NLD ပါတီ အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး မူဝါဒကို ကိုင်စွဲပြီး ရှေ့လုပ်ငန်းများ ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံပွဲတွင် ကတိပြု

NLD ပါတီ အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး မူဝါဒကို ကိုင်စွဲပြီး ရှေ့လုပ်ငန်းများ ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံပွဲတွင် ကတိပြု
Published 15 November 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးရာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်က ပါတီ၏ မူဝါဒဖြစ်သည့် အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လက်ကိုင်စွဲပြီး ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းများကို ငြိမ်းချမ်းသည့်နည်းဖြင့် လုပ်ဆောင်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ ပိုမိုတည်ငြိမ်အေးချမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလုံး အတူတူ လက်တွဲပြီး ပိုမိုကြိုးစား ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့ရာ နိုင်ငံတော်သမ္မတ ပြောကြားသည့် အားလုံး ပူးဆောင်ရွက်ရန် လိုသည်ဆိုသည့် ကိစ္စကို အလေးအနက် ထောက်ခံသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “အခုလို တိုင်းပြည်အတွက် အရေးပါတဲ့ အချိန်မှာလည်း အသွင်ကူးပြောင်းရေး ငြင်သာချောမွေ့စေရေးအတွက် နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံရခြင်း ဖြစ်ပါတယ်။ အခုဆိုရင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ချီးကျူးဂုဏ်ပြုနေတာတွေ အများအပြားရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော် ကတိပြု ပြောကြားခဲ့တဲ့အတိုင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲများကို ကျွန်တော်တို့ အုပ်ချုပ်ရေး ကဏ္ဍကနေ ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ အခု အဲဒီ ကတိအတိုင်းပဲ ဆောင်ရွက်ပြီးသွားလို့ ပြီးပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲများကို လွတ်လပ်စွာ ကျင်းပနိုင်ခြင်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်အောင်မြင်မြင်နဲ့ ရှေ့ကို ဆက်သွားနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အဖွင့်နှုတ်ဆက်စကား ပြောကြားမှု အပြီးတွင် နိုင်ငံရေးပါတီ အသီးသီးက ၎င်းတို့ပါတီ၏ မူဝါဒများ၊ သဘောထားများအား ဆွေးနွေး ပြောကြားရာ NLD ပါတီ ကိုယ်စားလှယ် ဦးဉာဏ်ဝင်းက “ကျွန်တော်တို့ အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကျွန်တော်တို့ အခု အခြေအနေမှာ ကျွန်တော်တို့ ပြောချင်တဲ့ စကားတစ်ခု ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ ၁၉၈၈ ခုနှစ် ပါတီစပြီး ဖွဲ့စည်းကတည်းက ဒီနေ့အထိ ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ကျွန်တော်တို့ မူဝါဒ ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ အမျိုးသား ရင်ကြားစေ့ရေးပါ။ ကျွန်တော်တို့ ဒီဝါဒကို ယနေ့အထိ ကျွန်တော်တို့ ကိုင်စွဲတယ်။ ရှေ့ဆက်ပြီး လုပ်ရမယ့် လုပ်ငန်းများမှာလည်း ဒီမူဝါဒကို ကိုင်စွဲပြီးတော့ ကျွန်တော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်သွားမယ် ဆိုတာကို ကတိပေးရင်း နိဂုံးချုပ်ပါတယ်” ဟု ပြောကြားသည်။NLD ပါတီသည် ရွေးကောက်ပွဲတွင် နေရာများစွာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း တရားဝင် အတည်ပြု ထုတ်ပြန်ပေးပြီးဖြစ်ရာ NLD ပါတီသည် အစိုးရသစ် ဖွဲ့နိုင်ပြီဖြစ်သည်။ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ကျွန်တော့်အနေနဲ့ကတော့ ရွေးကောက်ပွဲမတိုင်မီ ကတည်းက ကျွန်တော့် ရေဒီယိုမိန့်ခွန်းမှာ ကတိပြု ပြောကြားခဲ့တဲ့အတိုင်းပဲ ရွေးကောက်ပွဲ ရလဒ်များဟာ ပြည်သူများရဲ့ ဆန္ဒကို ထင်ဟပ်တယ်လို့ အလေးအနက် ယုံကြည်ပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ နောက်မှာတော့ အသွင်ကူးပြောင်းရေးမှာ ချောချောမွေ့မွေ့ဖြစ်ဖို့ လိုပါတယ်။ တိုင်းပြည်အနေနဲ့ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို တက်လှမ်းပြီးလာမယ့် အနာဂတ် ရွေးကောက်ပွဲတွေဟာ ပိုမိုစနစ်ကျလာမယ်။ ဒီမိုကရေစီ စံနှုန်းတွေ မြင့်မားလာရမယ်ဆိုတဲ့ ဦးတည်ချက်များအတွက် ဒီကနေ့ ကျွန်တော်တို့ နိုင်ငံရေး အင်အားစုများ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီလို အရေးပါတဲ့ အခိုက်အတန့်မှာ ကျွန်တော်တို့ အားလုံးရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ အမြော်အမြင်ကြီးမှုများက အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent