိုင်ဖို့ဟာလည်း ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တာ လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ နိုင်ငံတော် အစိုးရကနေပြီးတော့ အချိန်များစွာ အစည်းအဝေး ပေါင်းများစွာ နေရာဒေသ အသီးသီးမှာ ကြိုးပမ်း ဆောင်ရွက်ခဲ့လို့သာလျင် ယခုလို ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး နိုင်ခဲ့တယ်ဆိုတာ သဘောပေါက်ပါတယ်။ အဲလိုပဲ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့နဲ့ ငြိမ်းချမ်းရေး လက်မှတ် မထိုးပြီးတဲ့ အဖွဲ့ကို ပြန်လည်ပြီးတော့ ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေး မထိုးသေးတဲ့ အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း SNDP အဖွဲ့ကို အခု ထိုးစစ်ဆင်နေတာကို ကြားသိနေရပါတယ်။ အဲဒါကြောင့်မို့လို့ အဲဒီနယ်မှာရှိတဲ့ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။ ဒီအချိန်မှာ ရွာသူရွာသားများဟာ လယ်သိမ်းချိန်လည်း ဖြစ်ပါတယ်။ ဒီအချိန်ကျမှ မိမိအိမ်ကနေ ထွက်ပြေးရတဲ့ အတွက်ကြောင့် လယ်သိမ်းလို့ မရတဲ့ အတွက်ကြောင့် စိတ်ပူပန်သောက ရောက်နေပါတယ်။ အဲဒါကြောင့်မို့လို့ အခုထိုးစစ်ဆင်တာကို ရပ်ပြီး အဲဒီ နယ်သူနယ်သားများကို အိမ်ပြန်နိုင်အောင် သမ္မတကြီးက တစ်ဆင့် အပစ်ရပ်စဲပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုပြီးတော့ မေတ္တာရပ်ခံလိုပါတယ်။ အဲဒါ ဆောင်ရွက် ပေးစေ လိုပါတယ်”ဟု ပြောကြားသည်။
SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း “အခု ကျွန်တော်တို့ ရှမ်းပြည်နယ် အလယ်ပိုင်းမှာ စစ်ပွဲ တွေဖြစ်နေတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကျေးသီး၊ မိုင်းရှူး၊ လဲချား၊ ပင်လုံ၊ တောင်ကြီးအထိ ရောက်လာ ပါတယ်။ အဲဒီတော့ ဒုက္ခသည်တွေ ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ဖြစ်လာတော့မှာ။ နိုင်ငံတော် အနေနဲ့ ဒီဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက်လည်း ကူညီပေးပါ”ဟု တင်ပြ တောင်းဆိုခဲ့သည်။
အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်တို့အကြား အောက်တိုဘာ လဆန်းမှ စတင်ကာ တိုက်ပွဲများ အပြင်းအထန် ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ နှစ်ဖက်တပ်သား အများအပြား သေဆုံးခဲ့ပြီး ဒေသခံ ထောင်ပေါင်းများစွာ စစ်ဘေး ရှောင်နေကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်းသိရသည်။
နိုင်ငံရေးပါတီများ၏ တင်ပြဆွေးနွေးမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတအနေဖြင့် အသေးစိတ် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘဲ နိုင်ငံတော်သမ္မတက “အခု ဆွေးနွေး တင်ပြချက်တွေထဲကနေပြီးတော့ တချို့အချက်တွေဟာ ကျန်ရှိတဲ့ ကျွန်တော်တို့အစိုးရရဲ့ သက်တမ်းကာလအတွင်းမှာ ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေ။ ဆောင်ရွက်ပေးသင့်တဲ့ ကိစ္စတွေလည်း ပါပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးနိုင်တာတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ကျန်တဲ့ ကိစ္စတွေကတော့ ရေရှည်ဆက်ပြီးတော့ ဆောင်ရွက်သွားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ရေရှည်ဆက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အခု တက်ရောက်လာကြတဲ့ ပါတီ ခေါင်းဆောင်များနဲ့အတူ အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ပြောကြားသည်။
လက်ရှိ ရှမ်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် SSPP/SSAA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းရေး ဆောင်ရွက်ပေးရန်နှင့် စစ်ဘေးဒုက္ခသည်များအား ကူညီပေးရန် သမ္မတထံသို့ ရှမ်းပါတီနှစ်ခု တောင်းဆို















